ငွေရ ပေါက် ကြံပြန်ပြီ

by Hla Soewai - Oct 10 2024

တိုင်းပြည် အုပ်ချုပ် နိုင်ရေး တွင် နိုင်ငံသား များ အပေါ် အကြမ်းဖက် မှ ရမည် ဆိုသော မူ ကို မဖြစ်မနေ လက်ကိုင်ထား ကျင့်သုံးနေရသည့် စစ်ခေါင်းဆောင်များ အဖို့ နိုင်ငံတကာ၏ အသိအမှတ် ပြု ခံရဖို့ တဖြေးဖြေး ဝေးကွာလာနေပြီး စီးပွားရေးသည် ရသမျှ ပြည်ပသို့ တင်ပို့ ရောင်းချ နေခြင်းဖြင့် နိုင်ငံခြားငွေ ချစ်ခြုပ် စုဆောင်း နေရသည့် အနေအထား ရောက်နေသည်။

 

ယခုအခါ စစ်ကောင်စီသည် BRICS ဟု ခေါ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက နိုင်ငံများ ပါဝင် ဖွဲ့စည်းထားသည့် အဖွဲ့ကြီး အတွင်းသို့ ဝင်ရောက်ခွင့် ရရေး ကြိုးပမ်းလာသည်။ ထို့အတွက် ပြန်ကြားရေး ဝန်ကြီး ဆိုသူ မောင်မောင်အုန်း အား မော်စကို စေလွှတ်ခဲ့သည်။

 

စစ်ကောင်စီသည် နိုင်ငံတကာ အလယ် တွင် ဝင်ဆန့် နိုင်ရေး ထက် အဖွဲ့ဝင် ဖြစ်သွားမည် ဆိုက ထိုအဖွဲ့ကြီး ထံမှ ဖွံ့ဖြိုး မှု ရံပုံငွေများ ရရှိလာမည် ကို မျှော်လင့် နေသောကြောင့်လည်း ဖြစ်သည်။

 

တင်းပြည့်ကျပ်ပြေ့ အဖွဲ့ဝင် ဖြစ်မှသာ ထိုသို့ ရနိုင်မည် ဖြစ်ပြီး၊ လက်ရှိတွင် လေ့လာသူ အဆင့် ရဖို့ ပင် မလွယ်အောင် ဖြစ်နေသည်။

 

ရုရှားသည် အမေရိကန် အား မနှစ်မြို့သည့် နိုင်ငံများ အားလုံး ပါဝင်စေလိုသည်၊ သို့သော် မြန်မာ ကဲ့သို့ နာမည်ပျက် ရှိနေသည့် နိုင်ငံ မျိုး ကို ထည့်သွင်း မည် ဆိုလျှင် နောက်ထပ် နိုင်ငံများ ဝင်လာဖို့ လက်တွန့်သွားနိုင်သည်။ လက်ရှိတွင် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီ အာရေးဗီယား နှင့် ယူအေအီး တို့ ပါဝင်လာကြပြီ ဖြစ်သည်။

 

ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ် တို့ ပါဝင်ရန် စိတ်ဝင်တစား ရှိနေကြသည်။ မြောက်ကိုရီယား လည်း ဝင်ချင်နေသည်ဟု သိရသည်။

 

မြန်မာသည် ၎င်းတို့ လိုအပ်နေသော ငွေကြေးများ ရလာသည့်တိုင် ကသောင်းကနင်း ဖြစ်နေသော စီးပွားရေး ကို မည်သို့မျှ ပြန်၍ နာလန် ထူအောင်လုပ်နိုင်ဖို့ နောက်ကျ သွားပြီ ဖြစ်သည့် အပြင် ထိုအချိန်လောက်တွင် ၎င်းတို့ အာဏာ ဆုပ်ကိုင်ထားနိုင်မှု သည်လည်း ပျက်ယွင်း သွားနိုင်ဖွယ် ရှိသည် ဟု ဩစတေးလျှ တောင်ပိုင်း တက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာန ကထိက အဒမ် ဆင်ဆမ် က ပြောသည်။

 

တရုတ်သည် မြန်မာအား လက်ရှိတွင် စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း လေ့လာသူ အဆင့်အတန်း ပေးရန် စိတ်မပါ လက်မပါ နှင့် သဘောတူ ကောင်း တူ နိုင် သည်ဟု ဝါရှင်တန် နေရှင်နယ် စစ်ကောလိပ်မှ ပါမောက္ခ ဇာခါရီ အဘူဇာက ပြောသည် အစရှိသဖြင့် ဟောင်ကောင် သတင်းစာ South China Morning Post မှ စစ်ခေါင်းဆောင်၏ ကယောင်ကတမ်း ကြိုးပမ်းမှု ခေါင်းစဉ် ဖြင့် ရေးသားထားသည်။

 

တရုတ်သည် ၎င်းတို့ အကျိုးစီးပွား များ အန္တရာယ်ကျရောက် မလာရန် နှင့် ရှေ့လျောက် ဆက်၍ အမြတ်ထုတ် နိုင်ရန် စစ်ကောင်စီ သည်သာ စိတ်အချရဆုံး safe bet ဟု ဆုံးဖြတ်လိုက်ပြီး "ငြိမ်းချမ်းရေး" စကား တွင်တွင် ပြောကာ ပြောင်ပြောင်တင်းတင်း စွက်ဖက်လာသည့် အဆင့် ရောက်လာခဲ့သည်။

 

မြန်မာ စစ်ခေါင်းဆောင်များသည်လည်း တရုတ် ဩဇာခံ များ ဘဝ ရောက်ချင်းမလှ ရောက်သွားခဲ့ရပြီ ဖြစ်သည်။

 

မြန်မာ အား ဆန့်ကျင်နေက တရုတ်ဖက်သို့ တွန်းပို့ လိုက်သလို ဖြစ်သွားမည်ကို စိုးရွံနေ၍ ဖြစ်နိုင်သမျှ ကြားနေဖို့ ကြိုးစားနေသော‌ အိန္ဒိယ နှင့် ဂျပန် တို့သည်လည်း ၎င်းတို့ ၏ အနေအထားကို မဖြစ်မနေ ပြန်လည် သုံးသပ်ရဖို့ ဖြစ်လာခဲ့သည်။

 

အိန္ဒိယ သည် ပထမဆုံး အကြိမ်အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တော်လှန်ရေး အဖွဲ့များကို နယူး‌ဒေလီ သို့ ဖိုရမ် တက်ရန် ဖိတ်ကြားလာခဲ့သည်။

 

ဂျပန်သည်လည်း သံအမတ်အသစ် ထပ်မံ့ခန့်အပ်ခြင်း မပြုတော့ဘဲ သံတမန် ဆက်ဆံရေး အဆင့် လျော့ချလာခဲ့သည်။

 

ဂျပန်သည် မြန်မာ ထံမှ အများဆုံး ဝယ်ယူနေသော နိုင်ငံ စာရင်းတွင် ၂၀၂၃-၂၄ နှစ်နှစ် ဆက်တိုက် ထိပ်ဆုံး မှ ဖြစ်လာနေသည်။

 

သို့သော် စစ်ကောင်စီသည် ထိုမျှနှင့် အားမရနိုင်ဘဲ၊ဂျပန် အား ဖွံ့ဖြိုးရေး အကူအညီများ ပြန်ပေးရန် ပင် နှုတ်မှ ဖွင့်ဟ၍ တောင်းဆိုလာသည်။

 

သို့သော်လည်း မြန်မာ ပြည်တွင်းစစ်သည် အဆုံးသတ်မည့် အလားအလာ မရှိဟု ယူဆလာသဖြင့် သီလဝါ စီးပွားရေး ဇုံအတွင်း မီးခိုး တိတ်လာသည့် ဂျပန် စက်ရုံများ အများအပြား ဖြစ်လာနေသည် ဟု နီကီ အေးရှား ရီဗြူးတွင် ရေးသားထားသည်။

 

ယခုအခါ မင်းအောင်လှိုင်သည် ဝတ်ကျေတန်းကျေ ငြိမ်းချမ်းရေး စကား ဆိုပြီးနောက် သူ့တာဝန် ကုန်ပြီ ဆိုကာ နောက်ဆုံး ထွက်သက်ကို ညှစ်ထုတ်သည့် အနေဖြင့် လေကြောင်းမှ ယခုထက် ပို၍ တိုက်ခိုက်လာမည့် အရေး ကို ကာကွယ်ရန် တော်လှန်ရေး အဖွဲ့များ ပြင်ဆင်ထားရတော့မည် ဖြစ်သည်။

 

အကြမ်းဖက် စစ်တပ်သည် သိက္ခာပြန် ဆယ် နိုင်ရန်လားရှိုး နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကို မရမနေ ပြန်တိုက်ယူရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်၍ ရှမ်းမြောက် ဒေသတွင် အပစ်အခတ် ရပ်စဲရေးသည် မည်သို့မျှ ကြာရှည် ခံမည် မဟုတ်ဟု တရုတ် ရေးရာ ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော မှ ဧရာဝတီ နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

နယူးယောက်တွင် ရောက်ရှိနေသော မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မှ လာမည့် နှစ် အာဆီယံ ဥက္ကဌ အဖြစ် တာဝန်ယူရချိန်တွင် မင်းအောင်လှိုင်၏ အရှုပ်ထုတ်ကြီး ခေါင်းပေါ် ရောက်မလာစေရန် ကုလ အတွင်းရေးမှုး ချုပ် နှင့် သီးခြား တွေဆုံပြီး မြန်မာ နှင့် ပါလက်စတိုင်း အရေးအား မြန်မြန်သွက်သွက် နှင့် ထိထိရောက်ရောက် ‌ဖြေရှင်းပေးရန် တောင်းဆိုသွားခဲ့သည်ဟု မလေးရှား သတင်းစာများ တွင် ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!