နိုင်ငံတကာ ရေးရာ မိတ်ဆက်(91)

by Hla Soewai - Sep 30 2024

ဒေါ်လာ ၏ အခန်းကဏ္ဍ သည် အမေရိကန်၏ နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး အတိုင်းအတာ အရ ပမာဏ ကြီးမားသည့် အရွယ်အစား နှင့် ပွင့်လင်း မြင်သာမှု ရှိသည့် အပေါ် ထင်ဟပ်နေသည်။

 

ထို့ပြင် ဒေါ်လာတန်ဖိုးသည် သိသိသာသာ ပြောင်းလဲခြင်း ရှိမည် မဟုတ် ‌‌ဆိုသည် နှင့် ၎င်းတို့တင်ရှိ‌ နေသည့် ကြွေးမြီများ အ‌ ပေါ် ပေးဆပ်ရန် မည်သို့မျှ ပျက်ကွက်ခြင်း ရှိမည် မဟုတ်ဟူ‌ သော ယုံကြည်ချက် ရှိနေမှု အပေါ်လည်း ထင်ဟပ်နေသည်။

 

ကမ္ဘာတဝှမ်းရှိ ဗဟိုဘဏ်များသည် ၎င်းတို့နိုင်ငံ သွင်းကုန်များ အတွက်နှင့် ပြည်ပကြွေးမြီများကို ပေးဆပ်ရန် ဒေါ်လာ ကို ပင်မ ငွေကြေး အဖြစ် လက်ကိုင်ထားလိုကြသည်။ ထို့ပြင် ကမ္ဘာဘဏ္ဍာရေး အကျပ်အတည်း မျိူး နှင့် ကြုံလာရသည့် အခါ အမေရိကန် ဒေါ်လာသည် အာမခံ သဘော အသုံးဝင်နေ၍ လည်း ဖြစ်သည်။

 

၂၀၁၉ ခုနှစ် အစောပိုင်း ကာလ က ထုတ်ပြန်သော နိုင်ငံ တကာ ငွေကြေး ရံပုံငွေ အဖွဲ့၏ အစီရင်ခံစာ တွင် နိုင်ငံတကာ ဗဟိုဘဏ်များရှိ နိုင်ငံခြား အရံငွေ ပမာဏ၏ ၆၀ ရာနှုန်းသည် အမေရိကန် ‌ဒေါ်လာများ ဖြစ်သည်ဟု ပါရှိခဲ့သည်။ ဒုတိယ အများဆုံး လက်ကိုင်ထားကြသည့် ငွေကြေးသည် ယူရို ဖြစ်ပြီး ပမာဏ အားဖြင့် ၂၀ ရာနှုန်း ရှိနေသည်ဟု ဆိုသည်။

 

ဒုတိယ ကမ္ဘာစစ် အပြီးတွင် ကမ္ဘာပေါ်ရှိ ငွေကြေး အားလုံးသည် အမေရိကန် ဒေါ်လာ အား ရွှေ တန်ဖိုး မည်ရွေ့မည်မျှ ရှိသည် ဆိုသည်နှင့် ချိန်ညှိ ထားရှိလာကြသည်။ ထို့အတွက် ဒေါ်လာ လက်ဝယ်ရှိသူ မည်သူ မဆို ရွှေနှင့် အချိန်မရွေး အလဲအလှယ် လုပ်နိုင်သည်။ သို့သော် ယင်းသည် ကြာရှည် မခံခဲ့။

 

၁၉၆၀ ပတ်ဝန်းကျင် လောက်တွင် ပြည်ပပို့ကုန်ကို အမှီပြုနေသော ဂျပန်ကဲ့သို့ နိုင်ငံများတွင် ကုန်သွယ်ရေး ပိုငွေ အဖြစ် ဒေါ်လာ အမြောက်အမြား လက်ဝယ် စုဆောင်းမိလာကြ၍ ဖြစ်သည်။ ယခု အခါ ကုန်သွယ်ရေး တွင် အားကောင်းလာသော တရုတ်နိုင်ငံလည်း မားမားမတ်မတ် ထွက်ပေါ်လာပြီ ဖြစ်သည်။

 

၁၉၇၁ တွင် အမေရိကန်သည် ရွှေ နှင့် အလဲအလှယ် လုပ်သည့် နယ်ပယ် ကို ပိတ်ပစ်လာခဲ့ပြီး ရွှေ နှင့် ဒေါ်လာ လဲလှယ်ခွင့် ပေးထားမှု ကို ရပ်ဆိုင်းပစ်ခဲ့သည်။ ၎င်းတို့ထံတွင် ဒေါ်လာ အားလုံး အား လဲလှယ်ပေးနိုင်သည့် ရွှေပမာဏ အလုံအလောက် မရှိတော့သောကြောင့်ပင် ဖြစ်သည်။

 

ထို့အတွက် ကမ္ဘာဘဏ္ဍာရေး အခြေအနေ သည် အနေအထား သစ် သို့ ရွေ့လျားလာခဲ့ရသည်။ ထိုအနေအထားသစ် တွင် ဒေါ်လာသည် ရွှေ နှင့် ချိန်ထိုးထားခြင်း မရှိတော့သော်လည်း ဆက်၍ တန်ဖိုး ရှိနေသည့် ငွေကြေး အဖြစ် ဆက်လက် ရပ်တည် လာနိုင်ခဲ့သည်။ လူများသည် ‌၎င်းတို့၏ အမေရိကန် နှင့် အခြား နိုင်ငံများ သို့ ရောင်းချ သော ကုန်စည်များ နှင့် ဝန်ဆောင် လုပ်ငန်းများ အတွက် ဒေါ်လာ နှင့် ပေးချေ သည်ကို လိုလိုလားလား လက်ခံလာကြသည်။ ထိုသို့ ဖြစ်လာမှု ကို ဘောဂဗေဒ ပညာရှင် များက "fiat currency" ဟု ခေါ်ကြသည်။ ငွေကြေးသည် ဈေးကွက်က ဖြတ်သည့် နှုန်း အတိုင်း တန်ကြေးရှိသည်ဟု လက်ခံလာကြခြင်း ကို ဆိုလိုသည်။

 

ကမ္ဘာ စီးပွားရေး အင်အားကြီး နိုင်ငံများက ရွှေနှင့် တွဲချိတ် ထားခြင်း မရှိသော်လည်း ဒေါ်လာဈေးနှုန်းကို ပုံသေ သတ်မှတ်ခဲ့ကြသည့် ကာလ သည် ခေတ္တ ခဏသာ ကြာမြင့်ခဲ့သည်။ န်ုင်ငံ တိုင်း လိုလို ၎င်းတို့၏ ငွေတန်ဖိုးသည် ဒေါ်လာ နှင့် ဆိုက မည်ရွေ့မည်မျှ တန်သည်၊ ယင်းကို မူတည်ပြီး အခြား ငွေကြေးနှင့် ဆိုကလည်း မည်ရွေ့မည်မျှ ရှိသည် ဟု သတ်မှတ်လာကြသည်။

 

ထိုသို့ သတ်မှတ်လာခြင်း ဖြင့် နိုင်ငံများ အနေဖြင့် ၎င်းတို့၏ စီးပွားရေး အတိုင်းအတာ၊ လုပ်ငန်း ပမာဏ အစရှိသည်တို့ကို ကြိုတင် ခန့်မှန်း တွက်ချက် နိုင်စွမ်း ရှိလာသည့် အကျိုးကျေးဇူး ရလာခဲ့သည်၊ ‌ဈေးကွက် ပေါက်ဈေး အတိုင်း မျောထားမည် ဆိုလျင် အမြဲလို အပြောင်းအလဲ ရှိနေ၍ ကြိုတင် ခန့်မှန်း တွက်ချက်၍ မလွယ်ကူ လှပေ။ ရှေ့လာမည့် လများ၊ နှစ်များတွင် နိုင်ငံသုံး ငွေ ပမာဏ မည်ရွေ့မည်မျှ သုံးစွဲရမည်၊ မြုပ်နှံရမည် ဆိုသည်ကို ကြိုတင် သိနိုင်ကြ၍ လုပ်ငန်း စာချုပ်များကိုလည်း လွယ်လင့်တကူ ချုပ်ဆို နိုင်ကြသည်။

 

သို့သော် ငွေတန်ဖိုး ကို ပုံသေ သတ်မှတ်ထားကြ‌ သော်လည်း တည်ငြိမ်မှု ရှိ‌ နေသည်ဟု ပြော၍ မရပေ။ အစိုးရများက မည်သို့ပင် သတ်မှတ်ထား‌ စေကာမူ ဈေးကွက်သည် အခြေအနေ နှင့် အချိန်အခါ ကို မုတည်၍ ၎င်းတို့၏ ငွေကြေး မည်ရွေ့မည်မျှ တန်သည်ကို သိထားကြ၍ ဖြစ်သည်။

 

ဈေးကွက်သည် သက်ဆိုင်ရာ နိုင်ငံ၏ ငွေကြေး အပေါ် အယုံအကြည် ကင်းမဲ့လာကြ သည့် အခါမျိုး တွင် အစိုးရသည် ၎င်းတို့စုဆောင်းထားသည့် နိုင်ငံခြား ငွေ အထူးသဖြင့် ဒေါ်လာများနှင့် ပြင်ပတွင် လည်ပတ်နေသော နိုင်ငံသုံး ငွေ များကို ပြန်၍ ဝယ်ယူပြီး ငွေတန်ဖိုး တက်အောင် လုပ်လာကြရသည်။

 

သို့သော် ၎င်းတို့ရှိ ဒေါ်လာငွေများ ကုန်ခမ်းသွားသည့် အခါမျိုးတော့ ဆက်၍ မဝယ်နိုင်တော့၊ ထို အခါ တွင် ပြင်ပ ပေါက်ဈေး နှင့် ၎င်းတို့ သတ်မှတ်ထားသည် အလွန်အမင်း ကွာဟလာသည်။ အစိုးရသည်လည်း မတတ်သာတော့ဘဲ ၎င်းတို့၏ ငွေတန်ဖိုးကို ချ ပစ်လာရသည်။ ဤသို့ဖြင် ပြင်ပ ဈေးကွက်မှ သတ်မှတ်ပေးထားသည့် တန်ဖိုးကို လက်ခံလိုက်ရခြင်းပင် ဖြစ်သည်။

 

အစိုးရမှ ထိုသို့ ငွေတန်ဖိုး မဖြစ်မနေ ချပေးလိုက်ရခြင်းကြောင့် စီးပွားရေး ဖက်တွင် ကမောက်ကမ ဖြစ်လာခဲ့ယုံမက အစိုးရအား နိုင်ငံရေး အရ ပါ ထိခိုက်သွားခဲ့ရသည်။

 

တဖက် တွင်လည်း အမေရိကန်သည် ကုန်သွယ်‌ ရေး ပို‌ ငွေ ပြမှုကြောင့် ၎င်းတို့ ဒေါ်လာငွေ အမြောက်အမြား လက်ဝယ်ရှိနေသော နိုင်ငံများသည် ငွေတန်ဖိုးကို တဖန် ပြန်၍ မြှင့်ပြီး သတ်မှတ်ပေးခြင်း မရှိမှု ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်လာသည်။

 

ထိုသို့ လုပ်မည်ဆိုက ၎င်းတို့၏ ပို့ကုန်များ ဈေး အလွန် မြင့်တက်လာပြီး သွင်းကုန်များ ဈေးချိုချို နှင့် ဝင်ရောက်လာမည် ဖြစ်သည်။ ပို့ကုန်များ ဈေးနှုန်း မြင့်တက်လာ၍ ဝယ်ယူ တင်သွင်းသူ နည်းပါး သွားသည်။ ထိုအခါတွင် တခါက ကုန်သွယ်ရေး တွင် ပိုငွေ ပြနေသည့် အတိုင်းအတာ သည်လည်း လျော့ကျ သွားတော့မည် ဖြစ်သည်။ သို့သော် အခြား နိုင်ငံများရှိကုန်ပစ္စည်း ထုတ်လုပ်သူများ နှင့် ပို့ကုန်သမားများ ဈေးချိုချို နှင့် အဆင်ပြေသွားခဲ့သည်။ ဝင်ငွေ လျော့နည်းသွားသဖြင့် နိုင်ငံခြား အရံငွေသည်လည်း အတိုင်းအတာ တခုအထိ သာ ရှိလာတော့မည် ဖြစ်သည်။