မန္တလေး မြို့သိမ်း တိုက်ပွဲ TNLA ပံ့ပိုးပေးမည်လော

by Hla Soewai - Sep 30 2024

ယခုအခါ မန္တလေး သည် ပြည်သူ တော်လှန်ရေး တပ်များ၏ ဝိုင်းပိတ်ခံထားရသည့် မြို့ကြီး သဖွယ် ဖြစ်လာနေသည်။ သို့သော် မြို့သူမြို့သားများကတော့ ၎င်းတို့ ၏ မြို့တံခါး ဝ မှ ဝင်ရောက်လာမည့် တော်လှန်ရေး တပ်ဖွဲ့များကို ရန်သူဟု ယူဆကြမည် မဟုတ်ဟု အယ်ဂျာဇီယား သတင်းတွင် ရေးသားထားသည်။

 

ဒေသခံများ အဖို့ နှစ်ပေါင်း ၇၀ ကျော် အတွင်း တခါဖူးမျှ မကြုံခဲ့ကြဘူးသည် အနေအထား မျိုးပင် ဖြစ်သည်။ ၎င်းတို့အဖို့ တိုက်ပွဲများ ပို၍ ပြင်းထန် မလာမချင်း မြို့ကို စွန့်ခွာကြ မည် မဟုတ်ဟု ယူဆရသည်။

 

ယခုအခါ ပြည်သူ့ တော်လှန်ရေး တပ်များသည် မန္တလေး မြောက်ဖက်ရှိ မြို့ လေး မြို့ကို သိမ်းပိုက်ထား နိုင်ခဲ့ပြီ ဖြစ်၍ လူဦးရေ နှစ်သန်း ခန့်ရှိ မန္တလေး နှင့် လက်တကမ်း အကွာ အဆင့် အထိ ရောက်လာခဲ့သည်။

 

ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ကို ရက်စက်စွာ ဖိနှိပ်ခဲ့မှု ကြောင့် ၎င်းတို့ မြို့များကို စွန့်ခွာ တိမ်းရှောင်သွားခဲ့ကြရသည့် လူငယ်များသည် လက်နက် အပြည့်အစုံ နှင့် ၎င်းတို့ ဒေသများသို့ ပြန်ရောက်လာခဲ့ကြပြီ ဖြစ်သည်။

 

ထိုအထဲတွင် စစ်တပ်အား ကြောက်မက်ဖွယ် အဆင့်အထိ ရောက်အောင် ကောင်းစွာ ဒုက္ခပေးနိုင်သူများသည် TNLA ၏ လေ့ကျင့်ပေးခဲ့သည့် မန္တလေး ပီဒီအက်ဖ် များပင် ဖြစ်သည်။ 

 

မန္တလေး ပီဒီအက်ဖ်သည် လွန်စွာ အင်အားတောင့်တင်းလာ၍ TNLA ၏ ခြေတံလက်တံများဟုပင် ပြော၍ ရသည်ဟု ဂျိမ်း ကာကွယ်ရေး နှင့် လုံခြုံရေး စာစောင်၏ သုတေသီ အန်ထနီ ဒေးဗီစ်က ပြောလာသည်။

 

နိုင်ငံတကာ မဟာဗျုဟာ လေ့လာရေး အင်စတီကျူ မှ မော်ဂန် မိုက်ကယ် ကလည်း ထိုအဖွဲ့၏ အောင်မြင်မှု များသည် TNLA နှင့် တိုက်ရိုက်ဆက်စပ်နေပြီး မန္တလေး ဒေသကြီးတွင် ၎င်းတို့ဖာသာ ရပ်တည်လှုပ်ရှား နိုင်နေပြီ ဖြစ်သော်လည်း TNLA ၏ ထိန်းချုပ် ကွပ်ကဲမှု အောက်တွင် ရှိနေဆဲ ဖြစ်သည်ဟု ဆိုသည်။

 

မန္တလေး ကို အပြီးသတ် သိမ်းနိုင်ရန် မူTNLA ၏ ပံ့ပိုးပေးမှု လိုအပ်နေသည်။ သို့သော် TNLA မှ ထိုမျှ အထိ လုပ်ပေးမည်လား ဆိုသည်ကား သဲသဲကွဲကွဲ မသိရသေးပေ။ ၎င်းတို့၏ အနီးကပ်ဆုံး မဟာမိတ် MNDAA သည် မန္တလေး ထိ ထိုးစစ်ဆင်မည် မဟုတ်ဟု ကြေညာထားခဲ့ပြီး ဖြစ်သည်။ ဤသည်ကလည်း လက်ရှိ ပဋိပက္ခ အား အလွန်အကျွံ ထိ ဖြစ်မသွားအောင် တရုတ် ဖက်က ဖိအားပေး ထိန်းချုပ်လာခြင်းကြောင့်လည်း ဖြစ်သည်။

 

တော်လှန်ရေး တပ်များက မန္တလေး အထိ ထိုးစစ် မဆင်နိုင်ခဲ့လျှင်ပင် လက်ရှိ ရရှိထားသော နယ်မြေများသည် တိုင်းရင်းသားများ လက်ဝယ် ရောက်နေပြီ ဖြစ်သော အစိတ်အပိုင်းများ နှင့် ဆက်စပ် လှုပ်ရှား နိုင်ပြီ ဖြစ်၍ မဟာဗျူဟာ အရ လွန်စွာ အရေးပါ နေပြီ ဖြစ်သည်။ တော်လှန် ရေး အတွက်သယ်ယူ ပို့ဆောင်ရေး နှင့် စစ်ဆင်ရေး များ ပေါင်းစပ် ဖေါ်ဆောင်နိုင်စွမ်း ရှိလာသဖြင့် အဆုံးအဖြတ် ပေးလာနိုင်သည့် အဆင့် ဖြစ်သွား နိုင် ဖွယ် ရှိသည်ဟု အန်သနီ ဒေးဗီ က ဆိုသည်။

 

မန္တလေး အား တိုက်မည် ဆိုက မြို့နေ လူထု အတွက် အန္တရာယ် ကြီး ကျရောက်လာနိုင်သည်ဟု သတိပေးထားပြီး ဖြစ်ခဲ့သမျှ စစ်ကြီး တလျောက်တွင် အကြီးမားဆုံး နှင့် အပြင်းထန် ဆုံး အကျပ်အတည်း ကြီး ဖြစ်လာလိမ့်မည်ဟု မော်ဂန် မိုက်ကယ် က ပြောခဲ့သည်။

 

အရပ်သားများကို အကာအကွယ် ပေးသွားရန် ရှိသည့် တာဝန်ကို ဖြည့်ဆည်း နိုင်ဖို့ပင် အခက်အခဲများ ကြုံလာရနိုင်သည်။ အဓိက ကျသည့် လူနေ အဆောက်အဉီးများ၊ ဝန်ဆောင်မှု ပေးနေသည့် အခြေခံ လုပ်ငန်းများ နေရာတိုင်းတွင် ရှိနေ၍လည်း ဖြစ်သည်။

 

သို့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များက စစ်ဗိုလ်ချုပ်များကို အာဏာမှ အပြီးအပိုင် ဖယ်ရှားနိုင်ဖို့ မဖြစ်မနေ လုပ်ရမည့် အရေး အဖြစ် ခံယူထားကြသည်။

 

မန္တလေးကို သိမ်းနိုင်ခဲ့လျှင် တော်လှန်ရေး အောင်မြင် ပြီးမြောက်ဖို့ လွန်စွာ နီးကပ်လာတော့မည် ဖြစ်သည်ဟု တပ်ဖွဲ့ဝင် တဦး ၏ အပြောအား ကိုးကား၍ အယ်ဂျာဇီးယား မှ ဖေါ်ပြထားသည်။

 

ထိုသို့ အခြေ အနေများ ရှိလာနေချိန်တွင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်မှ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး ၎င်းနေရာ ‌ဗာတီကန် တွင် လာရောက် နေရန် စီစဉ် ပေးမည်ဟု အင်ဒိုနီးရှားသို့ ရောက်ရှိခဲ့စဉ် အတွင်း လူသိရှင်ကြား ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

 

ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံတော် အတိုင်ပင်ခံ ၏ အုပ်ချုပ်မှု အောက် တိုင်းပြည် လျှမ်းလျမ်းတောက် ဖြစ်လာချိန် ၂၀၁၇ ဒီဇင်ဘာလ တွင် မြန်မာ နိုင်ငံသို့ တရားဝင် အလည်အပတ် ခရီး ရောက်ရှိခဲ့ဖူးသူ ဖြစ်သည်။

 

သက်တော် ၈၇ နှစ် ရှိပြီ ဖြစ်သော ပုပ်ရဟန်းမင်းကြီးသည် သားဖြစ်သူ အား ဗာတီကန်တွင် လက်ခံ တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ သို့သော် သူမသည် ရှေ့နေများ နှင့် တွေ့ခွင့်မရ ဖြစ်နေသည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရေး၏ အမှတ်တံဆိပ် သင်္ကေတ လည်း ဖြစ်၍ ကာကွယ်ပေးရမည် ဟု ဆိုပြီး နိုင်ငံတွင်းရှိ ခရစ်ယာန် အသင်း အဖွဲ့များ၏ သတ္တိရှိမှု အားလည်း စစ်သားများရှေ့ ဒူးထောက်၍ လက်ကို မြှောက်ကာ ဟန့်တားခဲ့သည့် သီလရှင် အားလည်း ရည်ညွှန်းပြောဆိုသွားခဲ့သည်။

 

စက်တင်ဘာ ၂၃ ရက်တွင် အင်းစိန် ထောင် ဗုံးခွဲမှု တွင် ပါဝင် ပတ်သက်သည် ဆိုကာ ကိုကောင်းထက် နှင့် ဇနီး ဖြစ်သူ မချမ်းမြေ့သူ အား ကြိုးပေး စီရင်လိုက်ကြပြီ ဆိုသော သတင်းထွက်ပေါ်လာမှု အပေါ် လူ့အခွင့်အရေး အဖွဲ့များက အပြင်းအထန် ရှုတ်ချ လိုက်ကြပြီး ယခု အခါ ၎င်းတို့အား ရှုတ်ချ နေယုံမျှ နှင့် မလုံလောက်တော့ဟု ပြတ်ပြတ်သားသား အရေးယူနိုင်မှ ဖြစ်တော့မည်ဟု အဖွဲ့ပေါင်း ၈၇ ဖွဲ့ ပါသည့် အာရှ လူ့အခွင့်အရေး နှင့် ဖွံဖြိုးမှု ဖိုရမ်မှ အမှု ဆောင် ဒါရိုက်တာ Mary Aileen Diez-Bacalso က တောင်းဆိုလိုက်သည်။

 

စာရင်းပေါက်နေသည့် လူငါးဦး၏ ကံကြမ္မာကို အတိအကျ မသိရသေးဟု ဆိုသည်။

 

မချမ်းမြေ့သူသည် စစ်ကောင်စီ၏ ပထမဆုံး ကွပ်မျက်ခံခဲ့ရသော အမျိုးသမီး ဖြစ်လာခဲ့သည်။

 

ကုလမှ ဖွဲ့စည်းပေးထားသည့် လွတ်လပ်သော စုံစမ်းရေး ယန္တရား လုပ်ငန်း အဖွဲ့မှလည်း အဆိုပါ လုပ်ရပ်အားလည်း ပြစ်တင်ရှုတိချလာပြီး အနီးကပ် စောင့်ကြည့် လေ့လာနေသည်ဟု ပြောဆိုခဲ့သည်။

 

မင်း‌ အောင်လှိုင်သည် ရန်ကုန်သို့ တံတား ဖွင့်ပွဲ ရောက်လာသည့် ၎င်းအား လုပ်ကြံရန် အထိ ကြံစည်လာကြသော မြို့ပြ ပျောက်ကျား တပ်ဖွဲ့များ အား အထူး စိုးရိမ် ထိတ်လန့်လာမှု ကြောင့် ကြောက်ကန် ကန်လာခြင်းလည်း ဖြစ်သည်။

 

ယခုအခါ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး စတင် ကျင်းပနေပြီး နိုင်ငံ ခေါင်းဆောင်များ စုဝေး ရောက်ရှိနေချိန်တွင် ယခုလို လူမဆန်သည့် လုပ်ရပ် ကျူးလွန်လိုက်ခြင်းသည် ၎င်း ၏ အမျှော်အမြင် ကင်းမဲ့မှု သည် ပို၍ ထင်ရှား ပေါ်လွင်လာခဲ့ရသည်။

 

မည်သို့ပင် ဆိုစေ ထိုသို့ လူမဆန်‌ သော လုပ်ရပ်များ ကြောင့်ကမ္ဘာအလယ် တွင် ၎င်းတို့၏ ရပ်တည်ရာ ရပ်တည်ကြောင်းသည် တဖြေးဖြေး ကျဉ်း မြောင်းလာနေပြီ ဖြစ်သည်။

 

အိန္ဒိယ သည် စစ်ကောင်စီမှ အကြမ်းဖက် အဖွဲ့ဟု ကြေညာထားသော အမျိုးသား ညီညွတ်ရေး အစိုးရ အား အစည်းအဝေး တက်ရန် မကြုံစဖူး ဖိတ်ကြားလာသည်။

 

ဂျပန် အစိုးရမှ မင်းအောင်လှိုင်လို လူမျိုးအား ၎င်းတို့၏ သံအမတ် အသစ် ဖြစ်သူမှ အရိုအသေ ပေးကာ သံအမတ် ခန့်အပ်လွှာ ပေးရမည့် အရေးကို ရှောင်ရှားလို၍ ဒုတိယ သံမှုး အဆင့် ရှိသူအား သံရုံးယာယီ တာဝန်ခံ ခန့်အပ်၍ သံတမန် ဆက်ဆံရေး အဆင့် လျော့ချ လိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!