တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ငြိမ်းချမ်းရေး အတွက် ဆွေးနွေး အဖြေရှာရန် ဆိုသည့်စကား အား အကြောင်းကြောင်း ကြောင့် လက်ခံ၍ ရသေးသော်လည်း ရွေးကောက်ပွဲ လမ်းကြောင်းဖြင့် နိုင်ငံရေး အရ အဖြေရှာကြပါ ဆိုသည့် စကားကိုတော့ စစ်ဗိုလ်ချုပ်များ ပါးစပ်က ပြောခွင့် မရှိတော့။
မရှက်တတ်၍ ပြောသည် ဆိုသော်လည်း ၎င်းတို့ ထောင်ထားသည့် ပါတီ မဲရှုံးတိုင်း အာဏာ လွှဲ ပြောင်းပေးရန် ယောကျ်ား ကောင်း ယောက်ျား မြတ်များသာ မွေးထုတ်ပေးသည် ဆိုသော မြန်မာ့ တပ်မတော် မှ စစ်ဗိုလ်ချုပ် များ အရှက်ကင်းမဲ့စွာ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ကြပြီး ဖြစ်နေသောကြောင့် ရွေးကောက်ပွဲ ဆိုသော စကားသည် ၎င်းတို့နှင့် မည်သို့ မျှ ပင် မတန်ပေ။
မင်းအောင်လှိုင် ကိုယ်တိုင်ပင် ၂၀၂၂ မတ် လ စစ်အခမ်းအနား တွင် အကြမ်းဖက် အဖွဲ့များ၊ ၎င်းတို့အား ထောက်ခံနေသူများ နှင့် မည်သို့မျှ စေ့ဆပ် ဆွေးနွေးလိမ့်မည် မဟုတ်၊ အပြီးအပိုင် ချေမှုန်းသွားမည်ဟု တိုင်းသိပြည်သိ ကြိမ်းဝါး ပြောဆိုထားခဲ့ပြီး ဖြစ်သည်။
ယခုအခါ ဆုံးရှုံးသွားသော နယ်မြေများကို မည်သို့မျှ ပြန်မရ နိုင်တော့သည့် အပြင် မန္ဆလေး ကိုပါ အဝိုင်းခံနေရပြီး ခံစစ် ဘဝ ဖြင့် ရင်ဆိုင်နေရသည့် ကာကွယ်ရေး ဦးစီးချုပ် ဆိုသူ စစ်ရှုံး ခေါင်းဆောင် မိသားစု သည် အချိုအချောင် များ ရလေ မလားဟု အရူးကွက် နင်းလာခြင်းပင် ဖြစ်သည်။
MNDAA ကိုးကန့် အဖွဲ့မှ မကြာသေးမီကမှ ငြိမ်းချမ်းရေး စကား တွင်တွင် ဆိုပြီး ကမ်းလှမ်းလာသည်ကိုပင် ဗုံးများ တွင်တွင် ကျဲကာ တိုက်ခိုက်နေဆဲပင် ဖြစ်သည်။ စစ်ခေါင်းဆောင်များ ပါးစပ်မှ "ငြိမ်းချမ်းရေး" စကား ထွက်လာပြီး နောက် နာရီပိုင်း အတွင်း မှာပင် လားရှိုး အား လေကြောင်းမှ တိုက်ခိုက်လာပြန်သည်။ ထိုသို့ ဆက်၍ တိုက်ခိုက်နေခြင်း ဖြင့် MNDAA သည် စိတ်ပျက်ကာ ပြန်ဆုပ်သွားမည်ဟု အချောင် မျှော်လင့် နေသောကြောင့်လည်း ဖြစ်ပေမည်။
ထို့အပြင် တရုတ်မှ ယခု ပုံစံ အတိုင်း သွားမည် ဆိုက နိုင်ငံတကာ စင်မြင့်တွင် ဆက်၍ အကာအကွယ် ပေးဖို့ မဖြစ်နိုင်တော့ဟု ခြိမ်းခြောက်လာ၍ ကျေနပ်စေရန် စိတ်ထဲက မပါပဲ ပြီး ပြီး ရော လုပ်လိုက်ခြင်းပင် ဖြစ်သည်။ ကုလ အစည်းအ ဝေး ကျင်းပနေစဉ် အချိန်ကိုက် နိုင်ငံရေး အရ လည်း အမြတ်ထုတ်နိုင်ရန် ကြံစည်ခြင်း လည်း ဖြစ်သည်။
တရုတ် အစိုးရ ၏ နို့သက်ခံ စို့နေရရှာသောရင်ခွင်ပိုက် စစ်တပ်မှ မဲပုံး ထောင်ပြီး အာဏာ ကို ပြည်သူ များထံ လွှဲ ပြောင်း ပေးမည် ဆိုခြင်း အား ၎င်းတို့ကဲ့သို့ ရူးသွပ်နေ သူများသာ လက်ခံကြဖို့ ရှိနေပေသည်။
တရုတ်သည် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေသည်ဟု လူကြားကောင်းအောင် အသံလွှင့်နေသော်လည်း တဖက်တွင် စစ်ကောင်စီအား ၎င်းတို့ အကျိုးစီးပွား အား ကာကွယ်ပေးရန် လက်နက်များ ပံ့ပိုးပေးနေဆဲပင် ဖြစ်သည်။ တရုတ်နိုင်ငံမှ မှာယူထားသော FTC 2000 G အမျိုးအစား အပေါ့စားတိုက်ခိုက်ရေး လေယာဥ်အသစ် ၆ စင်းအား သြဂုတ်လအတွင်း စစ်ကောင်စီ မှ ရရှိထားသည်ဟု ဧရာဝတီ သတင်းတွင် ပါရှိလာသည်။
တရုတ်၏ လှုပ်ရှားမှု များကို ကြည့်မည်ဆိုက မည်သိုသော ဖြေရှင်းချက်မျိုး ထွက်ပေါ်လာစေကာမူ စစ်ဗိုလ်ချုပ်များ အာဏာ လုံးဝ စွန့်လွှတ်သွားရမည့်အရေး ကို လိုလားခြင်း မရှိသည်မှာ ထင်ရှားနေသည်။
အရပ်ရပ် ပြည်သူများ၏ ထောက်ခံမှု ရထားသော အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြောခွင့်ရ ဦးနေဘုန်းလတ် မှ မိမိတို့ နှင့် တိုင်းရင်းသား အဖွဲ့များ အတူ ပူးတွဲ ထုတ်ပြန်ထားသော ကြေညာချက် ပါ စအချက်များကို စစ် ခေါင်းဆောင်များ သဘောတူ မှသာ ဖြစ်နိုင်မည် ဟု အေပီ သတင်းဌာန ကို ပြောလာခဲ့သည်။
ကေအင်ယူ ပြောခွင့်ရ ဖဒို စော ကလဲ ဆေး က ထိုသို့သော စကားမျိုး နှစ်ပေါင်း ၇၀ နီးပါးမျှ ကြားလာခဲ့ရပြီး ဖြစ်၍ စဉ်းစားဖို့ပင် မလိုဟု ပြတ်သားစွာ ပြောခဲ့သည်။
မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၏ တပ်မှူး ဖြစ်သူ ကိုစိုးရသူရ ဇော်မှ "ဆိတ်ခေါင်း ချိတ်ပြီး ခွေးသား ရောင်းခြင်း" ဟု ဆိုသည်။
ဗမာပြည်သူ့ လွတ်မြောက်ရေး တပ် မှ ခေါင်းဆောင် မောင်ဆောင်းခ မှလည်း ၎င်းတို့ စိတ်မဝင်စား ဟု ပြောသည်။
အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် တဦးတယောက်၏ အာဏာမက်ပြီး မိသားစု အကျိုးစီးပွား ကာကွယ်ချင်စိတ် တခုတည်း သက်သက် ဖြင့် ပေါ် ပေါက်လာရသော ပြည်တွင်းစစ် ကြောင့် ယခုလို တိုင်းရင်းသား ညီအကိုချင်း တိုက်ခိုက်နေရသည် အဖြစ်ကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရန် စောစီးစွာ ကပင် ပြည်သူ့ ဆန္ဒ နှင့် အညီ အချက်အလက်များဖြင့် တောင်းဆိုထားခဲ့ပြီးလည်း ဖြစ်သည်။
ထိုအချက်များမှာ နိုင်ငံရေး တွင် စစ်တပ် ပါဝင် ပတ်သက်နေမှု အဆုံးသတ်ရေး၊ လက်နက်ကိုင် တပ်များ အားလုံး ပြည်သူ့ အစိုးရ လက်အောက်တွင် ထားရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီ အနှစ်သာရ များ ပါရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် ရေးဆွဲရေး၊ အမျိူးသား ပြန်လည် ရင်ကြား စေ့နိုင်ရေး ရည်ရွယ်ပြီး နစ်နာသူ များ အတွက် တရားဥပဒေ ဘောင် အတွင်း မှ ကြားနာ ဖြေရှင်းခွင့် ဆိုသည့် transitional justice ရရှိရေး တို့ ဖြစ်သည်။
Bloomberg News တွင် ရေးသားထားရာတွင် စစ် ခေါင်းဆောင်များသည် နိုင်ငံ၏ အနောက်ပိုင်း နှင့် မြောက်ပိုင်း တွင် နယ်မြေများ လက်လွှတ်လာရသည့် အပြင် စီးပွားရေးသည် ဇောက်ထိုး မိုးမျှော် ထိုးကျ လာနေပြီ ဖြစ်၍ မည်မျှထိ ကြာကြာခံတော့ မည်နည်းဆိုသည် ကို အားလုံးက တွက်ဆနေချိန် ဖြစ်သည်ဟု ပါရှိသည်။
အမေရိကန် အစိုးရ မှ ၎င်းတို့ လက်အောက် တွင် ပြုလုပ်သော ရွေးကောက်ပွဲသည် မည်သို့မျှ လွတ်လပ်ပြီး တရားမျှတမှု ရှိမည် မဟုတ်ဟု ပယ်ချထားခဲ့ပြီး ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!