နိုင်ငံတကာ ရေးရာ မိတ်ဆက်(90)

by Hla Soewai - Sep 30 2024

တရားဝင် အားဖြင့် ပြန်လည် တည်ဆောက်ရေး နှင့် ဖွံ့ဖြိုးမှု ဘဏ်ဟု ‌အမည်ပေးထားသည့် ကမ္ဘာဘဏ်သည် တကယ်တမ်း တွင် နိုင်ငံတကာ ဗဟိုဘဏ် အဖြစ် ဆောင်ရွက်နေခြင်း မဟုတ်ပေ။ ဆင်းရဲသော နိုင်ငံများ တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အကူအညီ ပေးရန် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

နိုင်ငံ တကာ ငွေကြေး ရံပုံငွေ အဖွဲ့ အိုင်အမ်အက်ဖ်သည် ၁၉၄၄ တွင် ကျင်းပခဲ့သော ဘရင်တန် ဝုဒ် ညီလာခံ ကြီး မှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ စစ်ကြီး ပြီးဆုံးသွားပြီး နောက် ကမ္ဘာစီးပွားရေး ကို မည်သို့မည်ပုံ စီမံ ခန့်ခွဲ သွားမည်ဟု အစီအစဉ်များ ချမှတ်နိုင်ရန် ခေါ်ယူ ခဲ့ခြင်း ဖြစ်သည်။ ထိုအထဲ တွင် အဓိက သတ်မှတ် အသုံးပြုမည့် ငွေကြေး နှင့် ငွေကြေး ဆိုင်ရာ ကျင့်သုံးရမည့် မူဝါဒ များ ပါ ထည့်သွင်းဆွေး နွေးခဲ့ကြသော်လည်း လုပ်ပိုင်ခွင့် အာဏာဆို၍ မဆိုသလောက်သာ ထွက်ပေါ်လာခဲ့သည်။

 

အိုင်အမ်အက်ဖ်၏ အဓိက တာဝန်များထဲတွင် အစိုးရများ၏ ဘဏ္ဍာရေး အခြေအနေ ကို ဆန်းစစ်၍ အကြံပြုသွားရေး ပါဝင်သည်။ နောက်ထပ် တာဝန် တရပ်အဖြစ် ရှိသည်ထက် ပို၍ သုံးစွဲမိသဖြင့် ငွေကြေး အခက်အခဲ ဖြစ်လာသော နိုင်ငံများအား ငွေထုတ် ချေး ပေး ရေး ဖြစ်သည်။ ထိုသို့ ချေးငှားရာတွင်လည်း ချေးငွေရယူသော နိုင်ငံများ အနေဖြင့် ကြွေးမြီ ပြန်ဆပ်နိုင်ရေး သေချာစေရန် ၎င်းတို့အကြံပြုသည့် အတိုင်း ဘဏ္ဍာရေး နှင့် ငွေကြေး မူဝါဒ များအား ပြုပြင် ပြောင်းလဲသွားပါမည် ဆိုသော ကတိကဝတ် ကို အာမခံ အဖြစ် တောင်းဆိုခဲ့ကြသည်။

 

အဓိက အားဖြင့် အစိုးရများအား ၎င်းတို့၏ အသုံးစရိတ်ကို လျော့ချပြီး အခွန်အကောက်များ တိုးမြှင့် ကောက်ခံဖို့ တောင်းဆိုခြင်း ဖြစ်သည်။သို့‌ သော် ကုန်သွယ်ရေး နှင့် ငွေပေးငွေယူ ရှင်းတမ်းတွင် ပိုငွေ ပြနေသော နိုင်ငံများကိုမူ အိုင်အမ်အက်ဖ် အနေဖြင့် ဩဇာ ပေးနိုင်ခြင်း မရှိပေ။

 

အချို့နိုင်ငံများ ပိုငွေပြသည် ဆိုရာတွင် ပို့ကုန်များကို အားပေးပြီး သွင်းကုန် များ နှင့် ပြည်တွင်း သုံးစွဲမှု များကို လျော့ကျလာစေသည့် ဘဏ္ဍာရေး နှင့် ငွေကြေး ဆိုင်ရာ မူဝါဒများ ချမှတ် ကျင့်သုံးနေ သော ကြောင့် ဖြစ်သည်။ ယခင် ဆယ်စုနှစ်များစွာက ဂျပန်သည် ထိုကဲ့သို့ အနေအထားမျိုး ရောက်ခဲ့ပြီး ယခုအခါ တရုတ် နှင့် ဂျာမဏီ တို့ အလားတူ ဖြစ်လာကြသည်။

 

ကမ္ဘာတဝှမ်း လုံးနှင့် သက်ဆိုင်သည့် ဗဟိုဘဏ် ဟူ၍ မရှိသော်လည်း နိုင်ငံ သုံး ငွေကြေးများကိုတော့ တနိုင်ငံ နှင့် တနိုင်ငံ လဲလှယ် အသုံးပြု နိုင်ကြသည်။ အများအားဖြင့် တဒေါ်လာလျှင် ယူရို သို့မဟုတ် ပီဆို မည်ရွေ့မည်မျှ နှင့် လဲလှယ် နိုင်သည် ဆိုသည်ကို ငွေကြေး အဝင် အထွက် ပေါ် မူတည်ပြီး ဈေးကွက်ကသာ အဆုံးအဖြတ် ပေးကြစမြဲ ဖြစ်သည်။

 

အချို့နိုင်ငံများကမူ ၎င်းတို့၏ ငွေ‌တန်ဖိုးကို အခြား နိုင်ငံ တနိုင်ငံ၏ ငွေကြေး နှင့် ချိန်ညှိထားပြီး ထိုတန်ဖိုး အတိုင်း မယုတ်လျော့အောင် ထိန်းထားမည်ဟု အပြန်အလှန် ကတိပြုခဲ့ကြသည်။

 

သို့သော် အစိုးရများ၏ ငွေတန်ဖိုး ထိန်းထားနိုင်ရန် ကြိုးပမ်းမှု များသည် အချိန်ကြာညောင်းလာသည် နှင့် အမျှ အောင်မြင်မှု မရ ဖြစ်လာသည်ကို တွေ့လာရသည်။ အဘယ်ကြောင့် ဆိုသော ငွေတန်ဖိုးသည် ထီးထီးကြီး ရပ်တည်နေနိုင်ခြင်း မရှိပဲ စီးပွားရေး အတက်အကျ ပေါ် လိုက်၍ ပြောင်းလဲလာခဲ့ခြင်း ကြောင့် ဖြစ်သည်။

 

ဤသည်ကလည်း နိုင်ငံ အများစုသည် ငွေတန်ဖိုးကို ဈေးကွက် ပေါက်ဈေး အတိုင်း သို့မဟုတ် သတ်မှတ် ချိန်ညှိထားမှု များကို လိုက်နာကြခြင်း မရှိပဲ ငွေတန်ဖိုး အား ၎င်းတို့ ဖြစ်စေချင်သည့် အတိုင်း ဖြစ်ရန် ဝင်ရောက်စွက်ဖက်နေကြသည်။ အတိုင်းအတာ အရ အနည်းနှင့် အများ ဆိုသလိုသာ ကွာခြားတတ်သည်။

 

ဒေါ်လာ လွှမ်းမိုးလာသော ခေတ်

 

အမေရိကန် ဒေါ်လာ သည် ယခု အချိန်အထိ ကမ္ဘာ ကုန်သွယ်ရေး တွင် လူကြိုက်များသော ငွေကြေး ဖြစ်လာပြီး နိုင်ငံတကာသုံး ငွေ အဖြစ် ရောက်လာနေသည်ဟု ပြော၍ ရသည့် အနေအထား ဖြစ်လာခဲ့သည်။

 

ဥပမာ ဆိုရက ဘရာဇီးသည် တရုတ် ကုန်ပစ္စည်းများကို တင်သွင်းရာတွင် ဒေါ်လာ နှင့် ဈေးဖြတ်ပြီး ငွေပေးချေရာတွင်လည်း ဒေါ်လာ နှင့်သာ ပေးချေခဲ့သည်။ အဆိုပါ ဒေါ်လာများကို လက်ခံရရှိသော တရုတ် ကုမ္ပဏီများသည်လည်း ၎င်းတို့၏ ဘဏ်များ တွင် တရုတ် သုံးငွေ နှင့် လဲလှယ်ခဲ့ကြသည်။ သို့မဟုတ်ကလည်း အမေရိကန် တွင် ရင်းနှီး မြုပ်နှံလိုသူ များကို ပြန်လည် ရောင်းချ တတ်ကြသည်။ အမေရိကန် တွင် ဝယ်ယူ ရင်းနှီးမြုပ်နှံပါက အကျိုး အမြတ် ရသည့် အပြင် ငွေတန်ဖိုး အရလည်း လုံခြုံစိတ်ချရခြင်းကြောင့် ဖြစ်သည်။

 

ကုန်စည်များ နှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ပြည်တွင်း သို့ တင်သွင်းသည်ထက် ပြည်ပသို့ ပိုမို တင်ပို့ ရောင်းချ နိုင်သည့် နိုင်ငံများတွင် ဒေါ်လာငွေ အမြောက်အမြား စုဆောင်းမိလာကြသည်။ ထိုနည်းဖြင့် တရုတ် နှင့် ဂျပန် တို့ လက်ဝယ်တွင် ဒေါ်လာ အမြောက်အမြား ပိုင်ဆိုင်လာကြခြင်းလည်း ဖြစ်သည်။

 

၎င်းတို့ အနေဖြင့် ကုန်သွယ်ရာတွင် တဖက်စောင်းနင်း ဖြစ်အောင် မလုပ်သရွေ့၊ ငွေတန်ဖိုးကို မကစား သရွေ့ ပြဿနာ မရှိပေ။ ကုန်သွယ်ရေး တွင် ဒေါ်လာကဲ့သို့ အများ လက်ခံနိုင်သည့် အရံငွေကြေး မရှိဟု ဆိုက နိုင်ငံတကာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြုပ်နှံမှု ပမာဏ သည် လက်ရှိအနေအထားသို့ မည်သို့မျှ ရောက်မလာနိုင်ဘဲ ကမ္ဘာကြီးသည် ပို၍ ပင် ဆင်းရဲ မွဲတေ လာနိုင်ပေသည်။