အောင်ဇေယျ၊ ဆင်ဖြူရှင်၊ ရန်နိုင်မင်း

by Hla Soewai - Sep 30 2024

အကြမ်းဖက် စစ်တပ် သည် အဆိုပါ အမည်များဖြင့် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်၍ သိမ်းယူ နိုင်ရန် ရည်မှန်းချက် ထားခဲ့သော်လည်း ယခု အချိန် အထိ မယ်မယ်ရရ တိုးတက်မှု မရသေးသည် ကို တွေ့နေရသည်ဟု စစ်ရေး လေ့လာသုံးသပ်သူများ အား ကိုးကား၍ ဧရာဝတီ တွင် ရေးသားထားသည်။

 

ညီနောင်သုံးဖေါ် ၏ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီ ကိုးလ ခန့် ကတည်းက မင်းအောင်လှိုင်မှ တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် ၎င်းတို့ ၁၉၈ မြို့နယ်သာ ထိန်းချုပ်ထားနိုင်သည်ဟု ဝန်ခံခဲ့ရပြီ ဖြစ်သည်။

 

အောက်တိုဘာ လ ထဲတွင် တော့ ၁၀၂၇ ထိုးစစ်ကြီး စတင်လာပြီး တော်လှန်ရေး ရေစီးကြောင်း အရှိန်အဟုန်သည် တမဟုတ်ချင်း ပြောင်းလဲသွားခဲ့ရပြီး ရခိုင် နှင့် ရှမ်းပြည်နယ် တို့တွင် နယ်မြေ အမြောက်အမြား ထပ်မံ ဆုံးရှူံးသွားခဲ့ရပြန်သည်။ ယခုအခါ မန္တလေး ဒေသကြီးကိုပင် အခိုင်အမာ ထိန်းချုပ် နိုင်စွမ်း မရှိတော့ပေ။

 

စစ်ကောင်စီသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အား လက်လွှတ်ဆုံးရှူံး သွားပြီးနောက်တွင် ကျန်ရှိနေသော တိုင်းစစ်ဌာနချုပ်များ အတွက် စစ်ဆင်ရေး နာမည်တခုစီ ပေးလာခဲ့သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်တွင် ပထမဆုံး တိုင်းသိပြည်သိ ကြေညာပြီး "အောင်‌ဇေယျ" စစ်ဆင်ရေးဟု ဆိုကာ မြဝတီကို ပြန်လည် သိမ်းယူနိုင်ရန် စတင်လာခဲ့သည်၊ ထို စစ်ဆင်ရေးအား ဒုစစ်ခေါင်းဆောင် စိုးဝင်းအား ဦးဆောင်စေပြီး နိုင်ငံတော် အဆင့် စစ်ဆင်ရေးဟု သတ်မှတ်ကာ ရသမျှ အင်အား ကို ထုတ်နှုတ် အသုံးပြုစေခဲ့သည်။

 

စစ်အင်အား ၁,၀၀၀ ခန့်၊ တင့်ကားများ၊ သံချပ်ကာကားများ၊ လက်နက်ကြီးများ ဖြင့် အင်အား အလုံးအရင်း ဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း ဒေါန တောင်ကို ပင် မကျော်နိုင်တော့ပဲ နောက် ဆုံးတွင် မွန် နှင့် တနင်္သာရီ ဒေသများသို့ တပ်များ ပြန့်ကျဲ ဆုတ်ခွာ သွားခဲ့ရသည်။

 

နောက်ပိုင်း လေးလ အကြာ ဩဂုတ်လ လယ်တွင် စိုးဝင်းကိုပင် ဦးဆောင်စေပြန်ကာ "ဆင်ဖြူရှင်" ဟု အမည်ပေးထားသော စစ်ဆင်ရေး ဖြင့် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ သိမ်းယူထားသော ရှမ်းပြည်နယ် အတွင်းရှိ နယ်မြေများကို ပြန်လည် သိမ်းယူ နိုင်ရန် နှင့် မန္တလေး ဒေသကြီးကို ထိန်းချုပ် နိုင်ရန် အတွက် စတင်လာ ပြန်သည်။ ဆင်ဖြူရှင်သည် လားရှိး ၏ အရှေ့တောင်ဖက် ၆၅ ကီလိုမီတာ အကွာသို့ ရှောင်တိမ်းသွားရသော အရှေ့မြောက် တိုင်း စစ်ဌာနချုပ်၏ အမည်သစ် ဖြစ်လာသည်ဟု ဆိုသည်။

 

ဒီတကြိမ်တွင်တော့ အောင်ဇေယျ စစ်ဆင်ရေး အရှက်တကွဲ ပြိုကွဲသွားရသည်ကို သင်ခန်းစာ ယူပြီး တိတ်တိတ်ဆိတ်ဆိတ် ပင် စတင်လာခဲ့သည်။ သို့သော် လိုအပ်သည် စစ်အင်အား ကို ထုတ်သုံးနိုင်ခြင်း မရှိသည့် အတွက် အောင်မြင်မှု မရခဲ့သည့် အဖြစ်က တောင်ခမ်း နှင့် နောင်ချို အနီး တိုက်ပွဲများက သက်သေခံနေသည်၊ (တိုးတက်မှု ဟူ၍ တောင်ခမ်းကို တောင့်ခံထားနိုင်ခြင်းသာ ရှိသည်ဟု ယူဆရသည်။)

 

မင်းအောင်လှိုင်က နောက်ထပ် ရန်နိုင်မင်း ဆိုကာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အား အမည် ပေး ပြီးလွိုင်ကော်ရှိ ဒေသ စစ်ဆင်ရေး ရုံးသို့ ပေါက်ချလာပြီး ကျန်ရှိနေသော တပ်မှုးများနှင့် တွေ့ကာ ကရင်နီ ဒေသအား ပြန်လည်ထိန်းချုပ်ရန် လုပ်လာပြန်သည်။ သို့သော် ယခုထိ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်‌ နေသည်က လွဲ၍ မည်သည့် လှုပ်ရှားမှု မှ မတွေ့ရသေးဟု KNDF အတွင်းရေးမှုး ခူရီဒူးက ဆိုသည်။

 

ကရင်နီ ဒေသတွင် စစ်‌ ကောင်စီ အခိုင်အမာ ထိန်းချုပ်ထားနိုင်သည် မြို့ဟူ၍ လွိုင်ကော် နှင့် ဘောလခဲ မြို့များသာ ရှိသည်။

 

စစ်ကောင်စီသည် အင်အားချိနဲ့ နေပြီ ဖြစ်၍ ဆုံးရှူံးသွားသော နယ်မြေ များကို မည်သို့မျှ ပြန်လည် သိမ်းယူနိုင်စွမ်း ရှိမည် မဟုတ်တော့၍ ခံစစ် အတွက်သာ ပြင်ဆင်နေရပြီဟု စစ်ရေး သုံးသပ်သူများက ခန့်မှန်းနေကြသည်။ မင်းအောင်လှိုင် အဖို့က ထိုနယ်မြေများ အနီးတဝိုက်သို့ လူလုံးသွားပြပြီး စည်းရုံးနေခြင်းမျိုးသာ လုပ်နိုင်တော့သည်ဟု ဆိုသည်။

 

ထို့ပြင် ဒေသခံ လူထု တုန်လှုပ် ခြောက်ခြားသွားရန် ကြောက်စရာ နာမည်များ ပေးပြီး ဗုံးကြဲ ခြိမ်းခြောက်နေခြင်း ထက် မပိုဟု သုံးသပ်ထားသည်။ ဗုံးကြဲ နေခြင်းသည်လည်း တော်လှန်ရေး တပ်များ သိမ်းပိုက်ထားသော နယ်မြေ များတွင် စီမံခန့်ခွဲ အုပ်ချုပ်‌၍ မရ အောင် ကြံစည်နေခြင်းပင် ဖြစ်သည်။ ထို့အပြင် တော်လှန်ရေး တပ်များ သိမ်းပိုက်ခဲ့သည့် နယ်မြေ များ သည် ဗုံးကြဲ ခံရမည်ဟု အသိပေးလို၍ လည်း ဖြစ်သည်ဟု စီဒီအမ် ဗိုလ်ကြီး ဇင်‌ယော်က ဆိုသည်။

 

လေကြောင်းမှ တိုက်ခိုက်နေယုံမျှ နှင့် စစ်ပွဲတပွဲသည် အောင်နိုင်ရိုး ထုံးစံ မရှိ၊ မြေပြင်ထိုးစစ်ကို ဆင်နွှဲပြီး သိမ်းယူ နိုင်မှသာလျှင် အောင်မြင်ရာ အောင်မြင် ကြောင်း ဖြစ်ပေမည်၊ ထိုအရေးကို အကြမ်းဖက် စစ်တပ် အဖို့ လက်မှိုင်ချ နေရပြီ ဖြစ်သည်။

 

ယခုအခါ ရန်ကုန် နှင့် မြိူ့ကြီး များ တွင် စက်သုံးဆီ ပြတ်လတ်နေမှု များ နောက်တကျော့ ပြန်လာနေပြီး စက်တင်ဘာ ၂၀ မှ စ၍ ကားတစီးလျင် ငွေငါးသောင်းဖိုး နှင့် ၁၅-၁၆ လီတာသာ ရောင်းချ ပေးနေသည် ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန် စစ် မုချ အောင်ရမည်!!!