ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(9)

by Hla Soewai - Sep 30 2024

အိတ်တွင် ပါသည့် အထူးခြားဆုံးအရာက အောက်ဆုံးတွင် အံ့ဝှက် ပါနေခြင်းပင် ဖြစ်သည်၊ ကလော့ဒ်က လူတိုင်းလိုလို လိုအပ်လျှင် သုံး၍ ရအောင် ခရီးဆောင် အိတ်များတွင် အံဝှက်များ ရှိထားသင့်သည်ဟု ပြောခဲ့ဖူးသည်။ ထိုအံဝှက်ထဲတွင် ကျွန်တော်၏ Minox အမျိုးအစား ကင်မရာ အသေးလေး ဝှက်ယူလေ့ ရှိသည်ကို ကလော့ဒ် ရိပ်စားမိခဲ့ခြင်း မရှိ။

 

ထိုကင်မရာလေး ဖြင့် ကျွန်တော် ကြည့်ခွင့်ရခဲ့သည့် လျို့ဝှက် စာရွက်စာတမ်းများကို ရိုက်ယူလေ့ ရှိသည်။ ယခုတကြိမ်လည်း အံဝှက် ကလေးသည် ကျွန်တော့် အတွက် အသုံးတည်လာပြန်ချေပြီ။

 

နောက်ဆုံးအကြိမ် အဖြစ် ကျွန်တော် ထားခဲ့မည့် စာအုပ်များ နှင့် ဓါတ်ပြားများကို မွှေနှောက်လိုက်ပြန်သည်။ အများစုသည် အမေရိကား တွင် ရှိနေစဉ် ဝယ်ထားခဲ့ခြင်း ဖြစ်သည်။ အားလုံးသည် ကျွန်တော် အတွက် သတိရစရာ များချည်း ဖြစ်သည်။ ယခု အခါတွင်တော့ အဲလ်ဗစ်၊ ဒိုင်လန်၊ ဖော့ကနာ၊ တွိမ် တို့ အတွက် နေရာ မပေးနိုင်တော့၊ နောက်မှ ပြန်ဝယ်၍လည်း ရသည်ကိုး၊ စာအုပ်နှင့် ဓါတ်ပြားများ ထည့်ထားသော သေတ္တာ ပေါ်တွင် မန်း ၏ နာမည်ကို ရေးလိုက်ရင်း က ကျွန်တော့် စိတ်များ လေးလံလာနေသည်။ ကျွန်တော် စိတ်တွင် ထားရစ် ခဲ့ရပေတော့မည်ဟူသော အတွေးများကြောင့်လည်း ဖြစ်သည်။ ထိုနည်း အတူ ကျွန်တော့် ဂစ်တာကိုလည်း ထားခဲ့ရပေဦးမည်။ ကုတင်ပေါ်တွင် လဲလျောင်းကျန်ခဲ့‌ သောဂစ်တာလေးသည် ကျွန်တော် ထွက်သွားချိန်တွင် အပြစ်တင်ဟန် ဖြင့် ကြည့်‌ နေ‌ ပေလိမ့်မည်။

 

ထုတ်ပိုးစရာ ရှိသည်များ ထုတ်ပိုး ပြီးစီးသွားသည့် အခါတွင်တော့ ဘွန် ကို ခေါ်ရန် စီထရန် ကား လေးကို ခွင့်တောင်းပြီး မောင်း ထွက်လာခဲ့သည်။ စစ်ဆေးရေး ဂိတ်တွင် တာဝန်ကျသူများက ကျွန်တော်ကား တွင်ရှိ ဗိုလ်ချုပ်ကြီး၏ အမှတ်တံဆိပ် ကြယ်ပွင့်များကို တွေ့သည်နှင့် လက်ပြ၍ ဆက်မောင်းသွားခွင့် ပြုခဲ့သည်။

 

ကျွန်တော်သည် မြစ်ကို ဖြတ်၍ တဖက်ကမ်းရှိ တောပိုင်းမှ စစ်ပြေး ဒုက္ခသည်များ နေရာ ကျူးကျော်တဲများ ရှိရာသို့ ဦးတည် မောင်းလာခဲ့သည်။ သူတို့၏ လယ်ယာမြေ နှင့် အိမ်များသည် မီးမရှို့ရ မနေနိုင်သော စိတ္တဇ ဝေဒနာ ရှင် တပိုင်း စစ်သားများ၏ လက်ချက်ဖြင့် ပြာပုံ ဘဝ ရောက်သွားခဲ့ရပြီ ဖြစ်သည်။

 

ဟိုနေရာ တစု၊ ဒီနေရာ တစု ဖြင့် ဖြစ်သလို ဆောက်ထားကြသော တဲအိမ်တန်းများကို ဖြတ်၍ ဘွန် နှင့် မန်း တို့ စောင့်ဆိုင်းနေသည့် အမှတ် (၄) ရပ်ကွက်ရှိ ဘီယာဂါးဒင်းသို့ ရောက်လာခဲ့သည်။ ထိုနေရာ တွင် ကျွန်တော်တို့ သုံးယောက် သောက်ရင်းစားရင်း မူးရူး ခဲ့ကြသည့် အချိန်များ ကို အမှတ်ရလာမိသည်

 

အထဲရှိ စားပွဲများတွင် စစ်သားများ၊ မရိမ်းတပ်သားများ နှင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူတို့ ထိုင်နေရာ ခွေးခြေခုံများ ဘေးတွင် ရိုင်ဖယ် များကို ထောင်ထားကြသည်၊ သူတို့ ဆံပင်များသည်လည်း သူများ အပေါ် ရက်စက်ရမှ နေပျော်လေ့ ရှိသည့် တပ်ထဲက ဆံသ ဆရာများ လက်ချက်ဖြင့် တိုနှံ့နံ လေးသာ ကျန်တော့သည်။ ဆံသဆရာများကလည်း လူတို့ ဦးခေါင်းခွံ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး စိတ်နေစိတ်ထား နှင့် အကျင့်စရိုက်ကို လေ့လာနိုင်သည့် ဖနိုလိုဂျီ ပညာများ တတ်မြောက်ထားကြလေ သလောဟုပင် ထင်ရလောက်သည်။

 

ကျွန်တော်သည် စားပွဲရှိ လွတ်နေသော ခုံတွင် ဝင်ထိုင်လိုက်သည် နှင့် ဘွန်က ခွက်ထဲသို့ ဘီယာများ လောင်းထည့် ပေးလိုက်သည်။ ပြီးလျင် ကျွန်တော်အား သောက်ခွင့် မပေးသေးပဲ ဖန်ခွက်ချင်း တွေ့၍ ပြန်လည် ပေါင်းဆုံသည့် အထိမ်းအမှတ် ဆိုကာဆုတောင်း ထောပနာပြုလိုက်ပြန်သည်။

 

ငါတို့တတွေ ဖိလစ်ပိုင်မှ ပြန်ဆုံကြမယ်ဟု ကျွန်တော်က ပြောလိုက်သည်။ တကယ်တော့ ကျွန်တော်တို့ ဂူအမ်သို့သာ ရောက်ခဲ့ကြသည်၊ ဖီလစ်ပိုင် အာဏာရှင် မားကို့စ်သည် ဒုက္ခသည်များ တဖွဲဖွဲ ရောက်လာနေသည်ကို စိတ်ကုန်လာပြီး နောက်ထပ် အဝင်မခံတော့၍ ဖြစ်သည်။

 

ဘွန်သည် တချက် ငြည်းလိုက်ရင်းက ဖန်ခွက် နှင့် သူ့ နဖူးကို ပွတ်လိုက်ပြီး ပိုပြီးတော့လည်း ဆိုးမသွားနိုင်ပါဘူးလေ ဟု ပြောပြန်သည်။ လောလောဆယ်တော့ ဖီလစ်ပီနို ကောင်တွေရဲ့ အထင်သေးတာ ခံနေရပြီပေါ့၊ မန်းက ဖီလစ်ပိုင် ကို မေ့ထားလိုက်စမ်းပါ၊ ကဲ..အခု ဂူအမ် ဆိုလည်း ဂူအမ်အတွက် သောက်လိုက်ကြတာပေါ့၊ ဘွန်က ငါတို့ အတူရှိနေမယ့် ရက်တွေ အဆုံးသတ် တဲ့ အတွက်ရောပေါ့ ဟု ရေရွတ်လိုက်သည်။

 

ဘွန် သည် မန်း နှင့် ကျွန်တော်တို့လို မဟုတ်၊ မျိုးချစ်စိတ် ပြင်းထန်သူ တဦး ဖြစ်သည်။ ရီပတ်ဘလီကင် ဘက်‌ တော်သား တဦး ဖြစ်ပြီး ကွန်မြူနစ် များကိုလည်း လွန်စွာ မုန်းတီးနေသူ လည်း ဖြစ်၍

သူ့သဘော ဆန္ဖ အလျောက် စစ်ကို ဝင်တိုက်နေသူ တဦး လည်း ဖြစ်သည်။ 

 

ကွန်မြူနစ် ကေဒါ တဦးက ရွာသူကြီး ဖြစ်သူ ဖခင်အား ရွာလယ်ရှိ ကွင်းပြင်တွင် ဒူးထောက်ခိုင်းပြီး အပြစ်များကို အတင်းအကျပ် ဝန်ခံခိုင်းကာ နားထဲသို့ ကျည်တတောင့် ပစ်သွင်းခဲ့ရာမှ အစပြုလာခဲ့ခြင်း ဖြစ်သည်။

 

သူ့သဘော နှင့် သူသာ ဆိုက စစ်ကို ဂျပန် များလို သူသေ ကိုယ်သေ ဆက်တိုက်မည်လား၊ သို့မဟုတ် သေနတ် နှင့် နားထင်ကို တေ့ပြီး အဆုံးစီရင်မည်လား မပြောတတ်၊ မန်း နှင့် ကျွန်တော်က မိန်းမ နှင့် ကလေးကို ထည့်တွက်ရန် ဖျောင်းဖြရသည်။ အမေရိကား ကို ထွက်သွားသည်ကလည်း စွန့်ခွာ ထွက်ပြေးခြင်း မဟုတ်၊ မဟာဗျူဟာမြောက် ဆုတ်ခွာခြင်းဟု သဘောထားရန် ပြောရသည်။

 

မနက်ဖန်ကျ မန်းလည်း ကျွန်တော်တို့ နှင့် အတူ လိုက်မည်ဟု ပြောထားရသည်။ တကယ်တမ်း မန်းက လိုက်မည့်သူ မဟုတ်၊ ဘွန် အလွန်တရာ မုန်းတီးနေသည့် မြောက်ပိုင်း ကွန်မြူနစ် များက တောင်ပိုင်း လွတ်မြောက်သည် အထိ ဆင်နွှဲနေသော စစ်ကို အပြီးထိ စောင့်ကြည့်နေမည့်သူ ဖြစ်သည်။

 

မန်းက သူ၏ ရှည်လျား သေးသွယ်သော လက်ချောင်းများ နှင့် ဘွန်၏ ပုခုံးကို ညှစ်လိုက်ပြီး ငါတို့သုံးယောက်စလုံးက သွေးသောက် ညီအကိုတွေ ပါကွာ၊ ငါတို့တတွေ ဒီစစ်ပွဲကို သာ မက ဘူး၊ ငါတို့ နိုင်ငံကို ဆုံးရှုံးခံလိုက်ရရင်တောင် ဒို့အားလုံး သွေးသောက် ညီအကိုတွေ လို ရှိနေကြမှာပါကွာ ဟု ပြောလိုက်သည်။ 

 

ဘွန်သည် ကျွန်တော့်ကို ကြည့်လိုက်သည်၊ သူ၏ မျက်လုံးများသည် စိုစွတ်နေသည်။ ကျွန်တော်တို့ အတွက် တော့ အဆုံးသတ် သွားမည် မဟုတ်။

 

မင်းတို့ ပြောတာ မှန်ပါတယ် ကွာ ဟု ပြောရင်း ဘွန်က သူ့ခေါင်းကို ခပ်ကြမ်းကြမ်း ဘယ်ညာ လှုပ်ရမ်းလိုက်သည်၊ သူ၏ မျက်လုံး အိမ်တွင် ရစ်ဝိုင်းလာသော မျက်ရည်စများကို ဖုံးကွယ် နိုင်ရန် အတွက် ဖြစ်သည်။

 

စိတ်မကောင်းစရာ၊ ဝမ်းနည်းစရာတွေ တော်လောက်ပြီ၊ မျှော်လင့်ချက် တွေ အတွက် သောက်လိုက်ကြဦးစို့။ ငါတို့ နိုင်ငံကို ပြန်ရအောင် လုပ်ရမယ်၊ ဟုတ်တယ် မဟုတ်လား။

 

ဘွန် လည်း ကျွန်တော်ကို ကြည့်လိုက်ပြန်သည်။ ကျွန်တော်သည် မျက်ရည်များ လည်လာသည်ကို မရှက်၊ ကျွန်တော် အတွက် ညီရင်း အကိုများရှိခဲ့လျင်ပင် သူတို့‌ လောက် ကျွန်တော့်အပေါ် ကောင်းနိုင်လိမ့်မည် မဟုတ်ပေ။

 

ကျွန်တော်သည် ဘီယာခွက်ကို မြှောက်လိုက်ရင်း ဒါ..ငါတို့ပြန်လာကြဖို့ အတွက် နဲ့ ဘယ်‌ တော့မှ ဆုံးခန်း မတိုင်မယ့် ညီရင်းအကို စိတ်ဓါတ် အတွက်ဟု ပြောလိုက်သည်။ ဖန်ခွက်ထဲရှိ အရက်များကို ကုန်အောင် မော့ချလိုက်ကြပြီး တ‌ယောက်ပုခုံး တယောက် ဖက်ကာ နောက်ထပ် ဘီယာများ ထပ်မှာလိုက်သည်။ ဆိုင်၏ အခြား တဖက်မှ စုံတွဲ သီဆိုဖျော်ဖြေ နေ‌သော သီချင်းသံများ ကြားတွင် နောက်ထပ် တနာရီလောက် အချိန်ကုန်လွန် သွားခဲ့သည်။

 

ဂစ်တာ တီးသူ က ဆံပင် အရှည်ကြီးနှင့် စစ်မှု ထမ်းရမည့် အရေး အကြောင်းပြ ရှောင်နေသူများ ဖြစ်သည်။ သူတို့၏ အသားအရည်ကလည်း ဖြူရော်ရော် ဖြစ်နေပြီး ညဘက်တွင် သီချင်းဆို၊ နေ့ဖက်တွင် တနေကုန် အိပ်ရင်း ဆယ်နှစ်နီးပါး ကုန်လွန်လာခဲ့သူများ ဖြစ်သည်။ သူနှင့် အတူ တွဲဖက် သီဆိုနေသော အမျိုးသမီးသည်လည်း ဆံပင် အရှည်ကြီးနှင့် ဖြစ်ပြီး အပျိုစင်တဦး ရှက်သွေးဖြာ လျင် ပါးပြင်ပေါ်တွင် တွေ့ရတတ်သည့် ပန်းနုရောင် ဗီယက်နမ် တိုင်းရင်းသူ ဝတ်စုံ အို ယိုင်း ပိုးထည် သည် သူမ၏ သေးသွယ်သော ခန္ဓာကိုယ် ပေါ်တွင် လွှမ်းခြုံထားသည်။

 

သူမသည် ထရင်း ကောင်း ဆွန်၏ ကျေးလက် သီချင်းကို သီဆိုနေသည်။ မူရင်း အဆိုတော်၏ သီချင်းများကို လေထီး တပ်သားများပင် သဘောကျ နှစ်ခြိုက်ကြသည်။

 

"မနက်ဖန် ကျ သွားရ‌ တော့မယ် အချစ်ရေ" သီချင်းသည် စကားပြောသံများ နှင့် မိုးသံများကြားမှ ဟိန်းထွက်လာသည်။ "ကျမ ကို သတိရဖို့ မမေ့ပါနဲ့" သီချင်းကို ကြားရသည့်အခါ ကျွန်တော် နှလုံးသားများ တုန်ခါ မတတ် လှုပ်ရမ်းသွားမိသည်။

 

ကျွန်တော်တို့သည် စစ်ခရာသံကြား၍ စစ်ပွဲထဲသို့ အပြေးအလွှား ဝင်ရောက်လာကြသူများ မဟုတ်၊ အာရှ၏ အီတာလျံ များ လိုပင် အချစ်သီချင်း တေးသွားများ၏ လှုံ့ ဆော်မှု စိတ်ခံစားချက် များ ဖြင့် သာယာ ကြည်နူးဖွယ် ဘဝမျိုး ပိုင်ဆိုင်လို၍ တိုက်ခိုက်နေကြသူများသာ ဖြစ်သည်။

 

ဆက်လက်တင်ပြသွားပါမည်!!!