မင်း‌ အောင်လှိုင်၏ တွင်းနက် ကြီး အား တူးဖေါ်ခြင်း

by Hla Soewai - Sep 30 2024

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သည် မိမိတို့ဖက်မှ ရေကြီးဖွယ် ရှိကြောင်း သတိ ပေးချက် ထုတ်ပြန်ခဲ့သော်လည်း ထိုမျှလောက်ထိ မိုးသည်းထန်စွာ ရွာသွန်း လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း၊ သို့ဖြစ်‌၍ ကြိုတင် ပြင်ဆင်မှု များ မရှိခဲ့ဟု အင်္ဂါနေ့က ခေါ်ယူသော ၎င်းတို့၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီ အစည်း အဝေး တွင် ဝန်ခံသွားခဲ့သည်။

 

ဤအချက်ကို ကြည့်မည်ဆိုက အာဏာရှင်စနစ်ဆိုး၏ ကြောက်မက်ဖွယ် ကောင်းသည့် အချက်ကို အထင်အရှား တွေ့လာနေရပြီ ဖြစ်သည်။ တိုင်းပြည် နှင့် လူထု သည် တဦးတယောက်တည်း၏ အ‌တွေး အခေါ၊ အကြံအစည် တခုတည်း ပေါ် ၎င်းတို့၏ ကံကြမ္မာ ကို ပုံအပ်ထားကြရခြင်း ပင် ဖြစ်သည်။

 

အာဏာရှင် က ထိုမျှလောက် မိုးမကြီးနိုင်ဟု ယူဆလျင် မည်သည့် ပညာရှင်ကမျှ ကြီးနိုင်သည်ဟု မည်မျှပင် ကြိမ်းသေ သိနေသည် ဆိုစေဦး စောဒက တက်ရဲကြမည် မဟုတ်ပေ။ 

 

 ကိုယ့်သ‌ဘော နှင့် ကိုယ် ဘာတခုမျှ ဦးဆောင်ဦးရွက် မလုပ်ရဲကြ၊ မအောင်မြင်လျင် အမျက်တော်ရှ ခံရမည့် အပြင်၊ အောင်မြင်သွားခဲ့လျင်ပင် မနာလို ဝန်တို အပြစ်ရှာ ခံရမည် ဆိုသည်ကို ကောင်းစွာ နားလည် ထားကြသောကြောင့်ပင် ဖြစ်သည်။

 

အာဏာရှင် ဆိုသူ၏ ဦးနှောက်ထဲရှိ black hole ကြီးထဲမှ ယိုစိမ့်လာသော ကောက်ကျစ်သည့် အကြံဉာဏ် များ အတိုင်း တတိုင်းပြည်လုံး စေစားခြင်း ခံနေကြရပြီ မဟုတ်ပါလော။

 

သိပ္ပံပညာရှင်များက အာဏာရှင်များ ဦးနှောက်ရှိ တွင်းနက်ကြီးများ ကို လေ့လာရာတွင် dark triad ဟုခေါ်သော အစုအဝေးကြီး သုံးစု ရှိနေသည်ကို တွေ့ရသည်ဟု ဆိုသည်၊ ပထမ တစုသည် narcissism ခေါ် အတ္တမာန လွန်ကဲမှု၊ ဒုတိယ တစုသည် psychopathy ခေါ် ငယ်စဉ်က စိတ်ဒဏ်ရာ ရလာ၍ ကြမ်းတမ်းစွာ ရန်မူလိုမှု နှင့် Machiavellianism ခေါ် တရားသည် မတရားသည် ဖြစ်စေ မိမိရည်မှန်းချက် အောင်မြင်ရေးကိုသာ ဦးဝာည်လာမှု တို့ ဖြစ်သည်။

 

အာဏာရှင်တိုင်းတွင် ထိုအစုအဝေးကြီး သုံးခု ပါဝင်နေသောလည်း ပါဝင်သည့် အချိုးအစားခြင်း တော့ တူညီမှု မရှိကြဟု ဆိုသည်။

 

အချို့သော အာဏာရှင်များက ၎င်းတို့ မည်မျှ ကြီးမြတ်သည်၊ စွမ်းဆောင်နိုင်သည်ကို ပြလိုစိတ် ရှိသော်လည်း မင်းအောင်လှိုင်ကဲ့သို့ လူမျိုးက ထိုအရည် ‌အသွေးမျိုး ပါမလာ၍ မနာလို ဝန်တိုမှု၊ လက်စားချေလိုမှု များဖက် အားသန်သွားရခြင်းပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ အားလုံးသည် စိတ်ကလင့် ကလျား‌ ဝေဒနာရှင်များခြည်းသာ ဖြစ်သည်။ ၎င်းတို့ စိတ်ထဲတွင် moral judgment ခေါ် ဓမ္မ နှင့် အဓမ္မ၊ သင့်တော်၏ မတော်၏ ဆိုသည်နှင့် တစုံတယောက်၏ စိတ်ခံစားမှု အဘယ်သို့ ရှိမည် ဆိုသည် ကို မည်သို့မျှ ပိုင်းခြား ဆန်းစစ်နိုင်စွမ်း မရှိကြပဲ ဖြစ်စေချင်သည် တခုတည်းကိုသာ မဖြစ်ဖြစ်အောင် လုပ်တတ်ကြသူများ ဖြစ်သည်။ ကြောက်ရလန့်ရ ကောင်းမှန်း သိသည့် စိတ်ခံစားမှု ပျောက်ဆုံးနေတတ်ကြသည်။

 

၎င်းတ‌ဦးတည်းချည်း မဟုတ်၊ ၎င်းနား ဝန်းရံနေသည့် inner circle ခေါ် အတွင်းလူများသည်လည်း ထိုနည်း နှင်နှင်ချည်း ပင် ဖြစ်သည်။ အာဏာရှင်သည် ထိုသို့သော လူမျိုးများကို သာ မျက်စိ ကြသည်၊ အလိုလိုနေရင်း အပါးတော်မြဲ ဖြစ်လာသည်၊ ချီးမြှင့်မြှောက်စား ခံကြရသည်မှာ ထူးဆန်းလှသည် တော့ မဟုတ်။

 

ထိုသို့သော် လူမျိုးများ နှင့် ငြိမ်းချမ်းရေး အတွက် ‌ဆွေးနွေးရမည် ဟု ရေရွတ်လာသူများသည် လက်ရှိ အနေအထားမှ ရုန်းထွက်လိုကြ၍ ကြံရာမရ ဖြစ်လာသူများ၊ မွန်းကျပ်လာသူများမှ ကောက်ရိုးမျဉ် တမျဉ်ကို ဆွဲမိဆွဲရာ ဆွဲလာခြင်း ပင် ဖြစ်သည်။ 

 

ပြည်သူများကို ၎င်းတို့ ရှေ့ ဒူးထောက်မလာမချင်း အကြမ်းဖက် သွားမည်ဟု စိတ်ပိုင်းဖြတ် ထားသူများ နားလည်သည့် ဘာသာစကား သည် အင်အား သာ ဖြစ်သည်။

 

လက်ရှိ ကြုံတွေ့နေရသော သဘာဝ ဘေးအန္တရာယ်ကြီး နှင့် ယခင် နာဂစ် မုန်တိုင်းများက ၎င်းတို့၏ စိတ်သဘောသဘာဝ အား အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အစရှိသည့် စကားတန်ဆာ များ နှင့် ဖုံးအုပ်ထားနိုင်စွမ်း မရှိတော့ပဲ သရုပ်မှန်ကို လှစ်ဟ ပြလိုက်ခြင်းပင် ဖြစ်သည်။

 

မန္တလေး၊ ပဲခူး ဒေသကြီး နှင့် ရှမ်း၊ ကရင်နီ ပြည်နယ်များ တွင် အသေအပျောက် နှုန်းသည် ၁,၀၀၀ ခန့် ရှိမည် ဖြစ်ပြီး ၇၀၀,၀၀၀ ခန့် ရေဘေးဒဏ် ခံခဲ့ရသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ လူကယ်ပြန် ဝန်ကြီး ဌာန ၊ KNU၊ KNDF နှင့် ချင်းအမျိုးသား တပ်ဦး တို့မှ စာရင်း ထုတ်ပြန်ခဲ့သည်။

 

တဆက်တည်း ဆိုသလိုပင် ကုလ၊ အီးယူ နှင့် အာဆီယံ အဖွဲ့ကြီးများထံလည်း အရေးပေါ် အကူအညီများ ပေးရန်၊ ထိုသို့ ပေးရာတွင်လည်း စစ်ကောင်စီ လက်ထဲ ရောက်မသွားစေရေး အထူး ဂရုစိုက်ရန်လည်း ပန်ကြားခဲ့သည်။

 

ကုလ သမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဗော်ကာ တပ်ခ်မှ ဧပြီ ၂၀၂၃ မှ ၂၀၂၄ ဇွန်လ အတွင်း စစ်တပ်၏ ‌လေကြောင်းမှ တိုက်ခိုက်ခဲ့မှု များ ကြောင့် အရပ်သား ပြည်သူ ၂,၄၁၄ ဦး သေဆုံးသွားခဲ့သည်ဟု ယနေ့ ထုတ်ပြန်သော အစီရင်ခံစာ တွင် ထည့်သွင်း ဖေါ်ပြထားသည်။ စစ်တပ်မှ အာဏာသိမ်းပြီးချိန်ကစ၍ စုစုပေါင်း သေဆုံးသူ အရေအတွက်သည် ၅,၃၅၀ ရှိသွားပြီ ဖြစ်သည်ဟုလည်း ဆိုသည်။ ထိုအထဲတွင် ကလေးသူငယ် ၈၈ ‌ဦး အပါအဝင် လူပေါင်း ၁,၈၅၃ ဦးသည် ဖမ်းဆီးနှိပ်စက်ခံရ၍ သေဆုံးခဲ့ရသည်ဟု ဂျီနီဗာ အခြေစိုက် မဟာမင်းကြီးရုံး၏ ပြောခွင့်ရ မှ သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ဖေါ် ပြောဆိုခဲ့ပြန်သည်။

 

ယခုအခါ စစ်အာဏာရှင် စနစ်သည် မြန်မာပြည်ရှိ အသိဉာဏ် ရှိသူ တိုင်းက လက်မခံကြ‌ တော့၍ အနှေးနှင့် အမြန် ဆိုသလို ကျရှုံး‌ သွား‌ တော့မည် က မြေကြီး လက်ခတ် မလွဲပင် ဖြစ်သည်။ 

 

ထို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် လက်ရှိ သဘာဝ ဘေးအန္တရာယ်ကြီးကို အကြောင်းပြု၍ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ အား တိုင်းရင်းသား အဖွဲ့အစည်းများထံ တိုက်ရိုက် ပေးသွားခြင်းဖြင့်၊ တိုင်းပြည်၏ အနာဂတ် အုပ်ချုပ်ရေး အတွက် NUG အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ချဉ်းကပ် ဆက်သွယ်ပြီး ကူညီပေးသွားနိုင်မည့် အခွင့်အလန်း ထွက်ပေါ်လာသည်ကို အမိအရ ဖမ်းဆုတ်နိုင်ဖို့သာ လိုပေ‌ တော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!