မော့ဆက်၏ ပေဂျာ စစ်ဆင်ရေး

by Hla Soewai - Sep 30 2024

လက်ဘနွန် ရှိ ရှီးရိုက် ဟစ်ဘိုလာ တို့ အသုံးပြု နေ သော ဆက်သွယ်ရေး ကိရိယာ တခု ဖြစ်သည့် လက်ဖဝါး တဝက်ခန့် အရွယ်ရှိ Pager ၃,၀၀၀ ခန့် တပြိုင်နက်တည်း ပေါက်ကွဲသွား ခဲ့ပြီးနောက် မကြာမီ စက်တင်ဘာ ၁၈ ရက် နေ့တွင် နောက်ထပ် ဝေါကီ တော်ကီ များ သည် လက်ဘနွန် အပြင် ဆီရီယား ရှိ အိမ်များ၊ ရုံးများ နှင့် ဈာပန အခမ်းအနား များ တွင်ပါ မကျန် အလားတူ တပြိုင်နက်တည်း ထပ်မံ ပေါက်ကွဲသွားခဲ့ပြန်သည်။

 

စက်တင်ဘာ ၁၈ ရက်နေ့ တိုက်ခိုက်မှု တွင် လူပေါင်း ၂၀ ခန့် သေဆုံးပြီး ၄၅၀ ခန့် ဒဏ်ရာ ရရှိသွားခဲ့သည်။ ထို့မတိုင်မီ pager ပေါက်ကွဲ မှု တွင် ၁၂ ဦး သေဆုံးပြီး ၃,၀၀၀ ခန့် အသီးသီး ပြင်းပြင်းထန်ထန်ဒဏ်ရာ ရရှိသွားခဲ့ပြီး ဖြစ်သည်။ လူရာ ပေါင်းများစွာ သည် ၎င်းတို့ pager များ တွင် ပေါ်လာသော နံပတ်များကို စိုက်ကြည့် နေကြချိန်တွင် ပေါက်ကွဲသွားခြင်း ဖြစ်၍လည်း မျက်စိများ ကွယ်ကုန်ပြီး၊ လက်ချောင်းများ၊ လက်များ တွင် ဒဏ်ရာများ ရရှိသွားခြင်း ဖြစ်သည်။

 

အစ္စရေး ဖက်ကတော့ ထုံးစံ အတိုင်း ၎င်းတို့ လက်ချက်ဟု ထုတ်ဖေါ် ပြောဆိုခြင်း မရှိသော်လည်း ထိုမျှ အတိုင်းအတာ အထိ ပေါက်ကွဲအောင် အခြား မည်သည့် အဖွဲ့အစည်းကမျှ စွမ်းဆောင် နိုင်ခြင်း မရှိသည်ကို အားလုံးသိထားခဲ့ပြီး ဖြစ်သည်။

 

ဝန်ကြီးချုပ် နာသန်ယာအူး မှ ဒုတိယ အကြိမ် ပေါက်ကွဲ မှု ဖြစ်ပွားပြီး ကျေညာချက် ထုတ်ပြန်ရာတွင် နိုင်ငဲ မြောက်ပိုင်းရှိ မိမိနိုင်ငံသား များ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေး အတွက် မိမိတို့ ဒီအတိုင်းလုပ်သွားမည်သာ ဖြစ်သည်ဟု ပြောဆိုလာခဲ့သည်။ကာကွယ်ရေး ဝန်ကြီး ရိုဖ် ဂဲလန့် က စစ်ပွဲသည် လက်ဘနွန် နှင့် ထိစပ်နေသော နယ်ခြားဒေသတွင် "အဆင့်သစ်" သို့ ကူးပြောင်း ရောက်ရှိလာပြီဟု ဆိုသည်။

 

ထိုဖြစ်ခဲ့သည် များ နှင့် ပတ်သက်၍ မေးခွန်းသုံးခု ထွက်ပေါ်လာခဲ့သည်။ ပထမဆုံး အဖြစ် အဆိုပါ ကိရိယာများအား အဘယ်ပုံ အဘယ်နည်း ပေါက်ကွဲအောင် လုပ်ခဲ့သနည်း၊ အစ္စရေး တို့ အဘယ်ကြောင့် ဖောက်ခွဲခဲ့ရသနည်း၊ ယခုအခါ တနှစ်နီးပါး ရှိလာပြီ ဖြစ်သော ဟစ်ဘိုလာ နှင့် စစ်ပွဲသည် အဘယ်သို့ ရှိလာပြီနည် ဆိုသည် တို့ ဖြစ်သည်။

 

ပထမ မေးခွန်း အတွက် အဖြေသည် ဘေရွတ် ရှိ ဘန်ကာ တခု မှ သည် တိုင်ပေရှိ စက်မှု ဇုံ ရုံးခန်း တခု ဆီ ဦးတည် နေသည်။ ယခု နှစ်ဆန်းပိုင်းက စ၍ ဟစ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာရာလာသည် ၎င်း၏ တပ်ဖွဲ့ဝင်များအား မိုဘိုင်းဖုံးများ အသုံးမပြုရန် တိုက်တွန်းလာခဲ့သည်။ အစ္စရေးဖက်မှ မိုဘိုင်းဖုန်းများ အား hack လုပ်ပြီး ထောက်လှမ်းခြင်း၊ လုပ်ကြံသတ်ဖြတ်လာမည့် အရေးများကို စိုးရိမ် သောကြောင့် ဖြစ်သည်။ ထို့ အတွက် မက်ဆေ့ခ်ျများကိုသာ လက်ခံနိုင်ပြီး ပြန်၍ ပေးပို့လို့ မရသည့် pagers များကိုသာ မှာယူ လာခဲ့သည်။

 

လက်ဘနွန်မှ ထွက်ပေါ်လာသော ဓါတ်ပုံများတွင် စက်တင်ဘာ ၁၇ ရက်နေ့က ပေါက်ကွဲ သွားခဲ့သည့် pager များသည် တိုင်ဝမ်ရှိ ကုမ္ပဏီ တခု ဖြစ်သော Gold Apollo မှ ထုတ်လုပ်ပုံရသည်ဟု ယူဆရသည်။ သို့သော် ပေါက်ကွဲမှု ဖြစ်ပြီး တရက်အကြာတွင် ၎င်းတို့နှင့် ပတ်သက်ခြင်း မရှိဟု ငြင်းဆိုလာခဲ့သည်။

 

မည်သို့ပင် ဆိုစေ အဆိုပါ ပေဂျာများသည် ဟစ်ဘိုလာ တို့ လက်ဝယ် မရောက်မီ ကတည်းက အစ္စရေး ထောက်လှန်းရေး မှ ပေါက်ကွဲစေနိုင်သည့် ယမ်းများ ထည့်သွင်းထားခဲ့ခြင်း ဖြစ်မည်။ ဝေါ်ကီ တော်ကီများ အားလည်း အလားတူ စီစဉ်ခဲ့ပုံရသည်။ ထို့အတွက် ထောင် ပေါင်းများစွာ သော ဟစ်ဘိုလာ တပ်ဖွဲ့ဝင်များသည် ဗုံးများကို ရင်ခွင် ပိုက် သွားလာ လှုပ်ရှားနေသလို ဖြစ်‌‌ နေခဲ့ရသည်။ နောက်ပိုင်းတွင်တော့ အစ္စရေး ၏ တပြိုင်နက်တည်း ‌ဖေါက်ခွဲခြင်းကို ခံခဲ့ကြရသည်။

 

အစ္စရေး ဖက်မှ ထိုကဲ့သို့ လုပ်လာခြင်းသည် လက်ဘနွန် ရှိ ဟစ်ဘိုလာ တို့အား ထိုးစစ်ကြီး မဆင်မီ အင်အားချိနဲ့သွားအောင် လက်ဦးမှု ယူ တိုက်ခြင်းဟု ယူဆစရာ ဖြစ်ခဲ့သော်လည်း အစ္စရေးသည် စစ်ပွဲကို ဂါဇာ ဒေသ တဝိုက်ရှိ ဟာမားစ်တို့အား အမှည့်ချွေ ချွေသွားရန် ရည်ရွယ်ထားပုံရှိသည်။

 

အစ္စရေး ဖက်မှ လက်ဘနွန် တောင်ပိုင်းကို ဝင်ရောက် သိမ်းပိုက်ကာ ကြားခံ ဇုံ ထားရှိခြင်းဖြင့် ဟစ်ဘိုလာ တို့၏ တာဝေးပစ် အမြှောက်ကြီး များ ဖြင့် ပစ်ခတ်နိုင်စွမ်း မရှိအောင် စစ်ဆင်ရေး တရပ် ဆင်နွှဲရန် တောင်းဆိုနေကြသည်။ မြေထဲပင်လယ် တွင် ရောက်ရှိနေသော အမေရိကန် လေယာဉ်တင် သင်္ဘော များမှ ဟစ်ဘိုလာ တို့ ပစ်ခတ်လာမည့် ဒုံးကျည်များကို ပစ်ချ နိုင်စွမ်း ရှိနေသည်ကို လည်း ထောက်ပြခဲ့ကြသည်။

 

သို့သော် အစ္စရေး ကက်ဘိနက်က တပ်များကို အနားပေးရန် လိုအပ်သည့် အတွက် လက်ဘနွန် အား ဝင်တိုက်မည့် အစီအစဉ်ကို အတည်မပြုခဲ့ပေ။

 

အစ္စရေး အား ထိုသို့ ဝင်တိုက်ရန် အစီအစဉ် မရှိသေးပဲ ပေဂျာ နှင့် ဝေါ်ကီ တော်ကီများ အား ကမန်းကတန်း ဖေါက်ခွဲပစ်ခြင်းသည် ၎င်းတို့၏ ကြံစည် လုပ်ဆောင်ထားမှု များ ပေါက်ကြားသွားနိုင်သည့် အန္တရာယ် ရှိလာသောကြောင့် ဖြစ်မည်ဟု ယူဆရသည်။

 

ဟစ်ဘိုလာ တို့လည်း အစ္စရေး ထောက်လှန်းရေး ဖက်မှ ၎င်းတို့ ထဲ ကာလကြာမြင့်စွာ စိမ့်ဝင်ထိုးဖေါက် နိုင်စွမ်း ရှိနေ၍သာ ၎င်းတို့ တပ်မှုးများ တယောက်ပြီး တယောက် လုပ်ကြံခံနေရ၍ သံသယရှိနေချိန်တွင် ယခုလို ထပ်မံ ဖေါက်ခွဲ ခံလိုက်ရသဖြင့် အထူး ထိတ်လန့်တုန်လှုပ်နေပြီး လက်တုံ့ပြန်ရန်ပင် စိတ်မကူးနိုင် ဖြစ်နေသည်၊ လုံးဝ လျို့ဝှက်သိပ်သည်း လှပါသည် ဆိုသော ဟစ်ဘိုလာတို့ သမိုင်းတွင် ပထမဆုံးအကြိမ် လုံခြုံရေး စည်း အကြီး အကျယ် ချိုးဖောက်ခံလိုက်ရခြင်းလည်း ဖြစ်သည်။

 

ဟစ်ဘိုလာ တပ်ဖွဲသို့ ဝင်ရောက်သူများ သည် ဇနီးသားသမီးများကိုပင် အသိပေးခဲ့ခြင်း မရှိသော်လည်း ယခုလို ဒဏ်ရာများ ရလာသည် အတွက် ဗူး ပေါ်သလို ပေါ်ကုန်တော့မည် ဖြစ်သည်။

 

၎င်းတို့အဖို့ ပျက်စီးသွားသော ဆက်သွယ်ရေး ကွန်ယက်ကို ပြန်လည် တည်ဆောက်ရန် နှင့် သတင်း ပေါက်ကြားမှု များကို ပိတ်ဆို့ရန် လပေါင်းများစွာ အချိန် ယူရဦးမည် ဖြစ်သည်။ ၎င်းတို့ တင်သွင်းထားသည့် အခြား အီလက်ထရောနစ် ပစ္စည်းများကိုလည်း မယုံသင်္ကာ ဖြစ်လာကြသည်။

 

ရှေ့ဆက်ပြီး ၎င်းတို့ မည်သို့မည်ပုံ တိုက်ခိုက်ခံရ နိုင်သည်နှင့် ထိုသို့ တိုက်ခိုက်ခံလာရမှု အား ကာကွယ် နိုင်စွမ်း မရှိ ဖြစ်လာနေသည်အပေါ် စိုးရိမ်ထိတ်လန့်လာနေကြပြီ ဖြစ်သည်။

 

(၂၀၂၄ စက်တင်ဘာ ၁၈ ရက်နေ့ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ Israel has bloodied Hizbullah but is stuck in a war of attrition ဆောင်းပါး မှ ကောက်နှုတ်တင်ပြသည်။)