ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို (၁၀)
*********************
အကယ်၍ ဘွန် သာ မန်းကို နောက်နှစ်ပေါင်း အတန်ကြာသည်အထိ ထပ် တွေ့ရမည် မဟုတ်၊ နောင် ဘယ်တော့မှလည်း တွေ့ခွင့်ရချင်မှ ရတော့မည် ဆိုသည်ကို ထိုည က သိခွင့်ရခဲ့မည် ဆိုလျင် လေယာဉ် ပေါ်သို့ ယောင်လို့မျှပင် တက်လိုက်လာတော့မည့် သူမဟုတ်။
အလယ်တန်း ကျောင်းသား ဘဝကတည်းက ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ တယောက်ထိလျင် တယောက်မခံ ဟု ဆိုကာ Three Musketeers ဟု ယူဆထားကြပြီး ဖြစ်သည်။ ဒူးမား၏ စာပေ လက်ရာ များနှင့် ကျွန်တော်တို့အား ပထမဆုံး မိတ်ဆက်ပေးလာခဲ့သူသည် မန်း ပင် ဖြစ်သည်။ ထိုသို့ မိတ်ဆက်ပေးလာရသည့် နောက်ထပ် အကြောင်းတခုသည် ဒူးမားတွင် လူမည်းသွေး လေးပုံ တပုံခန့် ပါနေသော ကြောင့် လည်း ဖြစ်သည်။
ဤသို့ဖြင့် မန်းသည် ကျွန်တော်တို့ အတွက် အားကျ အတုယူစရာ ဖြစ်လာခဲ့သည်။ သူသည် စာအုပ်စာပေ များကို အငမ်းမရ ဖတ်ရှူသူ ဖြစ်သည့် အပြင် သူဖတ်ခဲ့သော အကြောင်းများကိုလည်း ပြန်ပြောပြတတ်သူ ဖြစ်သည်။ ကျွန်တော်တို့ တတွေသာ အလယ်တန်းကျောင်းသား ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းခွင့် ရခဲ့မည် ဆိုလျင် မန်းသည် ကျွန်တော်တို့ ကျောင်း၏ စာပေဂုရုကြီး ဖြစ်လာနိုင်ဖွယ် ရှိသည်။
မန်းသည် ပယ်ရီ မေဆန် လျို့ဝှက်သဲဖို ဝတ္ထု သုံးအုပ်ကို ဘာသာ ပြန်ခဲ့သည့် အပြင် ကလောင်နာမည် တခုဖြင့် ပြင်သစ် စာရေးဆရာ အီမီလီ ဇိုလာ စတိုင်ကို အတုယူ၍ သရုပ်မှန် ဝတ္ထု မျိုး ရေးသားခဲ့ဖူးသည်။
သူသည် အမေရိကား အကြောင်းကို လေ့လာခဲ့သော်လည်း ဘွန် ကဲ့သို့ပင် ရောက်ဖူးခြင်း မရှိသေးပေ။ ဘွန်က အရက် ထပ်မှာလိုက်ပြန်ပြီး အမေရိကား တွင် အခုလို ဘီယာဂါးဒင်း မျိုး ရှိလားဟု မေးလာသည်။ ကျွန်တော်က ဒါမျိုး မရှိသော်လည်း ဘားဆိုင်များနှင့် ဆူပါ မားကက်များတွင် ဘီယာကို အမြဲလို ဝယ်၍ ရသည်ဟု ပြောပြလိုက်သည်။ သီချင်းဆိုနေသော အမျိုးသမီးလို ချောချောလှလှ တွေကော ရှိလားဟု မေးပြန်သည်။
ကျွန်တော်က သူ့ခွက်ထဲ အရက် ဖြည့်ထဲ့ပေးလိုက်ရင်းက ၊ အချောအလှတွေ ရှိသော်လည်း အခုလိုမျိုး သီချင်းဆိုတာမျိုး တော့ မရှိဟု ပြန် ဖြေလိုက်ရသည်။
ဂစ်တာ သမားက နောက်ထပ် သီချင်းတပုဒ် အတွက် ကြိုးညှိနေသည်။ ဘီတဲလ် အဖွဲ့၏ Yesterday သီချင်း ဖြစ်သည်။ ဒီလိုမျိုး သီချင်းတွေတော့ ဆိုကြမှာပါ ဟု မန်း က ပြောသည်။ ကျွန်တော်တို့ သုံးယောက်စလုံး သံပြိုင်လိုက်ဆိုကြသည်။ ကျွန်တော့် မျက်လုံးများက စိုစွတ်စ ပြုလာပြန်သည်။
ကျွန်တော်တို့ ကံကြမ္မာ သည်သာ စစ်ပွဲ နှင့် မကြုံခဲ့ရလျင်၊ နိုင်ငံကို အာဏာငမ်းဖမ်းနေသော အကျင့်ပျက် သမားများက ဦးဆောင် မနေခဲ့လျှင်၊ အမေရိကန် သွင်းပေးနေသော အကြောဆေးဖြင့် နိုင်ငံသည် ဖုတ်လှိုက် ဖုတ်လှိုက် အသက်ဆက်နေရသည့် အခြေ အနေမျိုး မဟုတ်လျင် ကျွန်တော်တို့ အားလုံး အခုလို ဘဝမျိုး နှင့် နေသွားခွင့် ရကြမည်သာ ဖြစ်သည်။
ကျွန်တော်၏ သွေးသောက် ညီအကို များ မှ လွဲ၍ ဆိုင်ထဲတွင် ထိုင်နေကြသော စစ်သား တဦးတလေကိုမျှ သိကျွမ်းထားခဲ့ခြင်း မရှိ၊ သို့သော်လည်း သူတို့စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် အတိုင်း ထပ်တူ ခံစားနေရသည် ဆိုသည်ကိုတော့ ဝန်ခံရမည်သာ ဖြစ်သည်။ သူတို့သည် ရက်အနည်းငယ် အတွင်း သေချင်လည်း သေမည်၊ ဒဏ်ရာ ရသွားချင်လည်း ရသွားနိုင်သည်။ သို့မဟုတ်ကလည်း အဖမ်းခံရ၊ နှိပ်စက်ညှင်းပမ်းခံရနိုင်သည်၊ တကွဲတပြား နှင့် ခြေဦးတည့်ရာ ပြေးရင်း လွှားရင်း အရှက်တကွဲ နှင့် စွန့်ပစ်ခံ၊ အမေ့လျော့ခံ ဘဝမျိုးသို့လည်း ရောက်သွားနိုင်သည်။
သူတို့အားလုံးသည် ကျွန်တော်၏ ရန်သူများ ဖြစ်သော်လည်း တဖက်တွင် တိုက်ဖေါ်တိုက်ဖက် ညီနောင်များလည်း ဖြစ်နေသည်။ သူတို့အားလုံး အမြတ်တနိုး ထားခဲ့သည့် မြို့တော်သည် ရန်သူ့လက်သို့ ကျရောက်တော့မည် ဖြစ်သော်လည်း ကျွန်တော်၏ မြို့တော်ကတော့ လွတ်မြောက်တော့မည်သာ ဖြစ်သည်။ သူတို့ ကမ္ဘာသည် ဆုံးခန်းတိုင်တော့မည် ဖြစ်သော်လည်း ကျွန်တော်တို့ အတွက် ကမ္ဘာကတော့ ရွေ့လျား ပြောင်းလဲလာပေတော့မည်။
ကျွန်တော်တို့သည် အနာဂတ်ကို ကျောခိုင်းပြီး အတိတ်ကို ပြန်ပြောင်း ခံစားရင်း နှစ်မိနစ် ခန့် အားရပါးရ ဆိုလိုက်ကြသည်။ ရေကူးသမားတယောက်က ရေတံခွန်ရှိရာသို့ နောက်ပြန် ကူးခတ်နေသကဲ့သို့ပင်။
*****************
ကျွန်တော်တို့ ဆိုင်က ထွက်လာချိန်တွင်တော့ မိုးစဲသွားပြီ ဖြစ်သည်။ ဘီယာဂါဒင်း အနောက်ဖက် ရှိ မိုးဖွားများ တစက်စက်ကျနေ သဖြင့် စွတ်စိုပြီး အေးစိမ့်စိမ့် ဖြစ်နေသော နောက်ဖေးလမ်းကြား အတိုင်း စီးကရက် ကိုယ်စီ ခဲကာ လျှောက်လာခဲ့ကြသည်။
မရိမ်း တပ်သား သုံးဦးလည်း အမှောင်ထဲမှ ဒယိမ်းဒယိုင် ဖြင့် ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ ပါးစပ်ဖျားကလည်း beautiful Saigon, oh, Saigon! oh Saigon! ဟု အော်ဆို လာနေသည်။ အချိန်က ခြောက်နာရီ ခန့်သာ ရှိသေးသော်လည်း သူတို့ကိုယ်မှ ချွေးနံ နှင့် အရက်နံ့များ မွှန်ထူနေသည်။
သူတို၏ ပုခုံးများ ထက်တွင် M-16 သေနတ်များကို သိုင်းကြိုး နှင့် ချိတ်ပြီး လွယ်ထားကြသည်။ အဝေးကကြည့်လျင် ဝှေးစေ့ နှစ်လုံးကို အပြင်ထုတ်ထားသယောင် ထင်ရပြီး အနီးကပ် ကြည့်မှသာ သူတို့၏ ခါးပတ် တဖက်တချက် လက်ပစ်ဗုံး နှစ်လုံးစီ တွဲလွဲချိတ်ထားမှန်း သိလိုက်ရသည်။
သူတို့၏ ယူနီဖောင်းများ၊ လက်နက်များနှင့် စစ်ခမောက်များ အားလုံး ကျွန် တော်တို့ လိုပင် အမေရိကန် လုပ် များ ဖြစ်သော်လည်း အမေရိကန် များဟု မည်သို့မျှ ယူဆ၍ မရအောင် သူတို့ ဆောင်းထားသည့် သံခမောက်များ က ပိန်ချိုင့်နေသည့် အပြင် ကျွန်တော်တို့ လို ခေါင်းများ အတွက် ကြီးလွန်းနေပြန်သည်။
မရိမ်းတပ်သား တဦး ၏ ခေါင်းက ကျွန်တော်တို့ဖက်သို့ လှည့်လာပြီး ကျွန်တော်နှင့် ဝင်တိုက်မိတော့သည်။ သူ့ပါးစပ်က ဆဲသံဆိုသံ ထွက်လာပြီး ဆောင်းထားသော သံခမောက်ကလည်း နှာခေါင်းဖျား အထိ လျောကျလာသည်။ ခမောက်ကို အပေါ်သို့ တွန်းတင်လိုက်ရင်း ကျွန်တော်အား သူ၏ ရီဝေသော မျက်လုံးများ နှင့် စူးစိုက်ကြည့်လိုက်ပြီး ဟဲလို ဟု နှုတ်ဆက်လိုက်သည်။
ပါးစပ်က အရက်နံ့ တထောင်းထောင်း ထွက်နေသော်လည်း သူ၏တောင်ပိုင်းသား လေယူလေသိမ်းသည် လျှာလေးအာလေး ဖြစ် နေ၍ မနည်း နားလည်အောင် ကြိုးစားယူရသည်။ မင်းတို့က ဘယ်သူတွေလဲ၊ ရဲတွေလား၊ ငါတို့လို စစ်သားစစ်စစ်တွေကို ဘာလုပ်ကြမလို့လဲ ဟု ပြောလာသည်။
မန်းက စီးကရက် ထိပ်က ပြာစ နှင့် သူ့ထံ လှမ်းတောက်လိုက်ပြီး ဒီရဲက ဗိုလ်ကြီး အဆင့်ရှိတယ်၊ မောင်ရင်လို ဒုဗိုလ် အဆင့်က အထက်လူကြီး ကို အလေးပြုလိုက်စမ်း။
ဒုဗိုလ် အဆင့် ရှိသော ဒုတိယ မရိမ်းကလည်း ဒီလိုပြောကြေးဆို သူလည်း ဗိုလ်မှုးပဲ ဟု ဒုဗိုလ်အဆင့် ရှိသော တတိယ မရိမ်းဖက် လှည့်၍ ပြောရင်းက သမ္မတ တောင် လစ်သွားပြီ၊ ဗိုလ်မှုးတွေ၊ ဗိုလ်မှုးကြီး တွေ၊ ဗိုလ်ချုပ်တွေ နားလိုက်တော့၊ ဗိုလ်ချုပ်ကြီးတွေဆို သူတို့ အသက် အန္တရာယ် ရှိလာပြီဆို ထုံးစံ အတိုင်း မီးခိုးလိုပဲ လှစ်ကနဲ အလျိုလျို ပျောက်ကုန်ကြပြီ။ ကျုပ်တို့ကို သူတို့ ဆုတ်နိုင်အောင်လို့ ကာပစ် ပစ်ပေးဖို့ ချန်ထားခဲ့တာ။ ဒီလိုပဲ အမြဲ လုပ်ပေးနေကျ၊ ဘာ ဆုတ် တာလဲဟု ဒုတိယ မရိမ်းစစ်သားက ပြောသည်။
တတိယ လူက ကျုပ်တို့ အဖို့က ပြေးစရာ မြေမရှိဘူး၊ သေတာနဲ့ ဘာမှ မခြားဖူး ဟု ဒုတိယလူ ပြောသည်ကို သဘောတူ သည့် အနေနှင့် ဝင်ပြောလိုက်သည်။ ပထမ လူ က ငါတို့ အလုပ်က သူတို့ အတွက် သေပေးဖို့ပဲ။