လားရှိုး အနေအထား နှင့် ပန်းပေးချင်သူများ

by Hla Soewai - Sep 30 2024

တဖက်က ငြိမ်းချမ်းရေး ဆိုကာ ကမ်းလှမ်းလာသော်လည်း ဘီလူး သဘက်လို ဖြစ်နေသည့် မင်းအောင်လှိုင် အဖို့ လားရှိုး နှင့် အတူ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တခုလုံးကို ၎င်း လက်ထက်တွင် လက်လွှတ်ပေးလိုက်ရမှု ကို မည်သို့မျှ မခံမရပ် နိုင် ဖြစ်နေရပြီး လူဦးရေ တသိန်းခွဲခန့် ရှိ မြို့အားဗုံးကြဲတိုက်ခိုက်လာနေသည်။

 

မြေပြင် တွင် ထိတ်တိုက် ရင်ဆိုင်ဖို့ မဖြစ်နိုင်သေး၍ နေသေးသပ ခြုံထဲက ချို သွေး တမြမြ လုပ်နေရချိန်လည်း ဖြစ်သည်။ ကိုးကန့်တပ် များ လားရှိုး လို နေရာအထိ သိမ်းပိုက် အုပ်ချုပ်နေခြင်းကို မည်သို့မျှ လက်ခံ နိူင်စရာ မရှိဟု ယူဆထားပြီး ဖြစ်၍ အုပ်ချုပ်ရေး နှင့် စစ်ရေး အရ အခိုင်အမာ တည်ဆောက်လာမည့် အရေးကို အနှောက်အယှက် ပေးရင်း ရသေ့ စိတ်‌ဖြေ လုပ် နေရချိန်လည်း ဖြစ်သည်။

 

၎င်းလို လူစားမျိုးက ခေါင်းဆောင်အဖြစ်သာ ခံယူထားသော်လည်း တာဝန်ခံ၊ တာဝန်ယူလိုစိတ် မရှိ၊ ထစ်ကနဲ ဆို အရှက်ကင်းမဲ့စွာ တဖက်သား အပေါ် အပြစ်ပုံချပြီး၊ အားနည်းသည်ဟု ယူဆထားသူများ အပေါ် အနိုင်ကျင့် လိုသူ ဖြစ်သည် ကို လက်အောကိငယ်သား များပါ မကျန် သိထားကြပြီး ဖြစ်သည်။

 

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင် တာဝါက MNDAA သည် ယခုအခါ လားရှိုး မြို့ကြီး အား အုပ်ချုပ်ရန် အတွေ့အကြုံ တခါမျှ မရှိခဲ့ဖူး၍ အခက်အခဲများ ရင်ဆိုင်နေရပြီး ထို့အတွက် တပ်အင်အားကို ထုတ်နှုတ် သုံးစွဲနေရပြီ ဟု ဆိုသည်။ အနက်ရောင် ယူနီဖောင်းများ ဝတ်ဆင်ထားသည် MNDAA ၏ ရဲတပ်ဖွဲ့ဝင်များ သည် မြို့တွင်း တွင် ကင်းလှည်လျက် ရှိနေပြီး ဒေသခံများ နှင့် စီးပွားရေး လုပ်ငန်းရှင်များအား ပြန်လာရန် ဖိတ်ခေါ်လျက် ရှိသည်။

 

သို့သော် မြို့နေ လူထု ၏ ၂၀-၃၀ ရာနှုန်းမျှသာ ပြန်ရောက်လာကြသည်။ ဗမာ၊ ရှမ်း အပါအဝင် တိုင်းရင်းသား ပေါင်းစုံ နေထိုင်ရာ လားရှိုး တွင် တရုတ်စကားပြော ကိုးကန့် အဖွဲ့သည် တစိမ်းပြင်ပြင်လို ဖြစ်နေသည်။

 

လားရှိုးသည် ‌စစ်ကောင်စီ အတွက် ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေရနေသည့် ကုန်သွယ်ရေး လမ်းကြောင်း ဖြတ်သန်းရာ မြို့ ဖြစ်သည့် အပြင် အနီးတဝိုက်တွင် ခဲ၊ ငွေ၊ သွပ် သတ္ထုတွင်း များ တည်ရှိရာလည်း ဖြစ်သည်။

 

ယခုအခါ လေကြောင်းမှသာမက လက်နက်ကြီးများ ဖြင့် အပြန်အလှန် ပစ်ခတ်လျက် ရှိနေကြသည်ဟု လန်ဒန် ရှိ ဒေးလီးမေးလ် သတင်းစာကြီးတွင် AFP သတင်းအား ကိုးကား၍ ဓါတ်ပုံများ နှင့် တကွ ‌ရေးသား ဖေါ်ပြထားသည်။ (ပုံတွင် ရှူ)

 

စက်တင်ဘာ ၂၅ ရက်‌ နေ့ နံနက် တွင် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီ လေယာဉ်များ၏ ဗုံးကျဲချမှုကြောင့် အပျက် အစီးများပြားကြောင်း MNDAA က ပြောဆိုလိုက်သည်။ 

 

ဒေသခံ များ နှင့် ကယ်ဆယ်ရေး အဖွဲ့များ အဆိုအရ အရပ်သား အများအပြား ထိခိုက်သေဆုံးမှု များ ရှိလာနေသည်။ အကြမ်းဖက် တပ်ဖွဲ့၏ လေယာဉ်များသည် နေ့စဉ်လို ပျံဝဲလျက် ရှိနေပြီး တနင်္လာ နှင့် အင်္ဂါနေ့ ညပိုင်းတွင် ပေါင် ၅၀၀ ဗုံးများဖြင့် ဆေးရုံ၊ အုပ်ချုပ်ရေး ရုံးဌာနများအပြင် ဟိုတယ် များပင် မချန် တိုက်ခိုက်လာခဲ့သည်။

 

လက်ရှိ အရပ်ရပ် ‌ပြည်သူတို့ အသက်ချွေးပေါင်းများစွာ စွန်လွှတ် ပေးဆပ်ရင်း စစ်အာဏာရှင် စနစ်ကို အပြီးအပိုင် မြေမြုပ်သင်္ဂြုလ် ရန် နှင့် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးရန် ဆင်နွဲနေသော တော်လှန်ရေးသည် ပြည်သူများ ထိခိုက်နစ်နာနေရပြီ ဖြစ်၍ ဂီယာ ချိန်းပြီး စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် လိုပြီဆိုသော အရှုံးပေး နှလုံးအေး defeatist များ အနေဖြင့် လားရှိုး ဖြစ်စဉ်ကို နမူနာ အဖြစ် ရှူမြင် သုံးသပ်သင့်ပေသည်။

 

တော်လှန်ရေး တိုင်းလိုလို လူထု အကျိုးကို လိုလားသယောင်ပြုကာ ပြောဆိုလာကြသည့် ကိုယ်ကျိုးကြည့် ရွှေပြည်အေး သမား များက အမြဲလို ထွက်ပေါ်လာစမြဲလည်း ဖြစ်သည်။

 

၎င်းတို့ အဖို့က စားနိုင်သောက်နိုင်ယုံ အဆင့်လေး ပြန်ရလျင်ပင် ရောင့်ရဲ နိုင်ကြသော်လည်း ဆင်းရဲတွင်း ဝဲဩဃ ကြီးထဲမှ မွေးဖွားသည်မှ သေသည်အထိ ရုန်းမထွက် နိုင်ပဲ တဝဲဝဲ တလဲလဲ နေ နေကြသည့် ပြည်သူများကတော့ ရွှေပြည်အေး ဝါဒီ များကဲ့သို့ ကျမ်းကြီး ကျမ်းငယ် ဖတ်ဖူးကြခြင်း မရှိ‌ သော်လည်း စစ်အာဏာရှင် စနစ်ဆိုးသည်သာ အဓိက တရားခံ ဖြစ်ကြောင်း ရှင်းလင်းစွာ သိမြင်ထားကြပြီး ဖြစ်သည်။

 

ကမ္ဘာသမိုင်း အဆက်ဆက် တော်လှန်ရေး များကို ကြည့်က အဘယ်မည်သော အုပ်စိုးသူ လူတန်းစားသည် အားမတန်၍ မာန် လျော့ခဲ့ရသည့် အချိန်များမှ လွဲ၍ ၎င်းတို့ တသက်လုံး ကိုင်စွဲလာသော အရပ်ရပ် အုပ်ချုပ်ရေး အာဏာများကို အသာတကြည် လွှဲပြောင်း ပေးခဲ့ဘူးသည့် ထုံးစံ ရှိပါ၏လော။

 

ထိုသို့သော အုပ်ချုပ်ရေး အာဏာများကို မည်သို့မျှ မတတ်နိုင်သည့် အဆုံး ချွေးသိပ်သည့် အနေဖြင့် ငါးနှစ်ဝာာမျှ လွှဲပြောင်းပေးခဲ့သော်လည်း လူထု အစိုးရသည် တိုင်းပြည်နှင့် လူထု တိုးတက်ရာ တိုးတက်‌ ကြောင်း အား ၎င်းတို့ထက် အဖန်တရာ သာအောင် စွမ်းဆောင် ပေးနိုင်သည့် အဖြစ်ကို မျက်ဝါးထင်ထင် တွေ့မြင်လာကြသည့် အခါတွင်တော့ ရှေ့လျောက် ၎င်းတို့ ဩဇာအာဏာ ကျဆင်းပြီး ဘေးထွက်ထိုင်နေရ တော့မည့် အဖြစ်ကို အထူး စိုးရိမ် ထိတ်လန့်လာကြ၍လည်း ရမယ်ရှာကာ အာဏာသိမ်းလိုက်ခြင်းပင် ဖြစ်သည်။

 

စစ်တပ်သည် ယခုအခါ အထည်ကြီး ပျက်ဘဝ ဆိုက်ရောက်နေသော်လည်း ၎င်းတို့ထက် အတွေးအခေါ် အဆင့်အတန်း နိမ့်ကျသည့် ငယ်ကြောက်များဟု ယူဆထားသည့် လူထု အား ကိုယ်စားပြုနေသည့် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ‌နှင့် တန်းတူရည်တူ ထား ဆွေးနွေးမည် ဆိုက ၎င်းတို့ သိက္ခာကျသည်ဟု ယူဆထားကြဆဲပင် ဖြစ်သည်။ 

 

၎င်းတို့ကို ကမ္ဘာအလယ်တွင် အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် ဆန့်ကျင်နေသူများ နှင့်လည်း မည်သည့် အခါမျှလည်း အေးအေးချမ်းချမ်း အသာတကြည် လက်တွဲရန် စိတ်ကူးကြမည့် သူများလည်း မဟုတ်ပေ။ ၎င်းတို့ကိုယ်တိုင် သံဃာစဉ် ပေါ်တင်၍ ကိုးကွယ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံကိုပင် အာဏာတည်မြဲရေး အတွက် ဆိုက အမှိုက်ပုံးထဲ ပစ်ထဲ့ရန် ဝန်မလေးသည့် အဖြစ်ကိုလည်း ပြည်သူ တို့ တအံ့တဩ တွေ့ခဲ့ကြရပြီး ဖြစ်သည်။

 

၎င်းတို့အား ‌ဆန့်ကျင်သည်ဟု ယူဆသော ပြည်သူများကို သတ်ဖြတ်ခံကြယုံမက ထောင်နှင့် သောင်းနှင့် ချီသော ပြည်သူများ အကျဉ်းထောင်များ တွင် ပိတ်လှောင်ခံထားရဆဲ ဖြစ်သည်။

 

တရုတ် ကလည်း ၎င်းတို့၏ အရင်းအနှီးများကို ခုခံကာကွယ်ပေးပါမည်ဟု အာမဘန္တေ ခံထားသော စစ်ဗိုလ်ချုပ်များကို ‌ပြောင်ပြောင်တင်းတင်းပင် အကာအကွယ် ပေးလာကြ၍ ပို၍ပင် ရဲတင်းလာနေသည်။

 

ယခုအခါ စစ်တပ်သည် ၎င်းတို့ ဆယ်စုနှစ်ပေါင်းများစွာ ဝါဒဖြန့်ခဲ့သော "ဒို့တာဝန် အရေး သုံးပါး" ဆိုသည်ကလည်း တခုမှ ထမ်းရွက် နိုင်စွမ်း မရှိတော့၊ ၎င်းတို့ ဆက်၍ ရပ်တည် နိုင်ဖို့ "ပြည်ပအားကိုး ပုဆိန်ရိုးများ" ဘဝ ရောက်ကုန် ကြသည်။ မရှက်တတ်သူများ ဖြစ်၍ မရှက်ကြခြင်းသာ ဖြစ်သည်။

 

ပြည်သူများက ၎င်းတို့ဒုက္ခ ပင်လယ်ဝေအောင် ရှာကြံ လုပ်ကိုင်နေကြသည့် စစ်ဝါဒီ များ အပေါ် နာကြည်းခြင်း မက နာကြည်းနေကြပြီ ဖြစ်သည်။ ဖိနှိပ် လေ ပိုပြီး စည်းလုံးလေလေပင် ဖြစ်သည်။

 

ယခုလို ပြုမူနေကြခြင်းသည် ၎င်းတို့ အန္တရာယ် ကျရောက်နေ၍သာ ဖြစ်ပြီး ထိုသို့ အန္တရာယ်များ မရှိ‌ တော့က လူထု ကောင်းစားရေး လုပ်လာကြမည်သာ ဖြစ်သည်ဟု ကြံဖန် တွေးတော စိတ်ကူး ယဉ် မှုများလည်း ရှိနေသည်။ သို့သော် ၎င်းတို့ အုပ်ချုပ်ခဲ့သည့် သက်တမ်း တလျောက် ထိုသို့သော အခြေအနေမျိုး နှင့် ကြုံခဲ့ရသည် ချည်းပင် ဖြစ်သည်။ အနည်း နှင့် အများ ဆိုသလို သာ ကွာခြားပေသည်။ မိမိတို့ သားမြေးများ ဘဝသည် တိုးတက်ဖို့ နေနေသာ သာ မိမိတို့ နေခဲ့ရသည့် အနေအထားထက်ပင် ယုတ်လျော့ခြင်းမက ယုတ်လျော့လာကြပြီ ဖြစ်သည်။

 

ထိုသို့ အုတ်ရောရော ကျောက်ရောရောဖြင့် ရှေ့လျောက် လူစဉ် မမှီသည့် ဘဝမျိုး ဖြင့် ဆက်နေသွားရမည့် အရေး သည် ပြည်သူ အများ လိုလားသော ဆန္ဒ မဟုတ်၊ ပြည်သူ့ ဆန္ဒ နှင့် ဆန့်ကျင်သူ မှန်သမျှ ကျဆုံးကြရမည်သာ ဖြစ်သည်။ 

 

ပြည်သူ တို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!