နှစ်ပေါင်း နှစ်ထောင် ကျော် အကြာတွင် စက်မှု တော်လှန်ရေးကြီး စတင်လာမှု နှင့် အတူ စက်များသည် လူသားများ နေရာတွင် အစားထိုး ဝင်ရောက်လာကြသည်။ ထိုသို့ အစပျိုးလာမှု အား ၁၈ ရာစု နှစ် အတွင်း ထင်ရှားကျော်ကြားလာခဲ့သည့် ယိုဟန် ဖေါ့ဖဂန် ဗွန် ဂူသေး Johann Wolfgang von Goethe ဆိုသည့် ဂျာမန် ဘာသာဗေဒ ပညာရှင်ကြီးသည် "မှော်ဆရာ၏ စာသင်သား" ဆိုသည့် ကဗျာ တပုဒ် ဖြင့် သတိပေး ရေးသားလာခဲ့သည်။
အဆိုပါ ကဗျာ၏ အကြောင်း အနှစ်ချုပ် တင်ပြရမည် ဆိုက မှော်ဆရာကြီးသည် အပြင်ထွက်၍ လုပ်စရာ အလုပ်များ ရှိလာသဖြင့် ၎င်း၏ အလုပ်ရုံတွင် ပညာ လာရောက် သင်ကြားနေသည့် တပည့် ဖြစ်သူအား သူ မရှိခိုက် မြစ်မှ ရေခပ်ခြင်းကဲ့သို့ လုပ်စရာ ရှိသည် များ လုပ်ထားရန် မှာပြီး ထွက်သွားခဲ့သည်။
တပည့် ဖြစ်သူသည်လည်း သူလုပ်စရာ ရှိသည်များ သက်သက်သာသာ လုပ် နိုင်အောင် ကြံဆလာခဲ့သည်။ ဆရာဖြစ်သူ သင်ပေးထား၍ တတ်မြောက်ထားသော မန္တန် ဖြင့် တံမြက်စီး တချောင်းအား ၎င်းကိုယ်စား ရေခပ်ပေးရန် စေစားလိုက်သည်။
သို့သော် သူ မသိခဲ့သည်က ထိုတံမြက်စီးအား မည်သို့မည်ပုံ ရပ်တန့်သွားအောင် လုပ်ရမည် ဆိုသည်ပင် ဖြစ်သည်။ တံမြက်စီးသည်လည်း မနားတမ်း ဆက်တိုက်ဆိုသလို ရေပုံးဖြင့် သယ်ခပ်နေ၍ အလုပ်ရုံ တခုလုံး ရေ မြုပ် မတတ် ဖြစ်လာသည်။
ထိုအခါတွင် တပည့် ဖြစ်သူလည်း ကြောက်အားလန့်အား နှင့် တံမြက်စီးကို ပေါက်ဆိန် ဖြင့် နှစ်ပိုင်းကျိုးသွား အောင် ခုတ်ဖြတ်လိုက်သည်။ နှစ်ပိုင်း ကျိုးသွား သည့် အခါ တံမြက်စီးသည် တချောင်းမှ နှစ်ချောင်း ဖြစ်လာသဖြင့် ရေများ ပိုဝင်လာပြီး အလုပ်ရုံသည်လည်း ရေ နစ်မြုပ်သွားပေတော့သည်။
ဆရာသမား ဖြစ်သူ ပြန်လာသည့် အခါတွင်တော့ စာသင်သား လေးမှ "ကျွန်တော် အခိုင်း အစေ အဖြစ် ဆင့်ခေါ်ခဲ့တဲ့ မှင်စာ လေးကို မနိုင်တော့ဘူး ဖြစ်နေလို့ ကယ်ပါဦး" ဟု အော်ဟစ် အကူအညီ တောင်းလိုက်သည်။ ဆရာဖြစ်သူ မှော်ဆရာကြီးလည်း ချက်ခြင်းလိုပင် မန္တန် ကို ချေဖျက်ပေးလိုက် သဖြင့် ရေ များ ရပ်သွားတော့သည်။
လူသားများ အတွက် သင်ခန်းစာ ယူစရာကား မိမိတို့ မထိန်းချုပ်နိုင်ဟု ထင်သော စွမ်းအား တရပ်ရပ်ကို မည်သည့်အခါမျှ မဆင့်ခေါ်မိစေ နှင့် ဟူ၍ ဖြစ်သည်။
မှော်ဆရာ၏ စာသင်သား နှင့် ဖာသွန် တို့၏ ပုံပြင် ဇာတ်လမ်းများသည် နှစ်ဆယ့်တစ် ရာစု အတွက် သင်ခန်းစာ ယူစရာ များ ဖြစ်လာခဲ့သည်။ သို့သော် ကျွနုပ်တို့ လူအနွယ်ဝင်များ အဖို့က ထိုသို့ သင်ခန်းစာ ယူရကောင်းမှန်း မသိကြပေ။
ဟန်ချက်ညီညီ ရှိ နေခဲ့ သော ကမ္ဘာရာသီ ဉတု အားလည်း အနေအထား ပျက်အောင် လုပ်ခဲ့ကြပြီး ဖြစ်သည်။ ပုံပြင်ပါ တံမြက်စီး များကို ဘီလီယံ နှင့် ချီ ညို့ယူ ခေါ်ငင်ခဲ့ကြယုံမက ဒရုန်းများ၊ chatbot ခေါ် အင်တာနက်မှ လူသားများ နှင့် ပြောဆိုဆက်သွယ် နိုင်သော ကွန်ပြူတာ ပရိုဂရမ်များ၊ အယ်ဂိုရီသမ် ခေါ် ကွန်ပြူတာ ပရိုဂရမ်များ အတွက် ထည့်သွင်းထားရသော လုပ်နည်းစနစ်များ အစရှိသည့် နတ် ဘုရား ပေါင်းစုံ ဆင့်ခေါ်လာကြသည်၊ ၎င်းတို့ အားလုံး ကို ကျွနုပ်တို့ ထိန်းချုပ်နိုင်ချင်မှ နိုင်ပေလိမ့်မည်၊ ထိုသို့ ထိန်းကွပ် နိုင်စွမ်း မရှိ၍ လွတ်ထွက်သွားသူများသည် မရည်ရွယ်သော အကျိုးဆက် တပုံတပင်ကြီး ကို ဖန်တီးလာနိုင်ပေသည်။
ထိုသို့ ဖြစ်လာက ကျွနုပ်တို့ မည်သို့ လုပ်ကြရပေမည်နည်း။ ထိုအဖြေကို ဒဏ္ဍာရီ ပုံဝတ္ထုများ ထဲတွင် ရှာ၍ တွေ့မည်မဟုတ်၊ ထိုပုံဝတ္ထု များ သည် ကျွနုပ်တို့အား နတ်ဘုရား များ နှင့် မှော်ဆရာ များကကယ်တင်ရန် ရောက်လာ ကြလိမ့်မည် ဆိုကာ စောင့်ခိုင်းကြပေလိမ့်မည်။ ထိုသို့ ပေးလာသော မက်ဆေ့ခ်ျသည် ကျွနုပ်တို့အတွက် လွန်စွာ အန္တရာယ်များလှ ပေသည်။
ကိုယ် လုပ်ခဲ့မှု များ အတွက် ကိုယ့်တာဝန် ကိုယ်ယူရမည် ဆိုသည်ကို ခဝါချပစ်ပြီး ထိုအစား နတ်ဘုရား များ နှင့် မှော်ဆရာ များကိုသာ အားကိုးရန် တိုက်တွန်း နေခြင်းကြောင့် ဖြစ်သည်။
တကယ်တမ်းတွင် မိမိတို့အား လာရောက်ကယ်တင်မည် ဆိုသော နတ်ဘုရားများ နှင့် မှော်ဆရာ ဆိုသူများသည် နတ်ရထားများ၊ တံမြက်စီးများ၊ အယ်ဂိုရီသမ် များ ကဲ့သို့ လူတို့ ဖန်တီး တီထွင်ခဲ့ခဲ့မှု များ ၏ တစိတ်တပိုင်း သာ ဖြစ်သည်ကို သတိမမူ မိပဲ မေ့လျော့နေကြခြင်းသာ ဖြစ်သည်။
ထိုသို့ မလိုလား အပ်သော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည့် လွန်စွာ အစွမ်းထွက် သော ရုပ်ဝတ္ထု ပစ္စည်းများ တီထွင် ကြံဆ လိုမှုသည် ရေနွေးငွေ့သုံး အင်ဂျင်များ၊ AI ခေါ် ဉာဏ်ရည်တု များ နှင့် စတင်ခဲ့ခြင်း မဟုတ်ပဲ ဘာသာတရား ဆိုင်ရာ ယဉ်ကျေးမှု ကို သွတ်သွင်းလာရာမှ အစပြုလာခြင်းပင် ဖြစ်သည်။
တမန်တော်များ နှင့် ဘာသာရေး ကျမ်းပြု ကဝိပညာရှင် များသည် လူသားများအား မေတ္တာတရား နှင့် ပျော်ရွှင်မှု များ ပေးလိုစိတ်ဖြင့် အစွမ်းထက်သော နတ်ဒေဝါ အမျိုးမျိုး ကို ဆင့်ခေါ်လာကြသည်။ တခါတရံတွင် ၎င်းတို့ မျှော်မှန်းသလို ဖြစ်မလာပဲ ကမ္ဘာမြေပြင်တွင် သွေးချောင်းစီးသွားစေသည့် ဖြစ်ရပ်များသာ ပေါ်ထွက်လာခဲ့သည်။
ဖာသွန် ၏ ဒဏ္ဍာရီ အကြောင်းအရာ များ နှင့် ဂူသေး၏ ကဗျာ တို့သည် လူသား တို့ အသိလိမ္မာ စွမ်းပကား များ ရရှိလာပုံ လာနည်းကို မှားယွင်းစွာ ယူဆ ရေးဖွဲ့ခဲ့ခြင်း မျိုး ဖြစ်နေ၍ အကျိုးရှိရာ ရှိကြောင်း အကြံဉာဏ်များ ဖြစ်မလာခဲ့ပေ။
အဆိုပါ အကြောင်းခြင်းရာ နှစ်ရပ်လုံးတွင် လူသား တဦးတည်းက ကြီးမားသော စွမ်းပကား ပိုင်ဆိုင်နိုင်ပုံ ကို မူတည် ဇာတ်အိမ် ဖွဲ့ထားပြီး၊ နောက်ပိုင်းတွင် လောဘ နှင့် မာန်မာန ထောင်လွှားလာမှု ကြောင့် ဖောက်ပြန်လာသည့် ဇာတ်ကြောင်းများပင် ဖြစ်သည်။ ထိုအတွက် လူတဦးချင်းစီ၏ ဖောက်ပြန်တတ်သော စိတ်ပိုင်းဆိုင်ရာ အားနည်းချက် ရှိနေ၍သာ တလွဲ ဆံပင် ကောင်း ဖြစ်ခဲ့ရသည်ဟု အပေါ်ယံ ကြောမျှသာ ခပ်ကြမ်းကြမ်း ကောက်ချက် ချ ထားခြင်း ဖြစ်သည်။
ဤသည်ကို ကြည့်မည် ဆိုက လူသားတို့ ပိုင်ဆိုင်လာသော စွမ်းပကားများ မှန်သမျှသည် မည်သည့် အခါကမျှ လူတဦးချင်းစီ၏ ရှေ့ဆောင်ရှေ့ရွက် ပြုမှု ဖြင့် စတင်ခဲ့ခြင်း မဟုတ် ဆိုသည့် အချက်ကို လွဲချော်သွားခဲ့ရသည်။ တကယ်တမ်းတွင် လူအစည်းအရုံး ဝင်များ စုပေါင်း စပ်ပေါင်း ၍ အတူ တကွဆောင်ရွက် နိုင်ကြ၍သာ ရရှိလာခဲ့ကြခြင်း ဖြစ်သည်။
ထိုအတူပင် ကျွနုပ်တို့ တဦးချင်းစီတွင် ရှိသော စိတ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် လက်ဝယ် ပိုင်ဆိုင်ထားသော လုပ်ပိုင်ခွင့် အာဏာများကို အလွဲသုံးစား ပြုလာခြင်းတော့ မဟုတ်၊ လူဟူ၍ ဖြစ်လာပါက မေတ္တာ၊ ကိုယ်ချင်းစာ တရား၊ နှိမ့်ချတတ်သည့် စိတ်၊ ပျော်ရွှင်မှု ကို လိုလားသည့် စိတ်များ နှင့် အတူ လောဘ၊ မာန်မာန နှင့် ရက်စက်ကြမ်းကြုပ်သော စိတ်များလည်း ယှဉ်တွဲ ပါလာကြသည် မဟုတ်ပါလော။
လောဘ တရား နှင့် ရက်စက်ကြမ်းကြုပ် တတ်သည့် စိတ်ထားများ အားသာ လာသူများသည် လူ့အနွယ်ဝင်များ ကြားတွင် အဆိုးဝါးဆုံး ပုံစံ ဖြင့် အာဏာကို အလွဲသုံးစား လုပ်လိုသည့် လူဆိုးလူမိုက် များ ပုံစံ ဖြင့် ထွက်ပေါ်လာသည်။
မေးစရာ ဖြစ်လာရသည်က ထိုသို့သော လူစားမျိုးကို လူ့အစည်းအရုံးဝင်များက အုပ်ချုပ်ရေး အာဏာ များကို အဘယ်ကြောင့်များ ယုံယုံကြည်ကြည် ရွေးချယ် အပ်နှင်းခဲ့ကြရသနည်း။
၁၉၃၃ တွင် ဂျာမန် နိုင်ငံသား အများစုသည် စိတ်ရောဂါ ရှိနေသူများ မဟုတ် ကြပါပဲလျက် အဘယ်ကြောင့် ဟစ်တလာ ကို မဲပေး ရွေးချယ်ခဲ့ကြရသနည်း။