ကျွန်တော်သည် အမေရိကန်တွင် အဝေးပြေးလမ်း၊ မိလ္လာ အညစ်အကြေးများ များ စွန့် ထုတ် သန့်စင်သည့် စနစ်၊ အခြား အသုံးတည့်ရာ လုပ်ငန်းများ လေ့လာ သင်ယူ ရသည့် အပြင် မန်း မှ တာဝန်ပေးထားသည့် အမေရိကန် တို့၏ တွေးပုံ ခေါ်ပုံ များကို ပါ လေ့လာရသည်။ ကျွန်တော်၏ မစ်ရှင်သည် စိတ်ဓါတ်ရေးရာ စစ်ပွဲ ဆင်နွှဲရန်ပင် ဖြစ်သည်။
ထို့အတွက် ကျွန်တော်သည် အမေရိကန် တို့၏ သမိုင်းကြောင်း နှင့် စာပေ များကို ဖတ်ရှုရပြီး အင်္ဂလိပ် ဂရမ်မာကိုလည်း စင်းလုံးချော ပြောနိုင်ရေး နိုင်အောင် လေ့လာသင်ယူရသည်၊ အမေရိကန် ဘန်းစကားများကို ခြုံငုံမိအောင် အားထုတ်ရပြီး ဆေးခြောက်ပင် ရှုခဲ့ရသည်။ ကျွန်တော်၏ လူပျိုဘဝ သည်လည်း ဆုံးခန်းတိုင်သွားခဲ့ရသည်။
အတိုချုပ် ပြောရမည် ဆိုလျှင် ကျွန်တော် သည် ဘက်ချလာ ဒီဂရီ သာ မက၊ အမေရိကန် နှင့် ပတ်သက်လျင် မာစတာ ဒီဂရီ ပေးရလောက်သည့် ကျွမ်းကျင်သူ တဦး ဖြစ်လာခဲ့သည်။
အမေရိကန် ၏ အကျော်ကြားဆုံး တွေးခေါ်ပညာရှင်ကြီး ဖြစ်သည့် အီမာဆန်၏ စာပေများကို စိန်ပန်းပြာ ပင်များ အစီအရီ ပေါက်ရောက်နေသည့် တောအုပ်နံဘေးရှိ မြက်ခင်းပြင်ပေါ်တွင် ပထမဆုံး ဖတ်ရှု ဖြစ်ခဲ့သည်ကို ယခုတိုင် ကွက်ကွက်ကင်းကင်း အမှတ်ရနေမိသည်။
ထိုသို့သာ ဖတ်ရှုနေရသော်လည်း ကျွန်တော်၏ စိတ်သည် ဇွန်လ ၏ မြက်ခင်ပြင်များ ပေါ် နေဆာ လှုံနေသော ခါးပြတ် အင်္ကျီ နှင့် ဘောင်းဘီတိုများ ဝတ်ဆင်ထားသော ညိုဝါရောင် အသားအရည်ရှိ အတန်းဖေါ် အမျိုးသမီးများထံ ရောက်နေပြန်သည်။ အီမာဆန် ၏ "စိတ်ကို တသမတ်တည်း ထားခြင်းသည် ဦးနှောက်သေးငယ်သူများထံတွင် စွဲကပ်နေသော မကောင်းဆိုးဝါးများသာ ဖြစ်သည်" ဟူသော စကားသည် ကျွန်တော် ဖတ်နေသည့် ဖြူလွှလွှ စာရွက်များ ပေါ်ရှိ အနက်ရောင် စာလုံးများ ကြားတွင် ပျက်ပျက်ထင်ထင် တွေ့နေရသည်။
အမေရိကန် တို့ နှင့် ပတ်သက်ပြီး အီမာဆန် ရေးခဲ့သည်များသည် သွေးထွက်အောင် မှန်သည်များချည်းသာ ဖြစ်သည်။ ကျွန်တော်သည် သူ၏ စကားလုံးများကို ထိုစဉ်က မှင်နီဖြင့် တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မက လိုင်းတားခဲ့ဖူးသည်။ ကျွန်တော် အတွက် ထိုစကားလုံးများသည် အမေရိကန် တို့ အတွက်သာ မက ကျွန်တော်၏ အမိမြေ အတွက်ပါ မှန်ကန်နေသောကြောင့်လည်း စိတ်ထဲတွင် သံမှိုစွဲ သလို စွဲခဲ့ရခြင်းလည်း ဖြစ်သည်။
ကျွန်တော် နိုင်ငံသည်လည်း ရှေ့နောက်မညီ ကွဲလွဲ မနေ ဟု ဆိုလျင် ကျွန်တော်တို့သည် လည်း ဘာမျှ ဟုတ်တော့မည် မဟုတ်။
***************
ကျွန်တော်တို့၏ နောက်ဆုံး လက်ကျန် နံနက်ခင်း တွင် ဗိုလ်ချုပ်ကြီးအား သူ၏ ရုံးရှိရာ ရဲ ချုပ် ရုံး သို့ ကားမောင်း ပို့ပေးခဲ့သည်။ ကျွန်တော့် ရုံးသည်လည်း ဗိုလ်ချုပ်ကြီး ရုံး ခန်း ရှိရာ စင်္ကြန်လမ်း၏ အဆုံးတွင် ရှိသည်။
ကျွန် တော် ရွေးထားသော အရာရှိ ငါးယောက်ကို လာတွေ့ရန် ဆင့်ခေါ်လိုက်သည်။ ကျွန်တော်သည် သူတို့ တဦးချင်းစီအား ရုံးခန်းထဲတွင် သီးခြား တွေ့ဆုံခဲ့သည်။
ကျွန်တော်တို့ ဒီည ထွက်ကြမှာလား ဟု အလွန်တရာ ထိတ်လန့်နေဟန် ရှိသော ဗိုလ်မှုးကြီး က မေးလာသည်။ သူ၏ မျက်လုံးများသည်လည်း ပြူးကျယ်နေပြီး မျက်ရည်များ လဲ့နေသည်။ ဟုတ်တယ်ဟု ပြန်ပြောလိုက်သည်။ ဗိုလ်မှုး တယောက်က ကျွန်တော့် မိဘတွေကော၊ ကျွန်တော့် အမျိုးသမီးရဲ့ မိဘတွေကော၊ ထိုသို့ မေးလာသော ဗိုလ်မှုးသည် ချိုလွန်း ရှိ တရုတ် စားသောက်ဆိုင်တွင် အမြဲလို သောက်စား မူးရူးနေသူ လည်း ဖြစ်သည်။
နိုး ဟု ကျွန်တော်က ပြန်ဖြေလိုက်သည့် အခါ အကိုတွေ၊ ညီတွေ၊ ညီမ တွေ၊ တူ တူမတွေကော ဟု မေးလာပြန်သည်။ ဒီအမေးကိုလည်း နိုး ဟု ပြောရပြန်သည်၊ ထိုအခါ အိမ်ဖေါ်တွေ၊ ကလေးထိန်းတွေကော ခေါ်လို့ရမလား၊ ကျွန်တော်က လက်ဆွဲသေတ္တာတွေ၊ အဝတ်အစား အိတ်တွေ၊ ကြွေထည် ငွေထည် ပစ္စည်းတွေ ဘာတခုမှ ယူမလာနဲ့ ဟု ထပ်ပြောလိုက်ရသည်။
ကာလသား ရောဂါ ရထားဖူး၍ ထော့နင်း ထော့နင်း ဖြစ်နေသော ဗိုလ်ကြီးက သူ့အတွက် နောက်ထပ် နေရာ များ ဖန်တီး မပေးနိုင်က သူ့ကိုယ်သူ သတ်သေမည်ဟု ခြိမ်းခြောက်လာသည်။ ကျွန်တော်က ခြောက်လုံးပြူးကို ထုတ်၍ စားပွဲပေါ် တင်ပေးလိုက်သည့် အခါတွင်တော့ ခြာကနဲ လှည့်ထွက်သွားတော့သည်။
ဒုဗိုလ်ကလေးများကတော့ သူတို့နှင့် တခြားစီပင်၊ ခေါ်သည့် အတွက်ပင် ကျေးဇူး တင်နေကြသည်။ လက်ရှိ နေရာကို မိဘများ၏ အဆက်အသွယ်နှင့် ရလာပြီးနောက် ရုပ်သေးရုပ် များလို ထိုင်ဆိုထိုင်၊ ထဆိုထ နှင့် ကြောက်လန့်တကြား ပြာယာခပ်နေရှာသူများ ဖြစ်သည်။
ဘယ်သူမှ မကျန်တော့သည့် အတွက် အခန်းတံခါးကို ပိတ်လိုက်သည်။ အဝေးမှ လက်နက်ကြီး သံများကြောင့် ပြတင်းတံခါးများ လှုပ်ခါသွားသည်။ အရှေ့ ဖက်ဆီမှ မီးတောက်မီးလျံ များ နှင့် အတူ မီးခိုးလုံးများ တက်လာသည်ကို တွေ့နေရသည်။ ရန်သူ၏ လက်နက်ကြီး များ ထိမှန်၍ လောင်းဘင် လက်နက်တိုက် ပေါက်ကွဲသွားခြင်းကြောင့် ဖြစ်သည်။
ဝမ်းနည်းရမှလား၊ ဝမ်းသာဂုဏ်ယူရမှာလား ဝေခွဲမရ ဖြစ်လာ၍ အံဆွဲထဲတွင် သိမ်းထားသော ငါးပုံ တပုံ ခန့်ရှိ လက်ကျန် ဂျင် ဘီးမ် ပုလင်းကို ဆွဲထုတ်လိုက်သည်။ အမေသာ ရှိဦးမည် ဆိုလျှင် အရက်တွေ သိပ်မသောက်ပါနဲ့လား၊ သားရဲ့ ကျန်းမာရေး ထိခိုက်နေပါမယ်ကွယ်ဟု ပြောပေဦးမည်။
ကျွန်တော်ကဲ့သို့ ဗိုလ်ချုပ်ကြီး၏ ဝန်ထမ်းများအကြား ဒလျိုတယောက် အဖြစ် ဝင်ရောက်လှုပ်ရှားနေရသဖြင့် ကျင်းထဲကျပ်ထဲ ရောက်နေသည် လူ တယောက်အဖို့ စိတ်ထွက်ပေါက်ကို ရှာလို့ ရသမျှ ရှာမည်သာ ဖြစ်သည်။
ကျွန်တော်သည် လက်ကျန် ဝီစကီကို အပြတ် ဖြတ်လိုက်ပြီး မိုးထဲလေထဲမှာပင် ဗိုလ်ချုပ်ကြီး အိမ်သို့ ကား ပြန်မောင်းလာခဲ့သည်။ လာမည့် မုတ်သုံရာသီ ဝင်ရောက်တော့မည်ဟု မြို့တော်အား သတိပေးသည့် အနေဖြင့် မိုးသားမိုးရိပ်များက တအိအိ နှင့် လွှမ်းခြုံ ရစ်သိုင်းလာရာမှ ရေမွှာ ပေါက်သလို ဝေါကနဲ သွန်ချ နေခြင်းလည်း ဖြစ်သည်။
အချို့ကလည်း မုတ်သုံမိုးကြောင့် မြို့တော်ထံ ချီတက်လာနေသည့် မြောက်ပိုင်း မှ တပ်မကြီးများကို နှေးကွေးသွားမည်ဟု မျှော်လင့်နေကြသည်။ ကျွန်တော်ကတော့ ဖြစ်နိုင်ခြေ မရှိလောက်ဟု ထင်မိသည်။
ကျွန်တော်သည် ညစာ စားမနေတော့ပဲ ကျောပိုးအိတ် ထဲသို့ တကိုယ်ရေ အသုံးအဆောင် ပစ္စည်းများ၊ လော့စ်အိန်ဂျဲလိစ် တွင် ရှိစဉ် ဂျေစီ ပင်နီ စတိုးဆိုင်ကြီးမှ ဝယ်ခဲ့သည့် အင်္ကျီ ဘောင်းဘီ နှစ်စုံလောက်၊ ဖိနပ်၊ အောက်ခံ ဘောင်းဘီ သုံးထည်၊ သူခိုးဈေးမှ ရထားသည့် လျပ်စစ် သွားပွတ်တံ၊ မှန်ဘောင် သွင်းထားသော အမေ ဓါတ်ပုံ၊ ကျွန်တော်၏ ကိုဒက် ကင်မရာဖြင့် အမေရိကား နှင့် ဒီမှာပါ ဟိုဟိုဒီဒီ လျောက်ရိုက်ထားသော ဓါတ်ပုံများ၊ Asian Communism and the Oriental Mode of Destruction စာအုပ်တို့ကို ထည့် နေခဲ့သည်။
ကျောပိုးအိတ်သည် ကျွန်တော် ဘွဲ့ယူသည့် နေ့တွင် ကလော့ဒ်က ဂုဏ်ပြုသည့် အနေဖြင့် ပေးထားသော လက်ဆောင် ဖြစ်သည်။ ကျွန်တော် ပိုင်ဆိုင်သမျှ ထဲတွင် အသုံးဝင်ဆုံး အရာလည်း ဖြစ်သည်။ ကျွန်တော့် ကျောပေါ်တွင် အကြမ်းပတမ်း လွဲ၍ ဟောင်းသွားသည်က လွဲပြီး၊ သိုင်းကြိုးဖြင့် ကြိုက်သည့် ပုံစံ မျိုး လွယ်၍ရသည့် အပြင် လက်က ဆွဲ၍လည်း ရသည်။
နာမည်ကျော် နယူးအင်္ဂလန် ကုမ္ပဏီကြီး တခု မှ ထုတ်လုပ်ထားသည့် သားရေ အပျော့စားဖြင့် ချုပ်လုပ်ထားသည့် အိတ်လည်း ဖြစ်သည်။ ထူးထူးဆန်းဆန်းပင် ဆောင်းဦးပေါက် သစ်ရွက်ခြောက်နံ့၊ မီးဖုတ်ထားသော ပုဇွန်ထုတ်ကြီး အနံ့၊ ဘော်ဒါ ဆောင် ရှိ ကျောင်းသား များ၏ ချွေးနံ၊ သုတ် ရေ နံ့များ ကို ရနေသည်။ ကျွန်တော်နာမည် အတိုကောက်ကို အိတ်၏ ဘေးတဖက်တွင် ပန်းစာလုံး ဖြင့် ရေးထိုးထားသည်။