ငွေကြေး နှင့် ငွေကြေး ဆိုင်ရာ မူဝါဒ
ငွေကြေးသည် စီးပွားရေး တခု လည်ပတ်နိုင်ဖို့ အခြေခံ ဖြစ်သည်။ ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှု များ၊ လုပ်ငန်း ဆောင်တာ များ အတွက် ပေးချေရန် နှင့် ရောင်းချရန် တို့အတွက် ထိထိရောက်ရောက် အသုံးပြုနိုင်သည့် စနစ် တခုလည်း ဖြစ်သည်။
သို့သော် အခြားနည်းလမ်းများ ဖြစ်သည့် ဘာတာ စနစ် ခေါ် ကုန်ပစ္စည်းချင်း ဖလှယ်သည့် စနစ်သည် တဖက်က အလိုရှိသော ပစ္စည်း သို့မဟုတ် အဖိုးအခ ကို မည်သို့မျှ ထပ်တူကျအောင် ပြုလုပ်ပေးနိုင်စွမ်း မရှိ၍ လွန်စွာ မှ အကျိုးမများသော နည်းလမ်းမျိုး ဖြစ်သည်။ သို့သော် နိုင်ငံ အတွင်း နှင့် အလိုရှိရာချင်း ထပ်တူကျသော နိုင်ငံများ အတွက်မူ အကျိုး ရှိနိုင်သည်။
ငွေကြေးသည် ရင်းနှီးမြုပ်နှံမှု အတွက်လည်း မရှိမဖြစ် လိုအပ်သည်။ လုပ်ငန်းများ အတွက် ချေးငှားရန်၊ ကိုယ်ရေးကိုယ်တာ အသုံးပြုရန်၊ အိမ်ဝယ်ဖို့ဘဏ်မှ ထုတ်ချေးရန် တို့ အတွက်လည်း လိုအပ်သည်။ စုဆောင်းလိုသူများ အတွက်လည်း ငွေသည် အဆင်ပြေသည်။
သို့သော် မည်သို့သော ငွေကြေးမျိုး အသုံးပြုရမည်နည်း ဟူသော မေးခွန်း ထွက်ပေါ်လာသည်။ အမေရိကန် ပြည်ထောင်စုသည် ဒေါ်လာ၊ ဂျပန်သည် ယန်း၊ ဥရောပ နိုင်ငံ အများအပြားသည် ယူရို၊ ရုရှားသည် ရူဘဲလ်၊ တရုတ်သည် ယွမ်၊ မက္ကဆီကို သည် ပီဆို အစရှိသဖြင့် အသုံးပြုကြသည်။ တကမ္ဘာလုံး အသုံးပြုသည့် ငွေကြေးဟူ၍ မရှိသေးပေ။ ဤသည်ကလည်း တကမ္ဘာလုံး နှင့် သက်ဆိုင်သည့် ဗဟိုဘဏ် နှင့် ငွေစက္ကူ ရိုက်ထုတ်သည့် ပုံနှိပ်စက် မရှိသောကြောင့် ဖြစ်သည်။
ထို့ပြင် အစိုးရ အများစု သည် စီးပွားရေး ကို ၎င်းတို့ဖာသာ အစွမ်းကုန် ထိန်းချုပ်ထားလိုကြ၍ ကိုယ်ပိုင်ငွေကြေး စနစ် ကို အသုံးပြုချင်ကြသည်။ သို့မှသာ နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှင့် အလုပ်အကိုင်များ ဖန် တီးမှုနှုန်း အစွမ်းဆုံအထိ ရရှိရန်၊ ငွေကြေး တန်ဖိုး ယုတ် လျော့ မသွားစေမည့် ငွေဖေါင်းပွမှု နှုန်း ထိန်းထားရန် အတွက် မည်ရွေ့မည်မျှ ပမာဏ အထိ သာ ငွေစက္ကူ များ ရိုက်နှိပ်ဖြန့်ချီမည် ကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
ငွေကြေး ဖောင်းပွမှု နှုန်း အလွန်အကျွံ ဖြစ်လာက လူများ၏ စုဆောင်းငွေ များ ပြောင်သလင်း ခါ သွားသည် အထိ ဖြစ်သွားနိုင်သည်။ စီးပွားရေး လုပ်ငန်းများပင် ပုံမှန် လည်ပတ်နိုင်စွမ်း မရှိတော့။ ဤသို့ဖြင့် နိုင်ငံရေး တည်ငြိမ်မှုပါ ထိခိုက်လာခဲ့ရသည်။
၁၉၂၀ ကျော် နှစ်များ အတွင်း ဂျာမဏီ တွင် ထိုအတိုင်းပင် ဖြစ်လာခဲ့သည်။ အလွန်အကျွံ ငွေဖေါင်းပွမှု ကြောင့် နှစ် နှစ် ဆိုသည့် အချိန် အတော အတွင်း ဈေးနှုန်းများသည် ဂျာမန် မတ်ငွေ ဘီလီယံ အထိ ရှိ လာခဲ့သည်။ ထိုသို့ ဖြစ်လာခဲ့မှုများသည် ဟစ်တလာ အာဏာရရာ ရကြောင်း လမ်းခင်းပေးသလို ဖြစ်လာခဲ့ရသည်။
၂၀၀၇ ခုနှစ် အစောပိုင်း ကာလများတွင် ဇင်ဘာဘွေတွင် ထိုနည်း၎င်း ဖြစ်လာခဲ့သည်။ မကြာသေးမီက ဗင်နီဇွဲလား တွင်လည်း ထိုသို့ ဖြစ်ရန် အစပျိုးလာခဲ့သည်။
အစိုးရများသည် ဆန့်ကျင်ဖက် အန္တရာယ် ဖြစ်သော deflation ခေါ် ဈေးနှုန်းများ ထိုးကျလာ ခြင်းကြောင့် ဝယ်ယူသူများသည် ဈေးထပ်ကျမည်ကို မျှော်လင့်ကာ ဝယ်ယူမှု များ ရွှေ့ဆိုင်းလာခြင်းကြောင့် စီးပွားရေး ထိခိုက်လာခြင်း မျိုးကို ရှောင်ရှား နိုင်ရန် ငွေကြေး မူဝါဒများကို ထိန်းချုပ်ထားချင်ကြသည်၊ ထိုသို့ ဖြစ်လာက စီးပွားရေးသည် ကျုံ့သွားပြီး အလုပ်လက်မဲ့ များ ပေါများလာကာ လူနေမှု အဆင့်အတန်း လျော့ကျလာခဲ့သည်။
ဗဟိုဘဏ်သည် ငွေကြေး မည်ရွေ့မည်မျှ ကို ဖြန့်ချီပေးရမည် ဆိုသည့် တာဝန်ကို ယူထားရသည်။ အဓိက အားဖြင့် ငွေတန်ဖိုး နှင့် ငွေဖေါင်းပွမှု နှုန်းကို ထိန်းထားနိုင်ရန် အတွက် ဖြစ်သည်။ တိုးတက်သော နိုင်ငံများသည် ငွေကြေး ပိုမိုလည်ပတ် နိုင်ရန် ငွေတိုက် စာချုပ်များကို ရောင်းသူထံမှ ငွေသားဖြင့် ပြန်၍ ဝယ်ယူကြသည်။ ငွေကြေးလည်ပတ်မှု ကို လျော့ချ လိုသည့် အခါတွင်မူ ငွေတိုက်စာချုပ်များ ထုတ်ရောင်းသည့် နည်းဖြင့် လည်ပတ်နေသော ငွေများကို ပြန်လည် သိမ်းယူလေ့ ရှိသည်။
ငွေကြေး ဖေါင်းပွမှု နှင့် အခြား စီးပွားရေး ပစ်မှတ်များ အပေါ် သက်ရောက်မှု ရှိစေရန် အတိုးနှုန်းကို ထိန်းညှိသည့် နည်းကိုလည်း လည်း အသုံးပြုကြသည်။ ထိုလုပ်ထုံး လုပ်နည်းများ အားလုံးကို ငွေကြေးဆိုင်ရာ မူဝါဒ ဟု ခေါ်ဝေါ်ကြသည်။
အတိုးနှုန်းကို နှိမ့်ပေးပါက လူများ၊ စီးပွားရေး လုပ်ငန်းများသည် ပို၍ ချေးငှားလာကြပြီး ရင်းနှီးမြုပ်နှံခြင်း၊ သုံးစွဲခြင်း တို့ လုပ်လာကြသည်။ ဤသို့ဖြင့် စီးပွားရေး ပို၍ သွက်လက်လာပြီး တိုးတက်မှု နှုန်း မြင့်မားလာခဲ့သည်။
စီးပွားရေး တွင် ဝယ်လိုအားသည် ထုတ်လုပ်နိုင်မှု ထက် အလွန်အမင်း မြင့်တက်လာပါက ဈေးနှုန်းများ မြင့်တက်လာပြီး ငွေကြေး ဖေါင်းပွမှု ဖြစ်လာသည်၊ ငွေကြေး ကို ပို၍ စီးဝင် လည်ပတ်အောင် လုပ်လာ သော်လည်း ထိုငွေ များဖြင့် ယခင်အတိုင်း ဝယ်လိုအား မြင့်တက်နေမည်ဆိုက ဈေးနှုန်းများ ဆက်တက်လာနေမည်သာ ဖြစ်သည်။ ထိုအနေအထားတွင် လူများ၊ စီးပွားရေး လုပ်ငန်းများသည် ငွေတန်ဖိုး အပေါ် ယုံကြည်မှု မဲ့လာကြသည် နှင့် အမျှ ငွေတန်ဖိုး ကျဆင်းလာပြီး ငွေကြေး ဖေါင်းပွ မှု စတင်လာခြင်း ဖြစ်သည်။
ထိုသို့ ယုံကြည်မှု ကျဆင်းလာမှု သည် ကုန်သွယ်ရေး နှင့် ရင်းနှီးမြုပ်နှုံမှု ပိုင်းတွင် ပါ ထိခိုက်လာရသည်။ အတိုးနှုန်းကို မြှင့်တင်ပေးခြင်းဖြင့် ငွေကြေးဖေါင်းပွမှု ကို ထိန်းချုပ် နိုင်သည် ဆိုသော်လည်း ငွေချေးငှားပြီး စီးပွားရေး လုပ်ရန် မကိုက်တော့၍ စီးပွားရေး နှေးကွေး လေးလံလာမှု နှင့် ကြုံရ နိုင်ပေသည်။ ထိုအခါ အလုပ်အကိုင် အသစ်များ ထွက် ပေါ်လာနိုင်ခြင်း မရှိတော့၊ အိမ်များလည်း အသစ် ဆောက်လုပ်နိုင်ခြင်း မရှိ ဖြစ်လာသည်။
ထိုအခြင်းအရာ နှစ်ရပ်ကို မျှတအောင် ပြုလုပ်ဖို့ ဆိုသည်က အပြော လွယ် သလောက် လက်တွေ့ တွင် ခက်ခဲသည်ဟု ဆိုရမည် ဖြစ်သည်။
ဤနေရာ တွင် ဗဟိုဘဏ်၏ လွတ်လပ်စွာ ဆောင်ရွက် ပိုင်ခွင့်သည် အရေးပါလာရသည်။ ဗဟို ဘဏ်သည် ရေတို နိုင်ငံရေး ရည်မှန်းချက်များထက် တိုင်းပြည်၏ ရေရှည် စီးပွားရေး အတွက် အကောင်းဆုံး ကို ဆုံး ဖြတ်လုပ်ကိုင်နိုင်ခွင့် ရှိရပေမည်။
သို့သော် ဗဟိုဘဏ်၏ တာဝန်များ ထမ်းဆောင်နိုင်ရေး တွင် ပို၍ ခက်ခဲလာစေသည်က အစိုးရ၏ အသုံးစရိတ်၊ အခွန် မူဝါဒ များ နှင့် သက်ဆိုင်သည့် ဘဏ္ဍာရေး နှင့် ကုန်သွယ် ရေး ပေါ်လစီ များ ဖြစ်သည်။ ယင်းတို့အား အစိုးရ နှင့် ဥပဒေပြု လွှတ်တော်များက ဆုံးဖြတ်ရခြင်း ဖြစ်၍ ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့် ပြင်ပတွင် ရှိနေသည်။