အရှက်တော့ ကွဲစ ပြုပြီ ထင်

by Hla Soewai - Sep 30 2024

ယခုအခါ နိုင်ငံတွင်း ယာဂီ မုန်တိုင်းကြောင့် မကြုံစဖူးအောင် ရေကြီး မြေပြို မှု များ ကြောင့် သေဆုံးသူ အရေ အတွက် သည် ၂၂၆ ဦးထိ ရှိလာပြီး ၇၇ ဦး ပျောက်ဆုံးနေဆဲ ဟု စစ်ကောင်စီ မီဒီယာများက သတင်း ထုတ်ပြန်လာသည်။ ၆၃၁,၀၀၀ ခန့်သည် အကူအညီများ အရေးပေါ်လိုအပ်နေပြီ ဟု ကုလသမဂ္ဂ မှ သတိပေးလာခဲ့သည်။

 

လက်ရှိတွင် ထိုင်းတွင် ၁၀ ဦး၊ လာအို တွင် ၁ ဦး၊ ယာဂီ၏ ဦးတည် တိုက်ခိုက်ခြင်း ခံရ‌ သော ဗီယက်နမ် တွင် ၂၉၂ ‌ဦး သေဆုံးပြီး ဒေ့ါ်လာ ၁.၆ ဘီလီယံ ခန့် ဆုံးရှုံးသွားသည်ဟု သိရသည်။

 

မင်းအောင်လှိုင်သည် ၎င်းတို့အား အကူအညီပေးရန် တောင်းဆိုခဲ့သော်လည်း နိုင်ငံတကာ မှ ယခု လို ဆက်ပြီး မသိကျိုးကျွံ ပြုနေမည် ဆိုက နာလိုခံခက် နှင့် အရှက်တကွဲ ဖြစ်ရပေတော့မည်။

 

ဤသည်က ၎င်းတို့အပေါ် အယုံအကြည် မရှိသည်က တကြောင်း၊ သဘာဝ ဘေးအန္တရာယ်ကြီး နှင့် ကြုံတွေ့နေရသော်လည်း အရပ်ဖက် ပစ်မှတ်များကို အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်နေသည့် လူမဆန်သူများ ဟု သတ်မှတ်ထားခြင်းကြောင့် သော်၎င်း ဖြစ်ပုံရသည်။

 

ပို၍ အံ့ဩဖို့ ကောင်းနေသည်က ‌ဆွေမျိုး ပေါက်ဖေါ် ချစ်ကြည်ရေး ဟု တစာစာ အော်ဟစ် နေသော တရုတ်ပြည်မှ တုတ်တုတ်မျှ လှုပ်မလာခြင်းပင် ဖြစ်သည်။

 

ထိုင်း နိုင်ငံ ခြားရေး ဝန်ကြီး မှ သံလွင် မြစ်တလျောက် ရေဖမ်း ဒေသများ ဆောက်လုပ်နိုင်မည့် အလားအလာ များကို ရှာဖွေ၍ နည်းပညာ ပိုင်း ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထုတ်ဖေါ် ပြောဆိုမှု များ ရှိလာခဲ့သည်။ လက်ရှိ အရေးကို မည်ရွေ့မည်မျှ အကူအညီ ပေးမည် ဆိုသည့် စကားတော့ ပါရှိ မလာခဲ့ပေ။

 

အာဏာသိမ်း ဒု‌ ခေါင်းဆောင် စိုးဝင်းမှ ပြင်ပမှ မီဒီယာ များသည် ၎င်းတို့ ဖက်မှ ဆည်များကို ဖေါက်ချ၍ ဖြစ်သည် ဟူ၍ ၎င်း၊ ၎င်းတို့ လုပ်နေသည့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဖေါ်ပြခြင်း မရှိဟူ၍ ၎င်း စွပ်စွဲလာကြသည်။ 

 

နေပြည်တော်တဝိုက်တွင် ကယ်ဆယ်ရေး လုပ်နေသည် ဆိုသော ၎င်းတို့တပ်သားများ ပုံကို စစ်ကောင်စီ သတင်းစာများ တွင် ဝေဝေဆာဆာ ဖေါ်ပြထားကြသော်လည်း စစ်ယူနီဖောင်းများက ညစ်ပတ် ပေကျံနေခြင်း မရှိပဲ အကောင်းပကတိ ‌တွေ့နေရသည် ဟု ဧရာဝတီက ထောက်ပြထားသည်။

 

လူကယ်ပြန် ဝန်ကြီး ဆိုသူကလည်း နေပြည်တော် တဝိုက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းများတွင် ကြက်ဥ နှင့် ခေါက်ဆွဲခြောက်ထုတ်များ သွားပေးခဲ့ပြီး အချို့နေရာများတွင် ပရိတ် စာအုပ်များပါ ဖြန့်ဝေပေးခဲ့သည်။ အခွင့်ရလျင် ရသလို ၎င်းတို့သည် ဘာသာတရား အား လွန်စွာ ကိုင်းရှိုင်းသူများ အဖြစ် ပေါ်လွင်စေရန် အတွက်လည်း ဖြစ်သည်။

 

ပြည်သူများ အဖို့ ယခုလို သဘာဝ ဘေးအန္တရာယ်ကြီး နှင့် ကြုံလာရချိန်တွင် ‌ကူညီပေးရမည့် အစိုးရ ဆိုသူများသည် ၎င်းတို့အပေါ် မည်သို့မျှ ညှာတာ ထောက်ထားစိတ် မရှိကြသည့် ထိုသို့သော လူစားများ ဖြစ်နေပြန်၍ နှစ်ဆ တိုးကာ အလူးအလဲ ခံနေကြရသည်ဟု ဧရာဝတီ တွင် ရေးသား ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင် ခိုအောင်းနေသည့် နေပြည်တော်တဝိုက်တွင် ကလေးသူငယ်များ အပါအဝင် မိသားစု များသည် သစ်ပင်ပေါ် နှင့် အိမ်ခေါင်မိုးများ ပေါ် အသက်လု တက်ပြေးနေကြရပြီး ၎င်းတိုအား ကယ်တင်ကြရန် ဖေ့စ်ဘုတ်မှ Live လွှင့်ပြီး အော်ဟစ်နေကြသော်လည်း ၎င်း၏ တပ်သား တယောက်တလေကိုမျှ၎င်း၊ ရဟတ်ယာဉ် တစီးတလေမျှ ကို ‌‌၎င်း စေလွှတ်ခဲ့ခြင်း မရှိဟု ဆိုသည်။

 

ပြည်သူများကလည်း ၎င်းသမ္မတ ဖြစ်ရေးသာ စိတ်ဝင်စားနေသော မင်းအောင်လှိုင် ကိုလည်း အားကိုး၍ မရမှန်း သိနေကြပြီး ဖြစ်သည်။ ၎င်းတို့ အဖို့ ဒေါ်အောင်ဆန်းစုကြည်သာ ဆက်၍ အုပ်ချုပ်ခွင့် ရနေမည် ဆိုလျှင် ထိုသို့သော ဒုက္ခသုက္ခ အပေါင်းမှ သက်သာရာ သက်သာကြောင်း ဖြစ်မည်ဟု တွက်ဆထားကြပြီး ဖြစ်သည်။

 

‌ယခု အရေး တွင် ချီးကြူးထိုက်သူများက မရှိမဲ့ ရှိမဲ့ အရင်းအမြစ်များကို စုစည်းကာ ကယ်ဆယ်ရေး လုပ်ငန်းများ သက်စွန့်ဆံဖျား လုပ်နေကြသည့် ဒေသခံ ပရဟိတ အဖွဲ့များပင် ဖြစ်သည်ဟု ဆိုသည်။

 

စိုးဝင်းသည် ၎င်းတို့ အဖွဲ့မှ မည်ရွေ့မည်မျှ စိုက်ထုတ်ပြီး ကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေး လုပ်သွားမည်ဟု အစည်းအဝေး တွင် ထုတ်မပြောသည့် အပြင် ပြည်သူများက လှုဒန်းကြ၍ အားရ ကျေနပ်မိသည်ဟု ပင် အရှက်ကင်းမဲ့စွာ ပြောဆိုသွားခဲ့သည်။

 

ကရင်နီပြည် လွိုင်ကော်မြို့၌ ရပ်ကွက် ၁၀ ခုထက်မနည်း ရေနစ်မြုပ်နေပြီး အကူအညီတောင်းမှုများ ရှိနေသောကြောင့် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ရာတွင် စစ်တပ်ဂိတ်မှ အဝင်မခံဘဲ ပိတ်ထားသည်ဟု ဒေသခံများက ပြောသည်ဟုလည်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

အာဏာသိမ်း အဖွဲ့ အဖို့ ယာဂီ မုန်တိုင်းကြောင့် တပူပေါ် နှစ်ပူဆင့် ဖြစ်ကာ ဗျာများနေပြီဟု ထင်ကြေး များ ထွက်ပေါ်လာသော်လည်း ယခုအခါ တက်တက်စင်အောင် လွဲမှားသွားခဲ့ပြီ ဖြစ်သည်၊ ၎င်းတို့အဖို့က ပြည်သူတို့၏ လက်နက်စွဲကိုင် တိုက်ပွဲ ဝင်နေမှု အပေါ် အနိုင်ရဖို့က လွဲ၍ အခြားအရာများ ခေါင်းထဲ ထည့်ထားခြင်း မရှိသည်ကို အထင်အရှား တွေ့လာခဲ့ရပြီ ဖြစ်သည်။

 

၎င်းတို့ အုပ်ချုပ်နေသမျှ ပြည်သူများ အဖို့ ဒုက္ခသုက္ခ ပေါင်းစုံ ကိုခါးစည်းခံကြရတော့မည်သာ ဖြစ်သည်။