ကုလ နှင့် မြန်မာ အခန်းကဏ္ဍ

by Hla Soewai - Sep 16 2024

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်၍ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်နေပြီ ဖြစ်သည်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အမျိုးသား ညီညွတ်ရေး အစိုးရ အား ကိုယ်စားပြု တက်ရောက်နေသည်ကိုလည်း ထုတ်မပြောသော်လည်း အားလုံး သဘောပေါက်ထားပြီး ဖြစ်သည်။ (ပုံတွင် ရှူ)

 

ကုလ သမဂ္ဂ နှင့် နိုင်ငံတကာ မှ မြန်မာ အရေး တွင် စိုးရိမ်မကင်း ဖြစ်သည်သာ တွင်တွင် ပြောပြီး ဘေးထွက် လက်ပိုက်ကြည့်နေကြသည် ဆိုကာ အားမလို အားမရ ဖြစ်လာကြသည့် အသံများကို အမြဲလို ကြားနေရသည်။

 

ကိုယ့်ကျင့် သိက္ခာ ပိုင်းအရ ဆိုလျင် ထိုသို့ လက်ပိုက် ကြည့်နေကြခြင်းသည် ၎င်းတို့ အပေါ် တောင် ကမ္ဘာခြမ်း ရှိ နိုင်ငံငယ်များ အဖို့ ကြောင်သူ‌ တော်များသာ ဖြစ်သည်ဆို ကာ အယုံအကြည် မဲ့ရာမဲ့ကြောင်း ဖြစ်လာစေသည်၊ လက်ရှိ အာဏာရှင်များ နှင့် တွန်းထိုး ရုန်းကန်နေရပြီး လစ်ဘရယ် ဒီမို ကရေစီ မြှင့် တင်ရေး တိုက်ပွဲ တွင် ထောက်ခံမှုများ လျော့ကျသွားစေခဲ့သည်။

 

သို့သော် realpolitik ခေါ် ပကတိ နိုင်ငံရေး အခြေအနေနှင့် နှိုင်းယှဉ် သုံးသပ်မည်ဆိုက ထိုသို့ မြန်မာ အရေး တွင် တုံဏှိဘာဝေ ဖြစ်နေခြင်းသည် ဆန်းကြယ်လှသည်တော့ မဟုတ်။

 

မြန်မာသည် ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ ဟု ဆိုကာ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒ ဆိုသည်ကြီးကို တောက်လျောက် ကျင့်သုံးလာခဲ့သည်။ ဖြစ်‌ ပေါ်လာခဲ့သည့် ကမ္ဘာ အရေး အခင်းကြီး များတွင် ကုလသမဂ္ဂ တွင် မဲပေးခဲ့သည်က လွဲ၍ ကောင်းသည် ဆိုးသည် တလုံးတပါဒမျှ မိမိတို့ သဘောထားကို ထုတ်ပြန်ခဲ့ခြင်းမရှိ၊ ဓမ္မ နှင့် အဓမ္မ ဖက် မည်သည့် ဖက်ခြမ်းမှ ရပ်တည်ပေးခဲ့ခြင်း မရှိ။

 

ထို့အတွက်လည်း မြန်မာ ၏ နိုင်ငံခြားရေး မူဝါဒ သည် မည်သည့်ဖက်ကမှ တလေးတစား မရှိကြတော့၊ တန်ဖိုးထားရမှန်းလည်း မသိတော့ပဲ အပြင်လူ တယောက်ဟုသာ သဘောထားခဲ့ကြသည်။

 

ရှင်းရှင်း ဆိုရက မြန်မာသည် မည်သူ့ အပေါ်မျှ အကျိုး ပြုခဲ့ခြင်း မရှိပေ။ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒ ဆိုက မည်သူနှင့် မျှ မပတ်သက်အောင် နေခဲ့သည်။

 

ဗိုလ်နေဝင်းသည် ထိုစဉ်က ပြင်းထန်လာနေသော စစ်အေး တိုက်ပွဲကြီး အတွင်း ကြားညပ်ကာ ၎င်းအား ဒုက္ခပေးလာမည် စိုး၍ ထိုဝါဒ ကို တီထွင်လာခဲ့ပြီး တိတိကျကျ လိုက်နာခဲ့သည်။

 

ဆိုဗီယက် ခေါင်း‌ ဆောင် ကရူးရှက်ကလည်း စီးပွားရေး အကူအညီများ ပေးပြီး မြူဆွယ်ခဲ့သည်။

 

အမေရိကန် တို့ ဗီယက်နမ် ပြည်သူ များ အပေါ် ဗုံးမိုးရွာနေသည်ကိုလည်း တချက်ကလေးမျှပင် ပြစ်တင် ရှူတ်ချခဲ့ခြင်း မရှိ၊ ထို့အတွက် သမ္မတ လင်ဒန် ဂျွန်ဆင်မှ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်နေဝင်း အား နိုင်ငံ အကြီးအကဲ တဦး အဖြစ် အိမ်ဖြူတော်သို့ ပင့်ဖိတ်ကာ မြူဆွယ်ခဲ့ပြန်သည်။ နောက်ဆုံးတွင် မြန်မာ၏ ကြားနေဝါဒ အပေါ် ယုံကြည် နားလည် မှု ရှိပါသည် ဟု အာမခံကာ မြန်မာ အား ဘေးမဲ့ပေးလာခဲ့သည်။ ဗိုလ်နေဝင်း အာဏာ တည်မြဲ နေခြင်းကပင် အမေရိကန် အတွက် တရန်အေးသည်ဟု ယူဆခဲ့ကြသည်၊ ဆိုဗီယက်ကလည်း အလားတူ သဘောထားလာသည်။

 

၁၉၆၇ တွင် ဖိလစ်ပိုင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီရှား ငါးနိုင်ငံ ဖြင့် စတည် ဖွဲ့စည်းလာသည့် အာဆီယံ အဖွဲ့တွင် ပင် ကွန်မြူနစ် ဆန့်ကျင်သည့် အမေရိကန် နောက်လိုက်များဆိုကာ ပါဝင်ခဲ့ခြင်း မရှိ၊ ၎င်း၏ ကြားနေရေး ကို ထိခိုက်မည် စိုး၍ ထိုနိုင်ငံများ၏ ဒေသတွင်း ဖွံ့ဖြိုးရေး အစီအစဉ်များ တွင် ပင် ပူးပေါင်း ပါဝင်ခဲ့ခြင်း မရှိပေ။

 

မြန်မာ သည် ကြားနေလွန်း၍ "ကွမ်းစားရေသောက်" ဘဝ နှင့် ဘေး ရောက်သွားခဲ့ခြင်း ဖြစ်သည်။

 

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည်လည်း ကျားအို ကြီး ဖြစ်လာခဲ့သည်။ အမေရိကန်သည် ၁၉၇၀ နောက် ပိုင်းမှစ၍ ယခုထိ အစ္စရေး အား အရေးယူ ရန် အဆိုမှန်သမျှ ဒိုင်ခံ ဗီတို သုံးလာသည် မှာ အကြိမ် ပေါင်း လေးဆယ် မက ရှိလာခဲ့ပြီ ဖြစ်သည်။ အလားတူပင် တောင်အာဖရိက အစိုးရ၏ အသားအရောင် ခွဲခြားရေး မူဝါဒ ကို အရေးယူရန် ‌တင်သွင်းသည့် အဆိုများအားလည်းဆယ်ကြိမ်မက ဗီတို အာဏာဖြင့် ပယ်ချခဲ့သည်ခြည်း ဖြစ်သည်။

 

ထို့အတွက် တရုတ် နှင့် ရုရှားသည်လည်း အ‌နောက်အုပ်စု တင်သွင်းသော အဆို အ‌ တော်များများကို ဗီတိုသုံး၍ ဆန့်ကျင်ကြသည်မှာလည်း အံ့ဩဖွယ်ရာတော့ မဟုတ်ပေ။

 

ပြည်သူများက "ကုလသမဂ္ဂ အရေးယူဖို့ လူ ဘယ်နှစ်ယောက် ထပ် ‌‌ေ-သ ပေးရဦးမှာလဲ" စာတမ်းဖြင့် ၎င်းတို့ အပေါ် စိတ်ကုန်ခမ်းသွားကြသည် နှင့် အမျှ လက်နက်စွဲကိုင် တော်လှန်လာကြသည်။ လူထု၏ ပံ့ပိုးငွေများ စတင် စီးဝင်လာကြသည်။

 

ထိုနည်းနှင်နှင့် ပင်၊ အမေရိကန် ဗြူရိုကရက်များကလည်း ဥပဒေ ပြဋ္ဌာန်းထားပြီး ဖြစ်ပါလျက် ၎င်းတို့ အပေါ် အမှု ပတ်မည်စိုး၍ pen pusher များ ဖြစ်ကုန်သည်။

 

ဆုံးရှုံးသွားသည့် မြို့ရွာများကို တန်ပြန် ထိုးစစ်ဆင်မှုများ လုပ်ဆောင်သွားမည်ဟု မင်းအောင်လှိုင် က ထုတ်ပြောပြီးတဲ့နောက် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ တပတ်အတွင်း လူ ၁၀၀ ဝန်းကျင် သေဆုံးခဲ့ရသည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။

 

လတ်တလောတွင် နေပြည်တော် ပတ်ဝန်းကျင်မြို့နယ်များနှင့် ရှမ်းပြည် နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းတို့၌ ရေကြီးမှုများဖြစ်ပေါ်နေပြီး နေအိမ်များနစ်မြုပ်ကာ လူများစွာ ပိတ်မိလျက်ရှိသည်ဟု သိရသည်။ ရန်နိုင်မင်း အဖွဲ့သည် ကယ်ဆယ်ရေး လုပ်ငန်းများ အား ခေါက်ဆွဲခြောက်၊ ရေသန့်ဗူး များ နှင့် မကောင်းတတ်၍ နှမ်းဖြူး နေသည်က လွဲ၍ မည်သူမျှ စိတ်မဝင်စားကြတော၊ လူများကို ကယ်နေ၍ ရာထူး မတိုး၊ ရန်သူကို တိုက်နိုင်မှ ဖြစ်မည်ဟု သိထားကြ၍ လည်း ဖြစ်သည်။

 

လောဘ၊ ဆင်ခြင်ဉာဏ် မဲ့မှု၊ အကျင့်ပျက် ခြစားမှု များ ဖုံးလွှမ်းနေသည့် ကြားမှ မိုက်မဲမှုများ ထပ်မံ ဖုံးလွမ်း ခံနေရသည့် အဖွဲ့အစည်းလည်း ဖြစ်၍ မကြာမီ အတွင်း သူ့စရိတ် နှင့်သူ ပျက်စီးမှု များ ကြုံရတော့မည်သာ ဖြစ်သည်။

 

ပြည်သူ တို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!