ပြည်သူများ ဒီမိုကရေစီ နည်းလမ်း ဖြင့် တရားဝင် ရွေးချယ် တင်မြှောက်ထားသော အစိုးရ ထံမှ တရားမဲ့ အာဏာ သိမ်းပြီး နောက်တွင် စစ်တပ်အား ဥပဒေ ကို လေးစား လိုက်နာကြမည့် အဖွဲ့အစည်း အဖြစ် မည်သူကမျှ မျှော်လင့်ထားကြခြင်း မရှိ၍ အဆန်းတကြယ် တော့ မဟုတ်ဟု အစချီကာ ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ ဇာခါရီ အဘူဇာ က RFA တွင် ရေးသားလာခဲ့သည်။
သို့သော် ၁၀၂၇ စစ်ဆင်ရေး ကြီး စတင်လာပြီး နောက်တွင်မူ ဥပဒေ ဆိုတာ ချို နဲ့လားဟု မေးရလောက်အောင် ရာဇဝတ်မှု များကို ဂမူးရှူးထိုး ဆက်တိုက် ကျုးလွန် လာကြသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကုလ အစီရင်ခံစာတွင် ၂၀၂၃ ဧပြီ မှ ၂၀၂၄ ဇွန်လ အတွင်း အရပ်သား သေဆုံးမှု သည် ၅၀ ရာနှုန်းခန့် မြင့်တက်လာနေသည်ဟု ဖေါ်ပြထားသည်။
ယခုအခါ တယ်လီဂရန် ချန်နယ်မှ စစ်တပ် ထောက်ခံသူ များ ထံမှ ထွက်လာသော သတင်းများအရ နောက်ထပ် အမျိုးသမီး တဦး အပါအဝင် တက်ကြွလှုပ်ရှားသူ ငါးဦး အား ကွပ်မျက်ရန် ပြင်ဆင်နေသည်ဟု သိလာရသည်။
၎င်းတို့ အာဏာသိမ်းပြီး ချိန်ကစ၍ ယခုထိ သေဒဏ် ချခံရသူ စုစုပေါင်း ၁၁၂ ဦး ထိ ရှိလာပြီ ဖြစ်သည်။ ယခု လို ကွပ်မျက်ရန် စီစဉ်လာခြင်းသည် စစ်မြေပြင် တွင် အရှူံးများ ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရသော်လည်း ၎င်းတို့သည် အုပ်ချုပ်ရေး အာဏာ ကို အခိုင်အမာ ဆုပ်ကိုင်ထားဆဲ ဆိုသည်ကို ပြည်တွင်း ပြည်ပ ကို ထုတ်ပြနိုင်ရန် အတွက် ဖြစ်သည်။
ကမ္ဘာကြီးကတော့ ဖြတ် လေး ဖြတ် ဆိုကာ ၎င်းတို့ ကျူးလွန်နေသမျှ ကို နားရေ ထူလာ နေပြီ ဖြစ်သည်။ စစ်ရာဇဝတ်မှု များအား ၎င်းတို့၏ တရားဝင် စစ်ဗျူဟာ အဖြစ် ဗြောင်ကျကျ ပြောင်းလဲ ကျင့်သုံးနေပြီး ထိုသို့ ကျုးလွန်ခြင်းသည် လုပ်သင့် လုပ်ထိုက်ကြောင်း အောက်လက်ငယ်သားများ၏ ခေါင်းထဲ ရိုက်သွင်းထားပြီး အားပေးအားမြှောက်ပင် ပြုလုပ်လာကြသည်။
မင်းအောင်လှိုင် တပ်များသည် ယခုအခါ နိုင်ငံတဝှမ်း စစ်မျက်နှာ ခြောက်ခု ဖြန့်ကာ ပြည်သူတော်လှန်ရေး တပ်ဖွဲ့များ နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ စစ်မျက်နှာ အားလုံးတွင်လည်း အရေးနိမ့်လာနေပြီ ဖြစ်သည်။ ရှမ်းမြောက်ဒေသ တွင်ပင် နယ်မြေ စုစုပေါင်း၏ ၆၀ ရာနှုန်း လက်လွှတ်ခဲ့ရပြီး ဖြစ်သည်။
ထိုသို့ စစ်မျက်နှာ အသီးသီး တွင် အရေးနိမ့်လာနေမှု အား လက်တုန့်ပြန်နိုင်သည့် နည်းလမ်း အဖြစ် လေကြောင်းမှ တိုး၍ ဗုံးကြဲ တိုက်ခိုက်လာကြသည်။ ပြည်သူတော်လှန်ရေး တပ်ဖွဲ့များကို မချေမှုန်းနိုင်လျင် ၎င်းတို့ကို ထောက်ခံနေသည့် ပြည်သူများကို သတ်ဖြတ် နိုင်ရန် ပင် ဖြစ်သည်။
စစ်ခေါင်း ဆောင်များ ၏ ရက်စက် ကြမ်းကြုပ်မှုများသည် ပြည်သူများကိုသာ မက ၎င်းတို့ အတွက် အသက်ပေး တိုက်ခိုက် ပေးနေသည့် လက်အောက််ငယ်သား များ၏ ချွေးနှဲစာကိုပင် ချမ်းသာမပေးပဲ လုယက်ယူငင် လာကြသည်။
တပ်သားများသည် ၎င်းတို့၏ လစာ မလောက်မငှ ရနေသည့် ကြားမှ ဦးပိုင် အဖွဲ့အစည်းများ အတွက် လစဉ် လို ငွေထဲ့ဝင်ပေးကြရသည်။ နှစ်ကုန်တွင် ဦးပိုင်မှ ၎င်းတို့အား အကျိုးအမြတ် ခွဲဝေပေးရမည် ဖြစ်သည်။ သို့သော် အာဏာသိမ်းပြီး ချိန်ကစ၍ ယခုအထိ တပြားတချပ်မျှပင် ခွဲဝေပေးခဲ့ခြင်း မရှိသေးပေ။
၎င်းတို့၏ အာမခံကြေး အစီအစဉ်သည် ကမ်းကုန်အောင် ဆိုးဝါးလှသည်။ အာမခံ လုပ်ငန်း အတွက် ၂၀၁၂ အကုန်ပိုင်းလောက်တွင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ မှ အောင်မြင့်မိုရ် အမည် ဖြင့် ကုမ္ပဏီ ထူထောင်လာခဲ့ပြီး ၂၀၁၅ တွင် အစိုးရ အာမခံ လုပ်ငန်းနေရာတွင် ၎င်း တဦးတည်း မောင်ပိုင် စီးနိုင်သည့် အဖြစ် ရောက်လာခဲ့သည်။
အောက်ဆုံး အဆင့် စစ်သားတဦးလျှင် ကျပ်ငွေ ငါးသိန်း တန် အာမခံ ပေါ်လစီကို နှစ်နှစ် ကာလ အတွက် မဖြစ်မနေ ဝယ်ယူကြရပြီး ထို့အတွက် လစဉ် ၈,၄၀၀ ကျပ် ပေးသွင်းရသည်။
လက်ရှိ တွင် လူသစ် ငါးသုပ် အပါအဝင် ၎င်းတို့၏ တပ်သားများ အကျအဆုံး များသည်ထက် များလာနေပြီ ဖြစ်၍ သား ဖြစ်သူ အဖို့ ရသည်နှင့် မကာမိအောင် ပေးလျော်နေရပြီ ဖြစ်သည်။ ထိုသို့ အခြေအနေများကြားတွင် ကုမ္ပဏီ၏ အရံငွေ ဂရပ်မျဉ်းသည် လည်း ဆိုးရွားလာနေသော စီးပွားရေး အခြေအနေများ နှင့် လုပ်ငန်းများ တိုးချဲ့ ရင်းနှီး မြုပ်နှံ နိုင်စွမ်း မရှိတော့၍ အဖြောင့် အတိုင်း သာ ရှိလာခဲ့သည်။
ထို အနေအထား တွင် လောဘဇော တိုက်နေသော မင်းအောင်လှိုင် မိသားစု သည် ပေးစရာ ရှိသည်များကို မပေးတော့ဘဲ သေဆုံးသွားသည့် စစ်သားများ အား "တိုက်ပွဲတွင် ပျောက်ဆုံး" စာရင်းသွင်းကာ လိမ်လည်လှည့်ဖျား လာတော့သည်။ လိမ်၍ မရ ဖြစ်လာလျင် စာရင်းဇယား များ ပြန်လှန်ကာ လစဉ် သွင်းရန် တခါတရံ ပျက်ကွက်ခဲ့သည်များ တွေ့က ယင်းကို ယိုးမယ်ဖွဲ့ကာ ထုတ်မပေးတော့။ တော်လှန်ရေး တပ်များ ဖက်သို့ ဘက်ပြောင်းသွားသူ ခန့်မှန်း ခြေ ၂၀,၀၀၀ ခန့်၏ လစဉ်ထည့်ဝင်ငွေများသည် ၎င်းတို့ အဖို့ သပိတ်ဝင် အိတ်ဝင် ဖြစ်လာခဲ့သည်။
ထိုသို့သော နည်းလမ်းပေါင်းစုံ ဖြင့် ၎င်းတို့ အတွက် အသက်ပေး တိုက်ခိုက်ပေးနေရသူများ၏ ငွေကို ပြောင်ပြောင်တင်းတင်း ခိုးယူလာကြသည်။
စီးပွားရေး အား စီမံခန့်ခွဲရာတွင် သုံးစားမရ ဖြစ်လာသည့် အတွက် စစ်စရိတ်အတွက် အခွန်ငွေ များ ကျဆင်းလာသည် နှင့် အမျှ ထိုသို့ လိမ်လည်လှည့်ဖျား လာကြခြင်းလည်း ဖြစ်သည်။
အထူးသဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ နွေဦး ထီ အပါအဝင် နယ်မြေ အမြောက်အမြား လက်လွှတ်ခဲ့ရခြင်း သည်လည်း ဝင်ငွေ ကျဆင်းရာ ကျဆင်းကြောင်း အကြောင်းများတွင် တခုအဖြစ် ပါဝင်လာခဲ့သည်။
ထိုအထဲတွင် MOGE ပိုင် ရေနံတွင်း လေးခု၊ ကျောက်မီးသွေး၊ သံဖြူ၊ ခဲ နှင့် ပတ္တမြား တွင်းများ ပါဝင်ခဲ့သည်။ ကျောက်စိမ်း နှင့် ရှားပါး မြေသား သတ္တု များ ထွက်ရှိရာ ဖားကန့် တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိနေသည်။
ရေအားလျပ်စစ် ထုတ်လုပ်ရာ ဆည်ကြီး နှစ်ခု အားလည်း တော်လှန်ရေး တပ်များက သိမ်းပိုက်ထားပြီး ဖြစ်သည်။ အချို့ဆည် များလည်း ဝ တပ်များ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိသွားခဲ့သည်။
တချိန်က ၎င်းတို့ အတွက် ဝင်ငွေ များ ရနေသည့် တရုတ် နယ်စပ်ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းများလည်း ပြိုကွဲ ကုန်သည်။ ထိုဂိုဏ်းများသည် ရန်ကုန် နှင့် ထိုင်း နယ်စပ်ဖက်သို့ ရွှေ့ပြောင်းကုန်၍ ယခင်ကလောက် မဟုတ်သော်လည်း ရတန်သ လောက် ဆက်၍ ရနေဆဲ ဖြစ်သည်။
ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ ထံမှလည်း ငွေများ ညှစ်ထုတ်လာကြပြန်သည်။ အခွန်ဦးစီး ဌာနသည်လည်း ယခုအခါ ၎င်းတို့အတွက် ခြိမ်းခြောက် ငွေညှစ်ပေးရသည့် ဌာနကြီး အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အခွန်ငွေ ကောက်၍ လူထု အတွက် အကျိုးရှိရာ ရှိကြောင်း လုပ်ဆောင်ပေးခြင်းမျိုးလည်း မရှိ၍ လုပ်ငန်းရှင်များ သည် လုပ်ငန်း တိုးချဲ့ခြင်းထက် ငွေများကို ပြည်ပသို့ ရွှေ့ပြောင်းထားခြင်းသည်သာ လုပ်သင့် လုပ်ထိုက်သည့် ကိစ္စတရပ် အဖြစ် သဘောထားလာခဲ့ကြသည်။
ယခုအခါ နိုင်ငံသည် ယာဂီ မုန်တိုင်း ၏ အန္တရာယ်မှ ဒယီးဒယိုင် ပြန်ထလာချိန်တွင် နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများ ဝင်ရောက်ခွင့်ကို ပိတ်ပင်လာခဲ့ကြပြီး မည်သည့် အကူအညီ မဆို ၎င်းတို့ လက်ထဲမှ တဆင့်သွားရမည်ဟု တောင်းဆိုလာကြသည်။ တော်လှန်ရေး တပ်များ ဖက် ရောက်သွားမည် ကို စိုးရိမ်စိတ် နှင့် အတူ အကူအညီ လိုအပ်နေသော ပြည်သူများ အား အစားအသောက် နှင့် ဆေးဝါး များ ထောက်ပံ့ ပေးနိုင်မည့် အလားအလာများကို ငြင်းပယ်လိုက်ခြင်းပင် ဖြစ်သည်။
၎င်းတို့အဖို့ နိုင်ငံတကာ မှ ပြစ်တင်ရှူတ်ချနေမှု ကို လားလားမျှ ဂရုမစိုက်သော်လည်း ကျုးလွန်ခဲ့သည့် ပြစ်မှု များကို စနစ်တကျ မှတ်တမ်းပြုစုထားကြပြီး ဖြစ်သည်။
တရုတ်၊ အိန္ဒိယ၊ အာဆီယံ နိုင်ငံများက စစ်တပ် အကျိုးကို ကြည့်နေကြဆဲ ဖြစ်ပြီး အနာဂတ် တွင် ပေါ်ပေါက်လာမည့် အစိုးရ အဖွဲ့တွင် နေရာတနေရာ ပေးရမည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။
တရုတ်သည် ၎င်းတို့အား နိုင်ငံရေး ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲ ဆိုသည်ကို လုပ်ပေးရန် ဖိအားပေးလာနေမှုသည် လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိပေ။
ယခုဆိုလျင် စစ် ခေါင်း ဆောင်များပင် လေးနှစ်နီးပါး ပြည်သူများ အပေါ် စနစ်တကျ ပစ်မှတ်ထားလာပြီး လူ့အခွင့် အရေး များ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေသည်၊ ထိုမျှမကသေး ပြည်သူများ သည်လည်း ၎င်းတို့စနက်ကြောင့် ဆင်းရဲတွင်း နက်သည်ထက် နက်လာခဲ့ရပြီ ဖြစ်သည်။ စနစ်တကျ နှင့် လည်ပတ်နေသော နိုင်ငံသည် ယခု အခါ စီးပွားရေး၊ လူမှုရေး ဖက်တွင် နိုင်ငံသားများထံမှ ရသလောက် နှိုက်ထုတ်နေသည့် အကျင့်ပျက် ဆင်ဒီကိတ်ကြီး၏ လက်အောက် ရောက်ရှိသွားပြီ ဖြစ်သည်။
ပြည်သူများ၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!