MNDAA. ထုတ်ပြန်ချက်

by Hla Soewai - Sep 30 2024

MNDAA မှ ၎င်းတို့ အဖွဲ့သည် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် စစ်ရေး အရသော်၎င်း၊ နိုင်ငံရေး အရသော်၎င်း ပူးပေါင်းဆောင်ရွက်လိမ့်မည် မဟုတ်ကြောင်း နှင့် မန္တလေး နှင့် တောင်ကြီး မြို့များအားလည်း သိမ်းယူမည် မဟုတ်ဟု ‌ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

ထိုမျှအထိ မလိုအပ်ပဲ ထည့်သွင်း ပြောဆိုလာပြီ ဆိုကတည်းက နောက်ကွယ်မှ လက်မဲကြီး သည် ဘယ်သူ ဘယ်ဝါ ဖြစ်သည်ဆိုသည်က ထွေထွေထူးထူး ပြောစရာ မလိုတော့ပေ။

 

လတ်တလော အထူး တလည် ပျော်ရွှင်ပြီး ကခုန် မြူးတူး ကြမည့်လူများသည် မင်းအောင်လှိုင် တပ်များ ဖြစ်သည်။ ထိုသို့ လာမတိုက်ရန် တရုတ်အား ဖိအားပေးဖို့ အမျိုးမျိုး နားချခဲ့ကြရပြီး နောက် ယခုလို "ငါတို့ကို လာ မတိုက်တော့ဘူး" ဟူသော အ‌တွေး ဖြင့် ဝမ်းသာအားရ ဖြစ်သွားကြသည်ကပင် ကမ္ဘာ အဆင့် ၃၁ ရှိသည် ဆိုသော မင်းအောင်လှိုင် တပ်များ အတွက် သနားစရာပင် ကောင်းလောက် အောင် အ‌ခြေ အနေ ဆိုးဝါးနေရရှာပြီ ဖြစ်သည်။

 

နောက်တကြောင်းက MNDAA သည် တောင်ကြီး၊ မန္တလေး ကို သိမ်းယူ နိုင်ခဲ့လျင်ပင် ပြည်သူ များက ခေတ္တ ခဏ ပျော်ရွှင်သွားကြမည် ဖြစ်‌ သော်လည်း ရေရှည် တွင် တရုတ် စကားပြောသော ကိုးကန့် တိုင်းရင်းသား များ၏ အုပ်ချုပ်သွားမှု ကို မည်သို့မျှ လက်ခံကြတော့မည် မဟုတ်၊ ထို့အပြင် MNDAA အနေဖြင့် ထိုသို့သော မြို့ကြီးများက အုပ်ချုပ်ဖို့လည်း အတွေ့အကြုံ မရှိဟု ထည့်သွင်းစဉ်းစားကြမည် သာ ဖြစ်သည်။

 

တရုတ်ထံမှ ၎င်းတို့အား မြန်မာ စစ်တပ်မှ မတိုက်စေရ ဟု အာမခံချက် ရထားဟန် ရှိသည် ဆိုသည်ကို တရုတ်နှင့်တက်တက်ကြွကြွပူးပေါင်းကာ ပဋိပက္ခများအား ၎င်းတို့ကိုယ်စား နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် ဖြေရှင်းသွားမည်ဟု ကြေညာချက်တွင် ပါရှိလာသည့် အချက်က သက်သေခံနေပေသည်။

 

မြန်မာ ပြည်သူ တရပ်လုံးက တရုတ်မှ ငြိမ်းချမ်းရေး အကြောင်းပြကာ မိမိတို့၏ စစ်ဖိနပ်အောက်မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ရုန်းကန် တွန်းထိုး နေမှု ကြီး အား ဝင်ရောက်စွက်ဖက်နေသည်ကို မုန်းတီး ရွံရှာ နေကြချိန်တွင် MNDAA သည် တရုတ်ဖက်သို့ ကူးပြောင်းသွားပြီ ဟု တရားဝင် အသိပေးလိုက်ခြင်း ဖြစ်၍ ၎င်းတို့၏ ရပ်တည်ချက်သည် ပြန်လည် ပြင်ဆင်၍ မရအောင်ပင် ထိခိုက်သွားခဲ့ရပြီ ဖြစ်သည်။

 

သို့သော် သိထားသင့်သည်က လားရှိုး ကဲ့သို့ မြို့ကြီး အား ၎င်းတို့ စစ်ရှူံး၍ လက်လွှတ် ပေးလိုက်ရသည် ဆိုသည်က စစ်တပ်၏ သမိုင်းတွင် အမည်းစက်ကြီး စွန်းထင်း ကျန်ခဲ့မည် ဖြစ်သည့် အပြင် သူ့ကိုယ်သူ ကောင်းသည်ဟု ထင်ထား သည့် မင်းအောင်လှိုင်၏ သမိုင်းကြောင်း legacy သည် မည်သို့မျှ မကောင်းနိုင်တော့၊ သမ္မတ ဖြစ်လာလျင်ပင် လေးစားသမှု ရှိကြတော့မည် မဟုတ်၊ တရုတ်ကောင်း မှု ဖြင့် သမ္မတ ဖြစ်လာရသူ ဟုသာ ယူဆခံရတော့မည်။

 

ထိုအဖြစ်ကို မင်းအောင်လှိုင်ဖက်က မည်သို့မျှ အဖြစ်ခံမည် မဟုတ်၊ အခြေ အနေ ပေးသည်နှင့် အင်အားစု ပြီး ပြန်တိုက်မည်သာ ဖြစ်သည်။ ယခုပင်လျင် ရန်နိုင်မင်း ဟု အမည်ပေးကာ တာစူ နေပြီ ဖြစ်သည်။

 

ထိုအခါ တွင် ပြည်သူများကလည်း မှောက်ချီတလှည့် လှန်ချီတလှည့် လုပ်နေသည်ဆိုကာ MNDAA အား ယခင်ကလို စိတ်ပါလက်ပါ ထောက်ခံကြ‌ တော့မည် မဟုတ်တော့။

 

ထိုအချက်များ ကို ထည့်သွင်းစဉ်းစားမည် ဆိုက MNDAA သည် မင်းအောင်လှိုင် နှင့် တရားဝင် အပစ်ရပ်စဲရေး သဘောတူညီချက် မရပါပဲ ထိုကဲ့သို့ အရှိန်ရနေသော ထိုးစစ်ကြီး ကို ရပ်တန့်ပြီး ခံစစ် အသွင် ကူးပြောင်း သွားရသနည်း ဆိုသည်ကို နားမလည် နိုင် ဖြစ်ရသည်။ 

 

နိုင်ငံ ရေး လေ့လာသုံးသပ်သူ များကမူ ထိုကြေညာချက် ကြောင့် NUG နှင့် ဆက်ဆံရေး တမျိုး တဖုံ ဖြစ် သွား နိုင်သည်ကလွဲ၍ လက်ရှိ ရှမ်း-မြောက် စစ်ဆင်ရေး အပေါ် မည်သို့မျှ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ဟု သုံးသပ်ကြသည်။

 

လက်ရှိ ၎င်းတို့၏ ကြေညာချက်ကြောင့် ပြည်သူလူထု အတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ယခင်က ရရှိထားသော ထောက်ခံမှု အရှိန်အဟုန် ကျဆင်းသွားခဲ့သည်သာ အဖတ်တင်သွားခဲ့သည်။

 

အချို့ သော တိုင်းရင်းသား အဖွဲ့များသည် ၎င်းတို့ အလိုရှိသော ကိုယ်ပိုင် အုပ်ချုပ်ရေး ကို တရုတ်က ပေးနိုင်မည် မဟုတ်၊ ပြည်မ က အာဏာရှင် တော်လှန်ရေး နှင့် ဆက်စပ် လှုပ်ရှား သွားနိုင်မှသာ အာမခံ နိုင်မည်ဟူသော မှန်ကန်သော အသိအမြင်မျိုး ရှိနေကြသည်။ 

 

ပြည်သူများကလည်း မိမိတို့ အရေး မိမိတို့သာ ဖန်တီးရတော့မည် ဆိုသည့် ကိုယ့်အားကိုယ်ကိုး ရမည်ဟူသော အသိစိတ်များ ခိုင်မာသည်ထက် ခိုင်မာလာ၍ တော်လှန်ရေး အတွက် အပေါင်း လက္ခဏာများသာ ဖြစ်လာခဲ့ရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!