ဟာရစ်-ထရန့် စကား စစ်ထိုးပွဲ

by Hla Soewai - Sep 16 2024

ထိုပွဲတွင် မစ္စက် ကင်မလာ ဟာရစ်သည် အောင်နိုင်သူ အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

ဒေါ်နယ် ထရန့် အတွက် ပထမ ပိုင်း ၂၆ မိနစ် တွင် တော့ အေးအေးလူလူ ကျော်ဖြတ် နိုင်ခဲ့ပုံ ရှိသည်။ သို့သော် စကားစစ်ထိုးပွဲ ကို ကြီးကြပ်သူ မှ တရားမဝင် ဝင်ရောက်လာသူ များ အပေါ် ‌အရေးယူရန် အဘယ် အတွက်ကြောင့် ရွေးကောက်ပွဲ မတိုင်မီ ခြောက်လ အထိ စောင့်ခဲ့ရသနည်း ဟူသော မေးခွန်း ထွက်လာချိန်တွင်တော့ ပွဲ ကြမ်းလာခဲ့ပြီ ဖြစ်သည်။

 

ကမ်မလာ ဟာရစ် က ထိုမေးခွန်းကို ဝေ့လည် ကြောင်ပတ် လုပ်မသွားပဲ သူမ အစိုးရရှေ့နေ ဖြစ်စဉ်ကတည်းက လူမှောင်ခို တင်သွင်းမှု များ ကို အရေးယူ တိုက်ဖျက်နေခဲ့ပြီ ဖြစ်ကြောင်း၊ နယ်ခြားကာကွယ်ရေး အတွက် ပါတီ နှစ်ရပ်ပေါင်း တင်သွင်းသည့် ဥပဒေကြမ်းကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့သူသည် ‌ထရန့်ပင် ဖြစ်ကြောင်း၊ ရုပ်မြင်သံကြား ကြည့် ပရိသတ် အားလည်း ထရန့် ရဲ့ မဲဆွယ်ပွဲ ကို သွားကြည့် စေချင်ကြောင်း၊ တွေ့လာရမည်က မကျေမနပ် ပြောဆိုနေမှုများ၊ အရင် တခါမှ မကြားဖူးသည့် အကြောင်းများသာ ကြားလာရမည် ဖြစ်ကြောင်း၊ နောက်ဆုံး တွင် လူများ ပျင်းရိ‌ညည်းငွေ့ လာ၍ ထပြန်သွားကြသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ "ရှင်တို့ အကြောင်း" ပြောတာမျိုးကိုတော့ မည်သည့် အခါမျှ ကြားရလိမ့်မည် မဟုတ် ဟု ပြောလာခဲ့သည်။

 

ဟာရစ်သည် မည်သို့ပြောလျင် တဖက်လူ ခေါင်းထောင်လာနိုင်သည်ကို သိထားခဲ့သည်။ လူတွေ ထပြန်ကုန်ကြသည် ဆိုသည့် စကားကြောင့် ထရန့်သည် ရှူးရှူရှားရှား ဖြစ်သွားပြီး သူ့ အလှည့် ရောက်လာသည့် အခါတွင်တော့ "လူတွေက သူမ မဲဆွယ် ပွဲ ကို မသွားကြ၊ သွားစရာလည်း အကြောင်းမရှိ၊ သွားသည့် လူများသည်လည်း ၎င်းတို့ကို ပိုက်ဆံ‌ ပေးပြီး ဘတ်စ်ကားများ နှင့် ခေါ်လာသူများသာ ဖြစ်သည်" ဟု တုန့်ပြန်လာသည်။

 

တရားမဝင် ဝင်ရောက်လာသူ များ နှင့် ပတ်သက်ပြီး ထရန့်သည် ပိုင်ပိုင်နိုင်နိုင် ပြောနိုင်‌သူ ဖြစ်သော်လည်း ထိုအစား တရားမဝင် ဝင်ရောက်လာသူများသည် အိုဟိုင်ရို ပြည်နယ် စပရင်းဖီးလ်တွင် အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းဆီး စားသောက်နေကြသည် ဟု ထည့် ပြောလာသည်။ ထို့သို့ပြောပြီး လူများသည် ၎င်း၏ မဲဆွယ်ပွဲ ကို လာချင်ကြသူများ ချည်းသာ ဖြစ်သည် ဆိုသည့် အကြောင်းကို ဖိ ပြောလာသည်။

 

ဟာရစ်သည် မိနစ် ကိုးဆယ်ကြာ စကားစစ်ထိုးပွဲ တလျောက် ထရန့် အား တခုပြီး တခု ရှူးရှူရှားရှား ဖြစ်လာအောင် ပြောသွားနိုင်ခဲ့သည်။ ထရန့်သည်လည်း ထိုသို့ မျှားလာသည်များကို လက်လွှတ်မခံပဲ ကျော့ကွင်းထဲ တိုးဝင်လာခဲ့သည်ချည်း ဖြစ်သည်။

 

ဟာရစ်သည် ထရန့် ၏ စီးပွားရေး အစီအစဉ်များအပေါ် တိုက်ခိုက်ပြောဆိုခဲ့သည့် စကားများထဲတွင် ၎င်းတက်ခဲ့သည့် ဝါတန် စီးပွားရေး ကျောင်းတိုက်ကြီးအကြောင်း၊ မိဘများထံမှ အမွေအနှစ်များ ဆက်ခံရ၍ အောင်မြင်လာသူ ဖြစ်‌ကြောင်း နှင့် ကမ္ဘာ ခေါင်းဆောင်များက သူ့ အပေါ် လေးစားမှု မရှိသည်ကို တွေ့ရကြောင်း ထည့်သွင်း ပြောဆိုသွားသည်။

 

ဟာရစ်သည် သူမအား တိုက်ခိုက်မလာအောင် ထရန့်၏ ကိုယ်ရည်‌ သွေးခဲ့မှု များ၊ သမ္မတ သက်တမ်းအတွင်း ဆောင်ရွက်ခဲ့သည်များကို ထပ်တလဲလဲ ဖိ ပြော လာခဲ့သည်။ ထရန့်အား ဘာမှ မဟုတ်သည့် လူတဦး၊ ဒေါသကြီးပြီး၊ ဘာမှ သိနားလည်ထားခြင်း မရှိ၊ လိုက်မမှီသူ တဦး ဟု ပုံဖေါ် ပြောဆိုသွားခဲ့သည်။ စကားစစ်ထိုးပွဲ တလျောက်လုံး ဟာရစ်သည် သရဖူကို ကာကွယ်နေရသူ အဖြစ်မှ စိန်ခေါ်သူ အဖြစ် ကူးပြောင်းသွားခဲ့သည်။

 

စကား စစ်ထိုးပွဲတွင် ဟာရစ်သည်လည်း ထိတ်လန့်နေပုံ ရပြီး ပထမ အမေး ကို ဖြေဆိုရာတွင် အသံ တုန်နေသည်။ ကိုယ်ဝန် ဖျက်ချခြင်းနှင့် ပတ်သက်သည့် အကြောင်းရောက်မှသာ ပုံမှန် အနေအထား ပြန်ရောက်လာသည်။ အချို့က အထပ်ထပ် ‌လေ့ကျင့်ထားပြီး နှုတ်တိုက် ပြန်ရွတ်နေခြင်းဟုပင် ယူဆခဲ့ကြသည်။

 

အာဖဂန်နစ္စတန်မှ အမေရိကန်တို့ ‌ဆုတ်ခွာစဉ် တပ်သား ၁၃ ယောက် ကျဆုံးခဲ့မှု အပေါ် မိသားစုများအား ဂရုဏာ သက်ကြောင်း ထုတ်မပြောခဲ့မှု အပေါ် မေးခွန်းထုတ်လာသည်ကိုတော့ တုန့်ပြန်နိုင်ခဲ့ခြင်း မရှိပေ။

 

သို့သော် ထရန့်၏ တာလီဘန် ခေါင်းဆောင်များအား ပါးယက်နားယက် လုပ်ပြီး သဘောတူညီချက် ရယူခဲ့မှု အား အပြင်းအထန် တိုက်ခိုက်သွားခဲ့သည်။

 

ဒီတကြိမ်လည်း ထရန့်သည် ၎င်း ၏ အားသာချက်ဟု ယူဆထားသော စေ့ဆပ်ဆွေးနွေး နိုင်မှု ကို တိုက်ခိုက်ခံရခြင်း ဖြစ်၍ ဆတ်ဆတ်ခါ နာသွားခဲ့ပြန်သည်။

 

ထရန့်က တာလီဘန် ခေါင်းဆောင် ၎င်းအခေါ် အဘူလ် ဆိုသူနှင့် တွေ့ဆုံခဲ့ပုံ ဖြင့် စကားစလာပြီး ဒီမိုကရက်များကြောင့် အခုလို ဖြစ်သွားရခြင်းဟု အပြစ်ဖို့လာခဲ့သည်။

 

ထရန့်သည် စကားစစ်ထိုးပွဲ အတွင်း ဂျိုးဘိုင်ဒင်သာ ဆက်ရှိနေခဲ့လျင် မည်မျှကောင်းလိုက်လေမည်နည်းဟု တမ်းတကောင်း တမ်းတနေရှာ ပေလိမ့်မည်။

 

ထရန့်သည် ဟာရစ်အား တိုက်ခိုက်ရမည့် အစား ဂျိုး ဘိုင်ဒင်ကိုသာ ထပ်တလဲလဲ ဦးတည်ပြောဆိုနေပြန်သည်။ ၎င်းစိတ်ထဲတွင် ဂျိုးဘိုင်ဒင် မခံချင် ဖြစ်ကာ ပြန်ရောက်လာလေမလားဟု ကြိုးစားနေသယောင် ထင်ရသည်။ ကမ္ဘာခေါင်းဆောင်များက သူ့ကိုသာ လေးစားပြီး ဘိုင်ဒင်ကို လေးစားကြခြင်း မရှိကြောင်း၊ အခုဆို ကျွန်တော်တို့ သမ္မတကြီး ဘယ်များ ရောက်နေပါလိမ့်၊ သူ့ကို ခွေးတကောင်လို ရွေးကောက်ပွဲ က‌ နေ မောင်းထုတ်လိုက်ကြပြီ ဟု မခံချင်အောင် ဆွပေးလာသည်။

 

သမ္မတဟောင်းကြီးကို ကျမ သတိပေးဖို့ ရှိလာတာက အခု ဂျိုး ဘိုင်ဒင် နဲ့ ပြိုင်နေတာ မဟုတ်ပဲ ကျမ နဲ့ ပြိုင်နေတာ မေ့မသွားဖို့ပါပဲ ဟု ဟာရစ်က လေ့ကျင့်ထားပြီး ဖြစ်သည့် အတိုင်း အခက်အခဲ မရှိ တုန့်ပြန်သွားနိုင်ခဲ့သည်။

 

သူမကိုယ် သူမလည်း အတိတ်ထက် အနာဂတ်ကို သာ အာရုံစိုက်ပြီး အပြောင်းအလဲများ ဖေါ်ဆောင်သွားမည့် ကိုယ်စားလှယ် လောင်း အဖြစ် ပုံဖေါ်သွားခဲ့သည်။

 

ထရန့် ထောက်ခံသူများက ဒိုင်လူကြီး များ ဖြစ်သည့် ABC ရုပ်သံမှ သတင်းစာဆရာ နှစ်ဦးကို ထရန့် ပြောသမျှ ထဲမှ အချို့ကို စောဒက တက် ချေပလာမှု အပေါ် ပြစ်တင် ဝေဖန်ခဲ့ကြသည်။ တကယ်တမ်းတွင် ထရန့် ပြောသမျှ ကို ထောက်ပြနိုင်ရန် ၎င်းတို့တွင် အချက်အလက် များက ရှိနှင့် ပြီး ဖြစ်သည်။ ဥပမာ စပရင်းဖီးလ် တွင် ရွှေ့ပြောင်းဝင်ရောက်လာသူများက အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းဆီးစားသောက် နေသည် ဆိုသော သတင်းကို မည်သည့် သတင်း မီဒီယာများကမျှ ဖေါ်ပြခဲ့ဖူးခြင်း မရှိသည်ကို ထောက်ပြခဲ့သည်။

 

၎င်းတို့ မေးမြန်းသမျှ ကို ထရန့်က ဝေ့လည်ကြောင်ပတ် ဖြေလေ၊ မရမက နှိုက်ထုတ်‌ လေ ဖြစ်လာသည်။ ရုရှား နှင့် ဖြစ်သော စစ်တွင် ယူကရိန်းကို နိုင်စေချင်သလား၊ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ လွှတ်တော်သို့ ဝင်ရောက် စီးနင်းခဲ့မှု အပေါ် နောင်တ ရမိပါလား အစရှိသည့် မေးခွန်းမျိုး ဖြစ်သည်။ ထရန့်က သူတို့က မိန့်ခွန်းပြောပါဆိုလို့ ထွက်ပြောတာက လွဲလို့ ကျန်တာတွေ ကျုပ်နဲ့ မဆိုင်ဘူး ဟု ပြောလာသည်။

 

ချက်ခြင်းလို ထွက်ပေါ်လာသော စစ်တမ်း များက ဟာရစ်ကို အနိုင်ပေးလာခဲ့ကြသည်။ ဒီမိုကရက်များကလည်း သူမအပေါ် အားရ ကျေနပ်သွားကြသည်။

 

ဟာရစ်သည် စကားစစ်ထိုးပွဲ မစမီ ယုံကြည်မှု အပြည့် နှင့် ထရန့် ရပ်နေရာ သို့ လျောက်သွားပြီး လက်ကို ဆန့်ကာ ကမ်မလာ ဟာရစ် ပါဟု ဆိုပြီး လက်ဆွဲ နှုတ်ဆက်လာ၍ ထရန့် အံ့အားသင်ုသွားသော်လည်း "Have fun" ဟု ပြောလာခဲ့သည်။ ဟာရစ် သည် သူပြောသည့် အတိုင်း စကား စစ်ထိုးပွဲ တလျောက်လုံး ရှိနေခဲ့ပေပြီ။

 

(၂၀၂၄ စက်တင်ဘာ ၁၁ ရက်နေ့ထုတ် အီကော်နောမစ် တွင် ပါရှိသော "Kamala Harris makes Donald Trump look out of his depth" ဆောင်းပါးအား ကိုးကား တင်ပြသည်။)