တရုတ် အစိုးရသည် ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှု များ လက်လွှတ်ရမည့် အရေး နှင့် မြန်ုမာ တွင် အနောက်အုပ်စု နှင့် တသားဝာည်း ဖြစ်စေမည့် လစ်ဘရယ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး နေ့ချင်း ညချင်း ပေါ်လာမည့် အန္တရာယ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်လာရပြီဟု ဆိုကာ ဖုံးမရ ဖိမရ အောင် နိုင်ငံ ၏ ပြည်တွင်းရေးကို အရှက်ကင်းမဲ့စွာ ဝင်ရောက်စွက်ဖက်လာပြီ ဖြစ်သည်။
ဤနေရာတွင် နေ့ချင်းညချင်း ဆိုသည်မှာ လက်ရှိ စစ်မျက်နှာ အသီးသီးတွင် လေကြောင်းအားကိုး နှင့် ခံစစ်ကိုသာ အားပြုနေရသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဦးဆောင်မှု ကြောင့် တိုင်းပြည် တဖြေးဖြေး လုံးပါး ပါးလာတော့မည့် အရေးကို တွေ့မြင်လာ သော အောက်ခြေ အလယ်အလတ် အဆင့်ရှိ အရာရှိ များ ဦးဆောင်၍ ဖြုတ်ချအာဏာသိမ်း မည့် အရေးကို မဖြစ်နိုင်လောက် ဟု ဆိုကာ စိတ်ချ လက်ချ မနေရဲကြတော့ခြင်းကို ဆိုလိုရင်း ဖြစ်သည်။
ထို့အတွက် ၎င်းတို့ မည်သို့မျှ အားကိုး၍ မဖြစ်မှန်း သိသည့် မင်းအောင်လှိုင် နှင့် အကျင့်ပျက် စစ်ဗိုလ်ချုပ်များ နောက်မှ ပြောင်ပြောင်တင်းတင်း ရပ်တည်ပေးလာရခြင်းပင် ဖြစ်သည်။
တရုတ်သည် လက်ရှိ မြစ်ရေကြီးမှု ကို အစိုးရချင်း ကူညီ ပေးခြင်း အဆင့်မျိုး မတွေ့ရသေးပဲ ပိုက်လိုင်း ဖြတ်သန်းရာ ဒေသများရှိ ရေဘေးသင့် လူထု ကို ကယ်ဆယ် ရေး အကူအညီများ တိုက်ရိုက် ပေးအပ်လာခြင်း ကို တွေ့လာရသည်။
ထုတ်ပြန်လာသော MNDAA ၏ ကြေညာချက် တွင် မည်သို့မျှ ပြဿနာ ကြီးငယ် မရှိပါပဲနှင့် လက်တွဲ ဆောင်ရွက် နေကြ အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ပူးပေါင်းမည် မဟုတ်ဟု ရုတ်ခြည်း ပြောဆိုလာခြင်း၊ တရုတ်ကို ဆန့်ကျင်ရေး သဘောထား ရှိသော မည်သည့် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် မဆို ပူးပေါင်း မည် မဟုတ် ဆိုသော စကားရပ်များသည် တရုတ်၏ သဘောထားကို ထင်ဟပ်လာခြင်းပင် ဖြစ်သည်။
ဤသည်ကို ကြည့်မည် ဆိုက လားရှိုး အထိ ကိုးကန့် တပ်ဖွဲ့များ သိမ်းယူ နိုင်ခဲ့ခြင်းသည် ၎င်းတို့ ဖက်က သဘောတူ၍သာ ထိုမျှ အထိ ဖြစ်လာခြင်း ဆိုသည့် အချက်ကို သွယ်ဝိုက် ဝန်ခံ လိုက်သလို ဖြစ်လာသည်အထိ တရုတ်ဖက်မှ ဂမူးရှူးထိုး ဖြစ်လာခဲ့သည်။
တရုတ်သည် ရှမ်းမြောက်ဒေသ တွင် ၎င်းတို့ အကျိုးစီးပွား များ လုံခြုံ စိတ်ချ သွားသည့် အပြင် မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ် များ လည်း ညီနောင် သုံး ဖေါ် အား "အကြမ်းဖက် အဖွဲ့အစည်း" ဟု ၎င်းတို့ ထောက်ခံသူ များ ကျေနပ် အောင် ပုဆိုးခြုံထဲက လက်သီးဆုပ် ပြ နေသည်က လွဲ၍ တရုတ်တို့ အပေါ် မဆန့်ကျင် ရဲအောင် ဖြစ်လာရသည်။
လက်ရှိ တွင် MNDAA ၏ သိမ်းပိုက်ထားသော နယ်မြေ များ တည်တံ့ ခိုင်မြဲရေး အတွက် တရုတ်သည် ကန့်လန့်ကာ နောက်ကွယ် မှ ကိုယ်စားဆွေးနွေး ပေးနေပြီ ဖြစ်၍ MNDAA သည်လည်း ၎င်းတို့ ပြန်၍ တောင်းဆိုသည့် အတိုင်း ကြေညာချက် ထုတ်ပြန်ပေးရခြင်း ပင် ဖြစ်သည်။
ထိုသို့ NUG နှင့် မပူးပေါင်း၊ တရုတ် ဆန့်ကျင်သော အင်အားစု များ အား ဆန့်ကျင်သည်ဟု ထည့်သွင်း လာရခြင်းသည်လည်း လက်ရှိ ပြည်သူ တော်လှန် ရေးအား ဇဝေဇဝါ နှင့် ရှုပ်ထွေးပြီး အရှိန် ကျသွားစေရန် အတွက် ထည့်သွင်းလာခြင်းပင် ဖြစ်သည်၊ ယင်းသည် တရုတ် နှင့် စစ်တပ် နှစ်ဖက်စလုံး၏ လိုအပ်ချက်လည်း ဖြစ်နေသည်။
တရုတ်သည် မြန်မာ ပြည်သူတို့၏ ရုန်းကန် တွန်းလှန်နေမှု များ ကို "ငြိမ်းချမ်းရေး စကား" တွင်တွင်ပြောကာ ချွေးသိပ်ထားပြီး နိုင်ငံ၏ သယံဇာတ ပစ္စည်းများကို လက်ကုန်နှိုက်ရန် နှင့် ပင်လယ်ထွက်ပေါက်ရမည့် လက်အောက်ခံ နိုင်ငံ အဆင့်အတန်းမျိုးသာ ရှိစေလိုသည်။ ထိုအနေအထားကို ပျော်ပျော်ကြီး လက်ခံ ဖို့ ဝန်မလေးသည့် အကျင့်ပျက် စစ်ဗိုလ်ချုပ် နှင့် ကြောင်ခံတွင်းပျက် နှင့် ဇရက်တောင်ပံကျိုး ကဲ့သို့ ပေါင်းစည်းသွားကြခြင်းသာ ဖြစ်သည်။
MNDAA သည် ပြည်သူတို့၏ တော်လှန်ရေး အရှိန်ရလာအောင် ကြီးမားသော အခန်းကဏ္ဍ မှ အလံကိုင် အဖြစ် ရှေ့ဆုံးမှ ထွက်လာခဲ့၍ တပြည်လုံး၏ ချစ်ခင် လေးစားမှု ရရှိခဲ့သော်လည်း ယခုအခါ ၎င်းတို့ ကိုင်ဆွဲလာသည့် အာဏာရှင် လက်အောက်မှ လွတ်မြောက် ရေး အလံတော် ကို မြေပေါ် ပြန်ချ ပေးလိုက်ရသည် အထိ တရုတ်ဩဇာ အရှိန်အဝါကို မလွန်ဆန် နိုင် ဖြစ်လာရသည်က တကယ်တမ်း တွေးကြည့်လျင် ဂရုဏာ သက်စရာ ဖြစ်လာရသည်။
မည်သို့ပင် ဆိုစေ ၎င်းတို့ အချင်းချင်း တိုက်ပွဲများ ပြန်ဖြစ်လာလျင်ပင် ပြည်သူ တော်လှန်ရေး တပ်သား များ အနေဖြင့် ထို ဖြစ်စဉ်အား မိမိတို့ အတွက် အကျိုးရှိလာသည် ဆိုသည့် အချက်ကလွဲ၍ အာဏာရှင် တိုက်ဖျက်ရေး ဆိုသည့် လူထု တော်လှန်ရေး နှင့် ခွဲထုတ် ရှုမြင်ရတော့မည် ဖြစ်သည်။
စနစ်ဟောင်းသည် ၎င်းတို့ ရယူထားသော အနေအထား များ လျော့ကျမသွားစေရန် ပြင်းပြင်းထန်ထန် ရုန်းထ လာခြင်း ဖြစ်သော်လည်း နိယာမ တရား အတိုင်း တဖြေးဖြေး ယုတ်လျော့ ကျဆင်းလာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!