မုတ်ဆိပ် ပျားစွဲပြီဟု တွေးနေ လောက်ပြီ

by Hla Soewai - Sep 16 2024

မင်းအောင်လှိုင်သည် ရေကြီးဒေသ များ သို့ သွားရောက် ကြည့် ရှူ ရင်း ၎င်းတို့ ထုံးစံ အတိုင်း လိုအပ်သည်များကို မှာကြားပြီး ဝန်ကြီးဌာန များ အနေဖြင့် ပြည်ပ သံရုံးများအား ဆက်သွယ်ပြီး ကယ်ဆယ် ထောက်ပံ့ ရေး အတွက် အကူအညီ များ တောင်းခံကြရန် ပြောသွားသည်ဟု သိရသည်။

 

မကြာမီ မှာပင် စစ်ကောင်စီ မှ ၎င်းတို့အား ကူညီ ပေးကြပါပါရန် ပြည်ပ နိုင်ငံများ အား ပန်ကြားသည့် ကြေညာချက် ရှားရှားပါးပါး ထွက်ပေါ်လာခဲ့သည်။

 

၎င်းတို့အား တတိုင်းပြည်လုံးက နေရာ အနှံ့ တော်လှန် တိုက်ခိုက်နေချိန်တွင် ယာဂီ မုန်တိုင်းသည် ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ် နှင့် ထိုင်း နိုင်ငံများအား ဖြတ်သန်းပြီး နိုင်ငံ အတွင်းသို့ ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ ဆိုသလို ရောက်ရှိလာခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင် အဖွဲ့ မှ ထုတ်ပြန်သော စာရင်းအရ ၎င်းတို့ ထိန်းချုပ်ထားနိုင်သော ဒေသများ အတွင်း လူပေါင်း ၃၃ ဦး သေဆုံးပြီး ၂၃၅,၀၀၀ ခန့် ပျောက်ဆုံးနေသည်ဟု သိရသည်။ 

 

ကရင်နီ ပြည်နယ် ဒီမောဆို မြို့တွင် ဆေးသင်တန်း တက်‌ ရောက်‌ နေသော တော်လှန်ရေး တပ်ဖွဲ့ဝင် ၁၈ ဦး မြစ်ကို ဖြတ်ကူး နေစဉ် ရေထဲ မျောပါ ကျဆုံးသွားသည် အဖြစ်ကိုတော့ စာရင်းထဲ ထဲ့သွင်းကြမည် မဟုတ် ပေ။ ၎င်းတို့ လက်ချက်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသည့် ပြည်သူ ‌သုံးသိန်းခန့် ရှိနေပြီ ဖြစ်၍ ယာဂီသည် ဆယိပုံ တပုံ ခန့်သာ အမှီလိုက်နိုင်သေးသည်ဟု ဆိုရမည် ဖြစ်သည်။ ယခုတလ အတွင်း လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရ၍ အပြစ်မဲ့ ပြည်သူ တရာနီးပါး သေဆုံးခဲ့ကြရပြီး ဖြစ်သည်။

 

တနိုင်ငံလုံး မည်မျှ အတိုင်းအတာ အထိ ပျက်စီးသွားသည် ဆိုသည်က မည်သို့မျှ သိနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ ၎င်းတို့နေထိုင်ရာ ခံတပ်မြို ဖြစ်သည့် နေပြည်တော်သည်ပင် ပထမဆုံး အကြိမ် အဖြစ် ရေလွှမ်းမိုး ခံခဲ့ရပြီ ဖြစ်သည်။

 

လူပေါင်း ၁၃၈,၀၀၀ အသက်ဆုံးရှူံးသွားခဲ့သည့် နာဂစ် မုန်တိုင်း ဖြစ်စဉ် ပြည်ပ အကူအညီများ ဝင်ခွင့် ပေးပါရန် တစာစာ ဝိုင်းဝန်း တောင်းပန် နေသည် ကိုပင် ခေါင်းမာစွာ ငြင်းဆန်နေသည့် စစ်ဗိုလ်ချုပ်များ ယခုမှ အဘယ်ကြောင့် စိတ်ပြောင်းသွားရပေသနည်း ဟု အားလုံး တအံ့တဩ ဖြစ်နေကြသည့် လက္ခဏာ အဖြစ် သတင်းများတွင် "ရှားရှားပါးပါး" ဆိုသည့် စကားလုံးကို ထည့်သွင်း ဖေါ်ပြလာကြသည်။

 

လူတကာ အပေါ် အယုံအကြည် မရှိ၊ သံ သယလွှမ်းနေသူ အဖို့ အကျပ်ရိုက်လာ၍ ထိုသို့ စကားမျိုး ထွက်လာခြင်းလည်း ဖြစ်သည်။

 

လူချင်း မတူဟု အငြင်းပွား၍ ရနိုင်သော်လည်း စိတ်ဓါတ်ရေးရာ အရ ရော၊ တွေးခေါ်ပုံ တွေးခေါ်နည်း၊ လုပ်ပုံ ကိုင်ပုံ အရရော တသွေမတိမ်း တူညီ‌ နေသူများ ဖြစ်သည်၊ ထို့အတွက်ကြောင့်လည်း ၎င်းတို့ လက်ထဲ အာဏာရောက်သွားသည် နှင့် တိုင်းပြည်သည် ပျက်စီးဖို့သာ ပြင်ပေတော့ ဟူသော စကား အတိုင်း ပြည်သူ များသည် ၎င်းတို့ဒဏ်ကို နှစ်ပေါင်း ၇၀ နီးပါး ကျောကော့အောင် ခံနေကြရခြင်းပင် ဖြစ်သည်။

 

ခေါင်းမိုးပေါ် များ တွင် ပိတ်မိနေ‌ သော တာချီလိပ်နေ ရေ‌ ဘေးသင့် ပြည်သူများသည် တဖက်ကမ်းတွင် ထိုင်း စစ်တပ် မှ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းများသုံး၍ ရေနစ်မြုပ်ရာ ဒေသများရှိ လူထု ထံ အစားအသောက်၊ ဆေးဝါး နှင့် အခြားလိုအပ်သော ပစ္စည်းများ အရောက် ပို့ပေးနေသည်ကို တွေမြင်နေရသော်လည်း ၎င်းတို့ အတွက် စစ်တပ်မှ ထိုသို့ လုပ်မပေးသည့် အပြင် ဗုံးမိုးပင် ရွာနေသည့် အဖြစ်ကိုလည်း စဉ်းစားနေမိကြမည်သာ ဖြစ်သည်။ တကယ် တမ်းတွင် မြန်မာ တွင် တပ်မတော် ဟု ခေါ်သော စစ်တပ်သည် ကွယ်ပျောက်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည် ကို မေ့လျော့သွားကြ၍သာ ဖြစ်ပေမည်။

 

ယခု အခါ မင်းအောင်လှိုင် နှင့် အပေါင်းအပါ ဗိုလ်ချုပ်ကြီး များ ၏ ခါးပိုက်ဆောင် တပ်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်၍ တနိုင်ငံလုံး အနှံ့ ဗုံးမိုးရွာနေပြီ ဖြစ်သည်၊ ယင်းသည် ၎င်းတို့၏ နောက်ဆုံး ထွက်သက် အဖြစ် မီးကုန်ယမ်းကုန် လုပ်နေကြခြင်း လည်း ဖြစ်သည်။ 

 

၎င်းတို့၏ ခေါင်းကိုင် ဆရာသမား များ ဖြစ်သော ရုရှား နှင့် တရုတ်က ယခုထိ တုတ်တုတ်မျှ မလှုပ်သေးကို တွေ့နေရသည်၊ တရုတ်သည် ၎င်းတို့ လုပ်ခိုင်းထားသည့် ရွေးကောက်ပွဲ အတွက် လုံခြုံရေး တင်းကျပ် နိုင်ရန် ရဲ အဖွဲ့သို့ ယွမ် ငါးသန်း (ဒေါ်လာ ၇၅၀,၀၀၀)ပေးခဲ့သည်မှာ တပတ်ပင် မပြည့်သေးပေ။

 

၎င်းတို့၏ ယခုလို အကူ အညီ‌များ ပေးရန် တောင်းဆိုမှု ကို နိုင်ငံတကာ မှ အကူအညီ ပေးချင်ကြ‌ သော်လည်း နာဂစ် တွင် ၎င်းတို့ ပေးသည့် အကူအညီများ ကို နာမည်ပြောင်းတပ်၍ ၎င်းတို့ ပေးသယောင် လုပ်ခဲ့ကြခြင်း၊ အဖိုးတန် ပစ္စည်းများကို အပြင်သို့ ထုတ်ရောင်းခဲ့ခြင်း၊ အိမ်ထောင်သည် လိုင်း စသည် တို့ကို ပြန်ပြောင်း သတိရနေကြမည်သာ ဖြစ်သည်။

 

ယခုအခါ အထွေထွေ ကျပ်တည်းမှု ကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ ယခင်ကထက်ပင် အကျင့်ပျက် ခြစားမှု များ တင်းကြမ်း ပြည့်နှက်‌လာနေပြီ ဖြစ်သည်။

 

ထို့ပြင် မင်းအောင်လှိုင် နှင့် အဖွဲ့သည် နိုင်ငံတကာ မှ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးလာသည်ကို ၎င်းတို့အား အသိအမှတ် ပြု သယောင် ဝါဒဖြန့်ဦးမည်သာ ဖြစ်သည်။

 

ယခုပင် ၎င်း၏ အိမ်တော်ကြီးသို့ အကူအညီပေးရန်အလျိုလျို ပေါက်ချ လာတော့မည့် ပြည်ပ နိုင်ငံများမှ သံရုံး များ မှ သံကြီး တမန်ကြီးများကို ဧည့်ခံရင်း ၎င်း၏ ရွေးကောက်ပွဲ ကြီးကို မည်သို့မည်ပုံ လုပ်ပြလိုက်မည် ဆိုသည်ကို အာပေါင်းအာရင်း သန်သန် ပြောပစ်လိုက်မည် စိတ်ကူးယဉ်နေလောက်ပြီ ဖြစ်သည်။

 

၎င်းအဖို့က သုံးနှစ်လုံးလုံး စိတ် ဒုက္ခ ကြီးစွာ ဖြတ်သန်း နေရရှာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!