ဟစ်ဘိုလာ ခေါင်းဆောင်အား အစ္စရေး လုပ်ကြံမှု အောင်မြင်သွားပြီ

by Hla Soewai - Sep 30 2024

တိတ်ဆိတ်မှု ၏ အသံသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဆူညံသွားခဲ့သည်။ အစ္စရေး တို့ လက်ဘနွန် ရှိ ရှီးယိုက် ခေါင်းဆောင် ဟာဆန် နာရာလာ အား လုပ်ကြံရန် ကြိုးစားခဲ့ပြီး ၂၄ နာရီ အကြာ စက်တင်ဘာ ၂၈ နေ့လည်ပိုင်း တွင်တော့ ၎င်းသေဆုံးသွားပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်မှ အတည်ပြုလာခဲ့သည်။

 

သို့သော် ဟစ်ဘိုလာ တို့ဖက်မှ ၎င်း၏ ကံကြမ္မာ နှင့် ပတ်သက်၍ ၎င်း၊ ဘေရွတ် တောင်ပိုင်း မြို့စွန် ရပ်ကွက် တနေရာ ရှိ ဌာနချုပ်တွင် ပြင်းထန်စွာ ထွက်‌ ပေါ်လာသော ပေါက်ကွဲမှု ကြီး နှင့် စပ်လျှင်း၍ ၎င်း ဘာသံမှ ထွက်မလာပဲ ဖြစ်နေသည်။ ၎င်းတို့၏ လက်ဝေခံ မီဒီယာ များလည်း တိတ်ဆိတ် နေခဲ့သည်။

 

နောက်ဆုံး နေ့လည် ၂:၃၀ ခန့်တွင်တော့ ဟာဆန် နာရာလား သေဆုံးသွားပြီ ဖြစ်ကြောင်း ဟစ်ဘိုလာ ဖက်မှ အတည်ပြု လာခဲ့သည်။

 

ထို့နောက်တွင်တော့ အစ္စရေး ဂျက်တိုက်လေယာဉ် များ သည် လက်ဘနွန် တဝှမ်း ဗုံးကြဲ တိုက်ခိုက်လာခဲ့ကြသည်။ အစ္စရေး တို့ဖက် မှ ဟစ်ဘိုလာ တို့ ပြန်လည် စုစည်း မလာခင် အချိန်လု၍ ၎င်းတို့၏ ဒုံးကျည် သိုလှောင်ရာ နေရာများ၊ မြေထဲပင်လယ်ထံရှိ အစ္စရေး ၏ သဘာဝ ဓါတ်ငွေ့ ထုတ်လုပ်ရာ ပလက်ဖေါင်း များ အား ပစ်ခတ် နိုင်စွမ်း ရှိနေသည့် သင်္ဘောဖျက် ဒုံးကျည်များ အား ဖျက်ဆီးပစ်ရန် ရည်ရွယ် တိုက်ခိုက်လာခြင်း ပင် ဖြစ်သည်။

 

ဟာဆန် နာရာလာ သေဆုံးပြီး နောက်တနေ့ မနက်မှာပင် အစ္စရေး မြောက်ပိုင်းသို့ ဒုံးကျည် ဒါဇင်ပေါင်းများစွာ ပစ်လွှတ် ခဲ့ကြသည်။ သို့သော် ယခင်ကထက် ပို၍ မည်သို့မျှ ထူးခြားမလာခဲ့။

 

ဟစ်ဘိုလာ အဖွဲ့သည် ယခုအခါ ဖရိုဖရဲ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသော ခေါင်းဆောင်ပိုင်းသည်လည်း မည်သို့ လက်တုံ့ပြန်ရမည် ကို မစဉ်းစားတတ်အောင် ဖြစ်လာနေသည်။ သို့သော် ဟာဆန် နာရာလာ သေဆုံးသွားခဲ့မှု သည် လက်ဘနွန် နှင့် ဒေသအတွင်း အနာဂတ်ကို ပြန်လည် ပုံဖေါ်လာတော့မည်ကား သေချာနေပြီ ဖြစ်သည်။

 

ယမန်နှစ် အောက်တိုဘာ ၈ ရက်နေ့မှစပြီး ဟာမားစ် တို့ နှင့် စည်းလုံးညီညွတ်စွာ ရပ်တည်နေကြောင်း ပြသသည့် အနေဖြင့် အစ္စရေး မြောက်ပိုင်းသို့ ဒုံးကျည် များ နှင့် စတင် ပစ်ခတ်လာခဲ့သည်။ ဟာဆန် နာရာလာသည် ထို အတိုင်းအတာ လောက် အထိသာ အစ္စရေး နှင့် စစ်ပွဲကို ကန့်သတ်ထားလိုခဲ့သည်။ သို့သော် ဇူလိုင် ၂၇ ရက်နေ့တွင် အခြေအနေများက တမျိုးတဖုံ ပြောင်းလဲသွားခဲ့သည်။

 

အစ္စရေး စစ်စခန်းတခု အား ချိန်ရွယ် ပစ်ခတ်လိုက်သော ဒုံးကျည် တစင်းသည် ပစ်မှတ်ကို ကျော်လွန်ပြီး အနီးအနားရှိ ဘော်လုံးကွင်း တကွင်း ထဲ ကျရောက် ပေါက်ကွဲသွားသဖြင့် ကလေးသူငယ် ၁၂ ဦး ထိမှန် သေဆုံးသွားခဲ့သည်။

 

ထို အချိန်တွင် အစ္စရေး တို့သည် ဂါဇာရှိ စစ်ဆင်ရေး များကို အရှိန် သတ် လာနေချိန်လည်း ဖြစ်သည်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာသန်ရာအူးသည် ဟစ်ဘိုလာ တို့ လုပ်ရပ်အား အခွင့်ကောင်းအဖြစ် ချက်ခြင်းလို အသုံးချကာ လက်ဘနွန်သို့ မျှားဦး လှည့်လာခဲ့သည်။ နောက်ပိုင်း သုံးရက် အကြာတွင် ဟစ်ဘိုလာ စစ်ဦးစီးချုပ်အား လုပ်ကြံ သတ်ဖြတ်ပြီး လက်တုံ့ပြန်လာခဲ့သည်။ ဟစ်ဘိုလာ ပစ်မှတ် များကို ယခင်လို မဟုတ်တော့ပဲ ဆက်တိုက်ဆိုသလို ပစ်ခတ် တိုက်ခိုက်လာပြီး နောက်ဆုံးတွင် ၎င်းတို့ သုံးနေသည့် ပေဂျာ များအား အဝေးထိန်း စနစ် ဖြင့် ဖောက်ခွဲပစ်သည် အထိ ဖြစ်လာခဲ့သည်။

 

အစ္စရေး စစ်တပ်သည် ဟစ်ဘိုလာ ခေါင်းဆောင်အား လုပ်ကြံရန် နှစ်ရက်ခန့် အချိန်ယူ ပြင်ဆင်ခဲ့သည်။ ဟာဆန် နာရာလာသည် ဌာနချုပ် ဖွင့်ထားသော အဆောက်အဦး သို့ အစည်းအဝေး တက်ရန် ရောက်လာတော့မည်ဟု သတင်းအတိအကျ ရလာချိန်တွင်တော့ အဆိုပါ လုပ်ကြံမှု ကြီးအား အစ္စရေး ကက်ဘိနက် မှ အတည်ပြုပေးခဲ့သည်။ ဤသို့ဖြင့် အစ္စရေး တို့ ၁၈ နှစ်မျှ အပတ်တကုပ် ကြိုးစားလာခဲ့မှု သည် အောင်မြင်သွားခဲ့ရပေတော့သည်။

 

ဟစ်ဘိုလာ တို့သည်လည်း ၎င်းတို့၏ နှစ်ပေါင်း လေးဆယ် သမိုင်းတလျောက် အဆိုးရွားဆုံး အခြေအနေ နှင့် ရင်ဆိုင်လာခဲ့ရပြီ ဖြစ်သည်။ ယခုအခါ ဟစ်ဘိုလာ စစ်ကဲကြီးများ အားလုံးနီးနီး သုတ်သင်ခံခဲ့ရယုံမက လက်ဘနွန် လူထု ရှေ့မှောက်တွင် အရှက်တကွဲ အဖြစ်နှင့် ကြုံလာရသည်။ ၎င်းတို့ လက်ဘနွန် နိုင်ငံတွင် ဘုရားသခင် ၏ အဖွဲ့ Party of God ဟု အမည် ပေးထားသည့် ဟစ်ဘိုလာ တို့ ခေါင်းတထောင်ထောင် နှင့် ဗိုလ်ကျ စိုးမိုးနေမှု အား လက်ဘ

နွန် လူထု က ကာလကြာမြင့်စွာကပင် ရွံရှာ မုန်းတီးလာနေကြသည်။ ၎င်းတို့ လည်မျိုအား တင်းကျပ်သည်ထက် တင်းကျပ်အောင် ညှစ်လာနေသော ဟစ်ဘိုလာ၏ လက်များ ပြေလျော့လာတော့မည် အရေးကို ကြိုဆိုလာကြပေတော့မည်။

 

ဟစ်ဘိုလာ တို့သည် အီရန် ၏ ကျွန် ယုံ ကျွန်ကောင်းကြီးသဖွယ် အရှေ့အလယ်ပိုင်းတွင် ဦးဆွေးဆံမြေ့ ထမ်းရွက် ပေးနေသည့် အဖွဲ့လည်း ဖြစ်သည်။ ဆီးရီယား ပြည်တွင်းစစ်တွင် သမ္မတ အာဆတ်အား ကျောထောက် နောက်ခံ ပြု‌ပေးခဲ့ယုံမက အီရတ် နှင့် ယီမင်ရှိ အီရန် အားပေးထားသော စစ်သွေးကြွ အဖွဲ့များ အတွက် စစ်သင်တန်း များ ပေးပြီး ဦးဆောင် လမ်းညွှန်မှု ပေးခဲ့ကြသည်။ ထို့အတွက် ရီယတ် နှင့် အဘူဒါဘီ ရှိ နန်းတော်ကြီးများထဲတွင် ရှန်ပိန် ပုလင်း‌ ဖောက်သံများ ပေါက်ပေါက် ဖေါက်သည့် အလား ‌ထွက်ပေါ်လာတော့မည်ကား ဧကန်မုချ ပင် ဖြစ်သည်။

 

တီဟီရန် တွင် ဟာမားစ် ခေါင်းဆောင် အစ္စမေး ဟာနီရက် အား အစ္စရေးတို့ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး နောက်တွင် အီရန်သည် ၎င်းအား ဒီအတိုင်း ကြည့်နေမည် မဟုတ်ဟု ဟာဆန် နာရာလာ က မျှော်လင့်ထားခဲ့သည်။ သို့သော် ၎င်း ထင်ထားသလို ဖြစ်မလာခဲ့၊ အီရန် ခေါင်းဆောင်ပိုင်းသည်လည်း ၎င်းတို့ကြားသို့ အစ္စရေး တို့ ထိုးဖောက်ဝင်ရောက်နေပြီ ဆိုသော သံသယ စိတ်ဖြင့် နပမ်းလုံးနေရချိန် ဖြစ်နေသော ကြောင့်ပင်။ ထို့အပြင် ဟစ်ဘိုလာ တို့အား ယခုထက် ပို၍ ထောက်ခံမှု ပေးလာပါက ‌‌၎င်းတို့အပေါ် အီရန် လူထုက အမြင်စောင်းလာမည့် အရေးကိုလည်း တွေး၍ စိုးရိမ်ခဲ့ကြသည်။ အီရန်သည် စီးပွားရေး အရ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေချိန်တွင် ရေခြားမြေခြားရှိ တပည့်ကျော်ကြီးအား ငွေကြေး များ အတောမသတ် ပံ့ပိုးပေးနေ၍ မဖြစ်တော့ဟု ဆိုကာ၊ ကိုယ်ရှိန် သတ်လာနေချိန်လည်း ဖြစ်သည်။

 

ပြီးခဲ့သည့် နှစ်ပတ် အတွင်း လက်ဘနွန် တွင် ဖြစ်ပျက်လာမှု များကြောင့် ၎င်းတို့ ထင်ထားသလို ဟစ်ဘိုလာသည် အစ္စရေး အား ထိန်းထားနိုင်သည့် အဖွဲ့ဟု ယခင်က ယူဆထားမှုများ စတင် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ ထိုသို့ အားကိုးမရတော့သည့် အတူတူ အစ္စရေး ရန် ကာကွယ်ရန် မိမိတို့ဖာ မိမိတို့ နျူကလီယား ဗုဲး စမ်းသပ် ဖေါက်ခွဲမှ ဖြစ်တော့မည်ဟု အချို့ထံမှ အသံထွက်လာခဲ့သည်။

 

အီရန် ခေါင်းဆောင် ခါမေနီ သည် ထိုအဆင့်အထိ မရောက်ရန် အတတ်နိုင်ဆုံး ထိန်းထားခဲ့သော်လည်း မလုပ် မဖြစ် အ‌ခြေ ဆိုက်လာနေသည်။ ထိုသို့ လုပ်မည်ဆိုက ကြာအေး သူ့အ‌ မေရိုက် မုန့်လုံး စက္ကူကပ် အဖြစ်မျိုး ဆိုက်လာပေတော့မည်။

 

အီရန်သည် ၎င်းတို့၏ နျူကလီယား စခန်းများ အစ္စရေး ၏ အတိုက်ခိုက် မခံရအောင် ဟစ်ဘိုလာ ကို အားကိုးထားခဲ့သည်။ ယခု ဟစ်ဘိုလာ တို့ အားကိုးမရှိပဲ လုပ်မည်ဆိုက ၎င်းတို့ နျူကလီယား စခန်းများ အတိုက်ခိုက်ခံရဖို့ ရှိနေသည်။

 

မည်သို့ပင် ဆိုစေ စနေနေ့ မနက် အာရုံမတက်မီ အ‌စောပိုင်းက ထွက်ပေါ်လာသော သတင်းကြောင့် ၁၉၆၇ ခြောက်ရက်စစ်ပွဲကြီး အတွင်း အစ္စရေး တို့ တိုတောင်းသော အချိန်အတွင်း အာရပ်တို့၏ စစ်တပ်များကို ချေမှုန်း ပစ်နိုင်ခဲ့သည် ဆိုသော သတင်း နှင့် အတူတူ ပင် ဖြစ်သည်ဟု ထင်မြင်လာကြပြီ ဖြစ်သည်။

 

တချိန်က လွန်စွာ တန်ခိုးထွားခဲ့သော အီဂျစ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နာဆာ၏ ဂုဏ်သိက္ခာသည်လည်း မည်သည့် အခါမျှ နာလန် ပြန်မထူနိုင်တော့သည့် အဖြစ်ကိုလည်း အမှတ်ရနေကြမည်လည်း ဖြစ်သည်။

 

ဟာဆန် နာရာလာ သည် ‌အရှေ့အလယ်ပိုင်း တခွင်ရှိ ပျောက်ကြား အဖွဲ့များ စုစည်းပြီး တော်လှန်ရေး ဝင်ရိုး တန်း တခု အဖြစ် အစ္စရေး နှင့် အမေရိကန် တို့ ခေါင်း ထောင် မလာနိုင်အောင် ထိန်းထားနိုင်ခဲ့သည်ဟု ပြောဆိုနေခဲ့သည်။ သို့သော် ၎င်းအပါအဝင် ထိုသို့ ဦးဆောင်မှု ပေးလာသည့် အဖွဲ့ကြီးအား အစ္စရေး တို့ ရက်သတ္တပတ် အနည်းငယ် အတွင်း အကွဲကွဲ အပြဲပြဲ ဖြစ်အောင် ချေမှုန်းနိုင်ခဲ့သည်။ ဆရာသမား ဖြစ်သူ အီရန်သည်လည်း ထိုအဖြစ်ကို ပါးစပ် အဟောင်းသား နှင့် ရပ်ကြည့်နေခဲ့ကြရသည်။

 

ဟစ်ဘိုလာ သည် ချက်ခြင်းလို ပျောက်ကွယ်သွားဖို့ မရှိသော်လည်း ယခု စစ်ပွဲကြီး အတွင်း တွင်တော့ ယခင်က ရှိခဲ့သည့် အရှိန်အဝါများ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

 

(၂၀၂၄ စက်တင်ဘာ ၂၈ ထုတ် အီကော်နောမစ် မဂ္ဂဇင်း ၏ "Nasrallah Hassan Nasrallah’s death will reshape Lebanon and the Middle East" ဆောင်းပါးအား ကောက်နှုတ် တင်ပြထားခြင်းဖြစ်သည်။)