စစ်ကောင်စီ သည် ဒီမိုကရေစီ အရေး ပါဝင်လှုပ်ရှားသူ ငါးဦး အား ကွပ်မျက်တော့မည်ဟူသော သတင်းများ သည် သတ်မှတ်ထားသည့် ရက်နီးလာသည် နှင့် အမျှ စိုးရိမ်ပူပန်မှု များ တိုး၍ ဖြစ်ပေါ်လာနေသည်။
အကြမ်းဖက် စစ်ကောင်စီ သည် ပြည်တွင်း ပြည်ပ မှတုန့်ပြန်လာနိုင်မည့် အလားအလာ များကို ချိန်ဆနိုင်ရန် ထိုကဲ့သို့သော သတင်းများကို မသိမသာ အပြင်သို့ ကြိုတင် ပေါက်ကြား အောင် ပြုလုပ်လေ့ ရှိစမြဲပင် ဖြစ်သည်။
လူ့ အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့၏ အဆိုအရ ခိုင်လုံသော သတင်းရပ်ကွက်များ မှ သတင်း အတိအကျ ရထားသည်ဟု ဆိုကာ နာမည်စာရင်းနှင့် တကွ ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။ ထိုစာရင်းအရ ကိုဇေယျာဖြိုး (၃၂ နှစ်)၊ ကိုဆန်းမင်းအောင် (၂၄ နှစ်)၊ ကိုကျော်ဝင်းစိုး (၃၃ နှစ်)၊ ကောငိးပြည့်စုံဦး (၂၇ နှစ်) နှင့် မမြတ်ဖြိုးပွင့် (အသက်မသိရ) တို့ ဖြစ်သည်။
အဆိုပါ ပုဂ္ဂိုလ် ငါးဦးအား လူသတ်မှု၊ လက်နက် တရားမဝင် ကိုင်ဆောင်မှု အစရှိသည့် စွဲချက်ပေါင်းစုံ ဖြင့် စွပ်စွဲထားခြင်း ဖြစ်သည်။ အဓိက အားဖြင့် ရန်ကုန် မြို့ပတ်ရထား ပေါ်တွင် ရဲများအား ပစ်ခတ်ခဲ့မှု ဖြင့် အမှု ဆင် တည်ဆောက်ထားခြင်း ပင် ဖြစ်သည်။
ထိုအမှု အား တံခါးပိတ် ကြားနာ စီရင်ပုံ နှင့် အပြီးသတ် သေဒဏ် ချမှတ်ခြင်းသည် လူ့အခွင့်အရေး ကို အကြီးအကျယ် ချိုးဖောက်ခဲ့ယုံမက နိုင်ငံတကာ ဥပဒေ စံနှုန်းများကို ပြောင်ပြောင်တင်းတင်း မထေမဲ့မြင် ပြုခြင်း ဖြစ်သည်ဟု အဆိုပါ အဖွဲ့ကြီးက ဆိုပြီး ဆက်၍ မလုပ်ရန် တောင်းဆိုခဲ့သည်။
၎င်းတို့ အထူးတလည် စိုးရိမ်မကင်း ဖြစ်လာရသည်က ယခုတကြိမ် သည် စစ်ခုံရုံးက မဟုတ်ဘဲ အရပ်ဖက် တရားရုံး မှ စီရင်ချက် ချထား ခဲ့မှုအား အကောင် အထည် ဖေါ်လာမည့် အရေးပင် ဖြစ်သည်။
ဗီအိုအေ သတင်းတွင် ၎င်းတို့၏ ခန္ဓာကိုယ် အရွယ်အသစား အလေးချိန် နှင့် လည်ပင်း အတိုင်းအတာ များ ယူခဲ့ကြောင်း ဖေါ်ပြထားသည်။
အကျဉ်းထောင် လက်စွဲဥပ ဒေ အရ မိသားစု ဝင်များ အား ၂၄ နာရီ အတွင်း ကြိုတင် အကြောင်းကြားပြီး တွေ့ဆုံခွင့် ပေးရသော်လည်း ယခု အချိန်အထိ လာရောက် အကြောင်းကြားမှု တစုံတရာ မရှိသေးဟု မိသားစု ဝင်များက အတည်ပြုပြောဆိုမှု များ ရှိနေသည်။
လောလောဆယ် တွင် သေဒဏ်ချ မှတ် ခံထားရသူ ပေါင်း ၁၁၂ ဦး ရှိပြီး မျက်ကွယ်တွင် စီရင်ခံရသူ ၄၂ ဦး ရှိနေသည်ဟု သိရသည်။
တရားဥပဒေ ကြောင်းအရ မဟုတ်ပဲ ၎င်းတို့ အပေါ် ဆန့်ကျင်သူများအား လက်စားချေနေ ခြင်း ဖြစ်ပြီး လက်ရှိ အနေအထားတွင် ၎င်းတို့သာ အာဏာပိုင်များ ဖြစ်နေဆဲ ဆိုသည်ကို ပြသလို၍ ဖြစ်မည်ဟု Union Catholic News တွင် ဆောင်းပါးရှင် လုဟန့်က ရေးသားထားသည်။
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆန် တာဝါက စစ်ကောင်စီ သည် တရုတ်နှင့် ပို၍ နီးနီးကပ်ကပ် ဆက်ဆံလာပြီး ၎င်းတို့ဖက် ယိမ်းလာနေသည်ကို တွေ့လာရ၍ ယခု လို ရဲတင်းလာခြင်း ဖြစ်မည်ဟု သုံးသပ်ထားသည်။
နိုင်ငံတွင်း အခြေအနေများ အား ရေရှည် တည်တံ့ နိုင်မည့် အဖြေရှာခြင်းမျိုး မရှိပဲ ဒေသတွင်း နိုင်ငံများ သည် လက်ရှိ တရားမဝင် အုပ်ချုပ်နေသူများကိုသာ ထောက်ခံမှု ပေးချင်နေကြသည်ဟု ထောက်ပြသွားခဲ့သည်။
လက်ရှိတွင် အပြစ်မဲ့ ပြည်သူများသည် လေကြောင်းမှ လက်စားချေ တိုက်ခိုက်နေမှု များကြောင့် နေ့စဉ်လို ကြိုးပေးခံနေကြရပြီ ဖြစ်သည်။
DVB မှ ကောက်ယူရရှိထားသော စာရင်းအရ စက်တင်ဘာ ၉ ရက်မှ ၁၈ ရက် အတွင်း အကြမ်းဖက် စစ်အဖွဲ့သည် လေကြောင်းမှ နိုင်ငံ အနှံ စုစုပေါင်း ၃၁ ကြိမ် တိုက်ခိုက်ခဲ့ရာ ၆၄ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။
ထိုသို့ ဗုံးကြဲ တိုက်ခိုက်သည့် အထဲတွင် မကြာမီက ၎င်းတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုပါသည်၊ ပြည်သူ အများ ၏ ထောက်ခံမှု ရထားသော အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် မပူးပေါင်းပါဟု ဝန်ခံကတိပြု ကြေညာချက် ထုတ်ထားသော MNDAA သိမ်းပိုက်ထားသည့် လားရှိုး မြို့လည်း ပါဝင်နေသည်။ MNDAA၏ တနင်္ဂနွေ နေ့ က ထုတ်ဖေါ် ပြောဆိုချက်အရ လားရှိုးကို သိမ်းပိုက်အပြီး နောက်တွင် လေကြောင်းမှ လေးကြိမ်တိတိ တိုက်ခိုက်ပြီး ဖြစ်သည်ဟု သိရသည်။
ကျန် ညီနောင် အဖွဲ့ဝင်များ ဖြစ်သည့် TNLA သည် နောင်ချို နှင့် သီပေါ တဝိုက်တွင် ၎င်း၊ AA သည် ရခိုင် ဖက်တွင် ၎င်း အကြမ်းဖက် စစ်အဖွဲ့အား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိနေသည်။
အိန္ဒိယသည် ၎င်း၏ နယ်ခြား ဒေသ မတည်မငြိမ် ဖြစ်လာပြီး မြန်မာဖက်မှ လက်နက်ကိုင် စစ်သွေးကြွ များ စိမ့်ဝင်လာနေပြီ ဆိုသော သတင်းများ နှင့် ထွက်ပေါ်လာမှု နှင့် အတူ ယခု အခါ အိန္ဒိယ ကမ္ဘာရေးရာ ကောင်စီမှ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ချင်း၊ ရခိုင်နှင့် ကချင် တော်လှန်ရေး တပ်ဖွဲ့များအား နိုဝင်ဘာလ လယ်တွင် ပြုလုပ်မည့် နှီးနှောဖလှယ်ပွဲ သို့ တက်ရောက်ရန် ဖိတ်ကြားထားပြီး ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနမှ အထူးသတင်း အဖြစ် ဖေါ်ပြလာသည်။
ယင်းသည် မြန်မာ့ တော်လှန်ရေး အုပ်စုများအား အိန္ဒိယ အစိုးရဖက်မှ ပထမဆုံးအကြိမ် အလေးအနက် ထား ဆက်သွယ် လာခြင်း ဖြစ်သည်ဟု စင်္ကာပူ အခြေစိုက် သုတေသီ တဦးက ဆိုသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ်သော လူထု ကျန်းမာရေး ဆိုင်ရာ အစည်းအဝေးများတက်ရောက်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးအား ဖိတ်ကြားခဲဲ့ကြောင်း ဧရာဝတီ သတင်း တွင် ပါရှိလာခဲ့သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!