လက်ရှိ နေပြည်တော် စစ်အာဏာသိမ်း အဖွဲ့ ၏ သတင်း ထုတ် ပြန်ချက်အရ ၁၆၃ ဦး အထိ အသေ အပျောက် ရှိနေပြီး အိမ်အလုံးရေ ၆၅,၀၀၀ လုံး၊ တံတား ၂၄ စင်း၊ စာသင်ကျောင်းပေါင်း ၃၇၅ ကျောင်း၊ ဆည် ငါး ဆယ် နှင့် လူပေါင်း ၂၃၅,၀၀၀ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟု သိရသည်။
၎င်းတို့ လက်လှမ်းမမှီတော့သည့် တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ဆိုက ထိုအရည်အတွက်ထက် ပိုများမည် က ဧကန်ပင် ဖြစ်သည်။
၎င်းတို့ တောင်းဆိုသည့် နိုင်ငံတကာ အကူအညီများ နှင့် ပတ်သက်၍ ပထမဆုံး တုန့်ပြန်လာသည်က အိန္ဒိယ အစိုးရပင် ဖြစ်သည်။ အိန္ဒိယ ရေတပ်မှ စုစုပေါင်း ၁၀ တန် ခန့် ရှိ သောက်သုံးရေ၊ ဆေးဝါး နှင့် ရိက္ခာများ သယ်ဆောင်လာသော INS Satpiura စစ်သင်္ဘောသည် ရန်ကုန်သို့ ဦးတည် ထွက်ခွာလာပြီ ဟု သိရသည်။
ဗီယက်နမ် အတွက် ကယ်ဆယ်ရေး ပစ္စည်း ၃၅ တန် နှင့် လာအို အတွက် ၁၀ တန် အား စစ်ဖက် သယ်ယူပို့ဆောင်ရေး လေယာဉ် ဖြင့် ပို့မည် ဖြစ်သည်။
တရုတ် အစိုးရ ဖက်မှ ကူညီမည့် လှုပ်ရှားမှု တစုံတရာ မတွေ့ရသေးသည့်အပြင် ရန်ကုန်ရှိ တရုတ် သံရုံးမှ မူ စနေနေ့က ပြည်ပ အင်အားစု များမှ မြန်မာ ပြည်တွင်းရေး အား ဝင်ရောက်စွက်ဖက်မှု ကို ဆန့်ကျင်ကြောင်း နှင့် တရုတ်-မြန်မာ ဆက်ဆံရေး ကို ခလောက် ဆန်စေမည့် ပြောဆိုလုပ်ကိုင်မှု များကို လက်ခံမည် မဟုတ်ကြောင်း ကျေညာချက် ထုတ်ပြန် သတိပေးလာသည်။
တရုတ် သည် နေပြည်တော်ရှိ စစ်အာဏာသိမ်း အဖွဲ့မှ ပြည်ပ အကူအညီ များ တောင်းခံလာမှု ကြောင့် ယင်းအား အခွင့်ကောင်းယူကာ လှုပ်ရှားလာမည် အရေး နှင့် ၎င်းတို့ သံသယ ကြီးစွာဖြင့် စောင့်ကြည့်နေသည့် စစ်ဗိုလ်ချုပ်များ ခြံခုန်သွားမည့် အရေးကို စိုးရိမ်တကြီးဖြင့် အချိန်ကိုက် ဟန့်တားလိုက်ခြင်း ဖြစ်သည်။
မည်သို့သော ရည်ရွယ်ချက် နှင့် ဖြစ်စေ တရုတ် သံအမတ်သစ် မာကျား၏ လုပ်ရပ်သည် မြန်မာအား ၎င်းတို့၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ကမ္ဘာ အလယ်တွင် ပုံဖေါ်လာ နေခြင်းပင် ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်ပ ပူး ပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာက စစ်အာဏာပိုင်များ၏ တောင်းဆိုမှု သည် ရိုးသားမှု မရှိကြောင်း နှင့် ၎င်းတို့ အနေဖြင့် လူများ အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း အပါအဝင် ကြိုတင်ပြင်ဆင်ရန် အချိန်များစွာ ရှိသော်လည်း ဘာတခု မျှ မလုပ်ခဲ့ ကြောင်း၊ လူထု အပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် အလုပ်များ နေကြောင်း၊ ယခုလည်း နာဂစ် တုန်းကကဲ့သို့ပင် နိုင်ငံရေး လက်နက် အဖြစ် အသုံးချရန် ဖြစ်သည်ဟု ပြင်သစ် သတင်းဌာန France 24 နှင့် တွေ့ဆုံမေးမြန်း ခမ်း တွင် ပြောဆိုသွားခဲ့သည်။
လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ စစ်ကောင်စီ လက်ထဲ ရောက်မသွားစေရန် သတိပြုရမည်ဟု လည်း တိုက်တွန်းသွားခဲ့သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ မှ ၎င်းတို့ ဖန်တီးသည့် ဘေးဒုက္ခကြီး နှင့် သဘာဝ ဘေးအန္တရာယ်ကြီးအားအား ကူညီပေးရန် ရံပုံငွေများ ရရှိရေး ကမ်ပိန်းကို စတင်နေပြီဟုလည်း ပြောခဲ့သည်။
နိုင်ငံ၏ ၆၀ ရာနှုန်းသည် လွတ်မြောက်လာပြီ ဖြစ်၍ အကူအညီများအား ဒေသခံ အကူအညီ ပေးရေး အဖွဲ့အစည်းများကို တိုက်ရိုက် ပေးသွားနိုင်ရေး သည်သာ အထိရောက်ဆုံး ဖြစ်ပြီး၊ ၎င်းတို့ သည်သာ မည်သို့ မည်ပုံ ဆောင်ရွက်သွားရမည်ကို အသိဆုံး ဖြစ်ကြောင်း၊ မိမိတို့ ၏ ကယ်ဆယ်ရေး အဖွဲ့များသည် မြေပြင်တွင် လှုပ်ရှားနေပြီ ဖြစ်သည်ဟု ဆိုသည်။
ပြည်သူ တရပ်လုံးက ရန်သူ ဟု သတ်မှတ်ထားပြီး ဖြစ် သော ၎င်းတို့ကိုသာ ပေးမည် ဆိုက နေရာကွက်ကွက်လေးသို့သာ ရောက်နိုင် မည် ဖြစ်သည်ဟု ဆိုသည်၊ နိုင်ငံတွင်း ရှိ ၁၈ သန်းသော ပြည်သူများသည် လူသားချင်း စာနာ ထောက်ထားသည့် အကူ အညီများ လိုအပ်နေသော်လည်း ထိုသို့ အကူအညီများ မရရှိအောင် ပိတ်ဆို့မှု များ လုပ်ထားကြသူများ ဖြစ်သည်ကို သိထားဖို့ လိုသည်ဟု ဆိုသည်။
လက်ရှိ မိမိတို့ ရရှိထားသော စာရင်းများအရ သေဆုံးသူ ၃၀၀ ကျော်သွားပြီ ဖြစ်သည်ဟု တရားဝင် ပြောဆိုသွားခဲ့သည်။
မြန်မာ ပြည်သူများ အနေဖြင့် ၎င်းတို့အား မည်သို့ပင် ဒုက္ခ အမျိုး မျိုး ပေးကာ အကျပ်ကိုင်နေစေကာမူ ၎င်းတို့အား မည်သို့မျှ ဒူးထောက် အညံ့ခံသွားမည် မဟူတ်ပဲ စစ်ကျွန် ဘဝမှ မလွတ်မြောက်မချင်း အဆုံးထိ တိုက်ပွဲ ဝင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်ဟု လည်း ဆိုသည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!