ရန်နိုင်မင်း သည် အခြေ အနေ နှင့် အချိန်အခါကိုပင် ဆန်းစစ် နိုင်စွမ်း မရှိတော့လောက်အောင် သောင်းကျန်းလာပြီ ဖြစ်သည်။
ယခုအခါ မင်းပရိသာတ် ပေါင်း စုံညီစွာ တက်ရောက်ကြမည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက စတင်ရန် နှစ်ပတ် ပင် မလိုတော့၊ အလားတူ ဂျီနီဗာ တွင်လည်း ကုလ လူ့အခွင့်အရေး ကောင်စီ မျက်နှာ စုံညီ အစည်းအဝေး ကျင်းပနေချိန်လည်း ဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီသည် ထိုအနေအထားများကို ဂရုစိုက်နိင်စွမ်း မရှိတော့၊ လိမ်ညာလှည့်ဖျားနိုင်ရန် လည်း မစဉ်းစားတော့။ အခြေအနေကို မထိန်းနိုင်က တရုတ်မှ ဘက်ပြောင်း ထောက်ခံတော့မည် ဟူသော ခြိမ်းခြောက်လာမှူ ကြောင့် ၎င်းတို့၏ နောက်ဆုံးရက်များ မလွဲမသွေ ရောက်ရှိလာတော့မည့် အရေးကို ရှောင်ရှားရန် မြို့ရွာ၊ စာသင် ကျောင်း၊ ဆေးရုံများပါ မကျန် သတင်းအနံ့ရသည် နှင့် ဗုံးကြဲ တိုက်ခိုက်လာနေပြီ ဖြစ်သည်။
ဤသည်ကို ကြည့်မည် ဆိုက ၎င်းတို့ အဖို့ နိုင်ငံအား ဂုဏ်သိက္ခာ ရှိသည့် အစိုးရသဖွယ် ရပ်တည်သွားနိုင်ရေးထက် ဓါးဓါးချင်း၊ လှံလှံချင်း ဆိုကာ တနိုင်ငံလုံးကို မီးလောင် တိုက်သွင်းရန် ဝန်မလေးသည့် သောင်းကျန်းသူ သာသာ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ပြည်သူများကလည်း ၎င်းတို့အား မနိုင်၍ သည်းခံနေရပြီး အစိုးရဟူ၍ လည်း သတ်မှတ်ကြခြင်း မရှိတော့၊ ၎င်းတို့၏ အောက်ခြေ ဝန်ထမ်းများကလည်း ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားမနေကြတော့၊ ၎င်းတို့ ခိုင်းသမျှ တတ်နိုင်သမျှ လိုက်လုပ်ပေးနေကြသည်။
သို့သော် ၎င်းတို့ ဖြစ်စေ ချင်သလို ဖြစ်လာသည်က နည်းနည်း၊ ဆိုးကျိုးများက ပို၍ အလေးသာ လာရသည်။
ယနေ့ ၅၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေး ဖွင့်ပွဲနေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် Mr. Nicholas Koumjian က မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးတွေကနေ ဖမ်းဝရမ်းထုတ်ပြန်သည့် အခါ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြောဆိုလိုက်ပြီ ဖြစ်သည်ဟု သိရသည်။
နိုင်ငံတွင်း ဆိုးဝါးလာနေသော အခြေအနေများကို နိုင်ငံတကာ က မည်သို့မျှ လစ်လျုရှု ထား၍ မရ တော့ပဲ အာရုံစိုက်လာကြရပြီ ဖြစ်သည်၊ လာမည့် ကုလ အထွေထွေ ညီလာခံ တွင်လည်း ထိုအကြောင်းကို မဖြစ်မနေ ဆွေးနွေးကြတော့မည် ဖြစ်သည်။
ယခုပင် ကမ္ဘာကြက်ခြေနီ ဥက္ကဌ မာဂျနာ စပိုဂျာရစ် ကိုယ်တိုင် ရောက်ရှိလာကာ မင်းအောင်လှိုင် နှင့် တွေ့ဆုံပြီး ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများသို့ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် လမ်းဖွင့်ပေးဖို့ တောင်းဆိုလာသည်။
မင်းအောင်လှိုင် က မူ မည်သည့် အကူအညီ မဆို ၎င်းတို့လက်သို့ အရင်အပ်ရမည်၊ ၎င်းတို့ စီမံခွဲမှု အတိုင်း လုပ်ရမည်ဟု ထုံးစံ အတိုင်း မဖြစ်နိုင်သည်များ ကို ပြောလာခဲ့သည်။
ကမ္ဘာကြက်ခြေနီ အကြီးအကဲသည် ရခိုင်သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ခဲ့ပြီး ဆိုးဝါးလှသော အခြေအနေများကို မြင်တွေ့လာခဲ့သည်။
သို့သော် ခက်နေသည်က မည်သူက တာဝန်ခံ၍ ဖြေရှင်းကြမည်နည်း၊ လုံခြုံရေး ကောင်စီ မှ အာဏာစက် ပါသည့် ဆုံးဖြတ်ချက်မျိုး ချမှတ် သည် ဆိုစေဦး၊ ထို ဆုံးဖြတ်ချက် အတိုင်း မလိုက်နာက အရေးယူရဖို့ ဖြစ်လာပေမည်၊ ထိုအခါ မည်သူက ဦးဆောင်ဦးရွက် လုပ်မည်နည်း၊ မြန်မာသည် မည်သူ့ ကမှ ဘူမိ နိုင်ငံရေး အရ အရေးပါလှသည်ဟု တွက်ဆထားခြင်းမရှိ၊ ၎င်းတို့ သည်းခြေကြိုက် ရေနံလည်း မထွက်ရှိ။ စိုက်ထုတ်ရမည့် အရင်းအနှီး နှင့် မကာမိဟု တွက်ဆထားကြပြီး ဖြစ်သည်။
ထိုသို့ အရေးယူရန်လည်း မည်သည့် အိမ်နီးချင်း နိုင်ငံတနိုင်ငံ ကမျှ လိုလိုလားလား မရှိကြ။
နောက်ဆုံး စစ်ကောင်စီ သည် လုံးဝ အခြေမလှ ဖြစ်လာချိန်တွင် တရုတ်သည် နေပြည်တော်ရှိ ၎င်းတို့၏ ရုပ်သေး အစိုးရမှ ကုလ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ် စေလွှတ်ပေးရန် တောင်းဆိုသည်ဟု ဆိုကာ လုံခြုံရေး ကောင်စီ၏ သဘောတူ ညီ ချက် ရဖို့ ကြိုးစားလာနိုင်သည်။
တပ်အင်အား နှင့် ကုန်ကျစရိတ် ကိုလည်း ၎င်းတို့မှ အများစု ထည့်ဝင်မည်ဟု ဆိုကာ စစ် ခေါင်းဆောင်များကို ကျားကန်ပေးပြီး တိုင်းရင်းသား ပြည်သူ တို့၏ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး ကို ဟန့်တားလာနိုင်ပေသည်။
အနောက်အုပ်စု မှ အာဆီယံ နိုင်ငံများ ၏ ရပ်တည်ချက်ကို ကြည့်ပြီး ဆုံးဖြတ်မည့် သဘော ရှိ၍ တရုတ် အား ကန့်ကွက်မည်ဟု ကံသေကံမ ပြော၍ မရပေ။
သို့သော် ကုလ အနေဖြင့်မူ စစ်မက် ဖြစ်ပွားနေသည့် နှစ်ဖက်စလုံး၏ သဘောတူညီချက် ရမှသာ စေလွှတ် နိုင်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက သဘောတူဖို့ အားသန်ကောင်း အားသန်လာနိုင်သည်။
ထိုသို့ ဖြစ်လာနိုင်ခြေ များကို ကြိုတင် ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!