ထို သုံး ရက်

by Hla Soewai - Sep 16 2024

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်‌ နေ့ အာရုံတက်ချိန် လောက်တွင် တော့ မင်း‌ အောင် လှိုင် နှင့် စစ်ဗိုလ်ချုပ် များက အာဏာ သိမ်းလိုက်ပြီ ဆိုသော သတင်းဆိုး ကြီးသည် နိုင်ငံတဝှမ်း တောမီးလို တဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းကို ကြားရသူတိုင်း ကြက် သေ သေ သွားခဲ့ကြသည်။

 

နောက်ပိုင်းတွင် သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ‌ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူ အမြောက်အမြားကို ပါ ဖမ်းဆီးခေါ်ဆောင်သွားကြပြီ ဆိုသော နောက်ဆက်တွဲ သတင်းကြောင့် ပြည်သူ တရပ်လုံး ‌ဒေါသ အမျက် ချောင်းချောင်း ထွက်ခဲ့ကြသည် ဟု အစချီကာ ဩစတေးလျှ အမျိုးသား တက္ကသိုလ်၏ အာရှ-ပစိဖိတ် ရေးရာ ဌာန၏ New Mandala ဝက်ဆိုက်တွင် ရေးသားထားသော Revolution and Solidarity in Myanmar ခေါင်းစဉ် ဖြင့် ဆောင်းပါးရှည်ကြီးကို ဖတ်ရှူခဲ့ရသည်။

 

ထိုအခါ တွင် ကျွန်တော့်စိတ်ထဲ ယခုတိုင် ကျလိ ကျလိ ဖြစ်နေခဲ့ရသည်များ တဖန်ပြန် နိုးထလာခဲ့ရသည်။

 

အာဏာသိမ်းပြီး နောက် လွန်စွာ အရေးပါလှသော သုံးရက်သည် စစ်တပ် လက်ပါးစေများ ထုတ်လွှင့်လိုက်သော ဂျင်း သတင်းကြောင့် အလဟသ ဖြစ်သွားခဲ့ရသည်။ ပြည်သူ များ သုံးရက်ဆက်တိုက် အိမ်ထဲက အိမ်ပြင် မထွက်ပဲ ငြိမ်သက် နေလျင် အာဏာသိမ်းမှု သူ့အလိုလို ပျက်ပျယ်သွားမည်ဟု ထုတ်လွှင့်လာခြင်းပင် ဖြစ်သည်။

 

ဤသို့ ပြောဆိုလာမှု ကို အချို့က ယုံယုံကြည်ကြည် လက်ခံကြသည်ကို တွေ့ခဲ့ရ၍ ပြန်တွေးမိတိုင်း ဝမ်းနည်း ကြေကွဲဖြစ်မိသည်သာမက အံ့အားသင့် မဆုံးဖြစ်ခဲ့ရသည်၊ လမ်းပေါ် မထွက်၍ ထက် ထိုသတင်းမျိုးကို အဘယ်ကြောင့် အလွယ်တကူ လက်ခံသည်အထိ ဖြစ်ခဲ့ရသည်ကို ကျွန် တော် ယခုထိလည်း မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်နေရဆဲပင်။

 

နောက်ဆုံးတွင် ‌မန္တ‌ လေး မှ ဒေါက်တာ တေဇာဆန်း၊ ရန်ကုန်မှ ယခု NUG အစိုးရ အဖွဲ့တွင် လူငယ် နှင့် ကလေးသူငယ် ရေးရာ ဒုဝန်ကြီး ဒေါ်အိသဥ္စာ‌ မောင်တို့ မှ လူထု အား လမ်းပေါ် ဆွဲတင်လာကြသည်။ ဤသည်ကိုပင် အပြင်မထွက်ကြနဲ့ သူတို့ ထောင်ချောက်ထဲ ဝင်သွားဦးမည်ဟု ဖေ့စ်ဘုတ် ‌ ပေါ်မှ တစာစာ အော်ဟစ် တားမြစ်နေကြဆဲပင်။

 

ထိုအချိန်တွင် မင်း‌ အောင်လှိုင် နှင့် အဖွဲ့သည် ၎င်းတို့ အာဏာသိမ်းမှု မထင်မှတ် လောက်အောင် အောင်မြင်‌ခဲ့ပြီ ဟု ဆိုကာ အချင်းချင်း ကျောသပ် ရင်သပ်၊ အရက်ခွက်ချင်း တေ့‌ နေကြချိန်တွင် လူထု ကြီးသည် အုံနှင့် ကျင်းနှင့် လက်သီး လက်မောင်းတန်းကာ လမ်းပေါ်သို့ အလျိုလျို ထွက်လာကြပြီ ဖြစ်သည်။

 

ဒီတကြိမ်တွင်တော့ ၎င်းတို့ တောင်းဆိုလာကြသည်က နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု မဟုတ်တော့၊ ပြီးခဲ့သည့် ဆယ်စုနှစ် တစုလုံး ပြောဆိုလာခဲ့သည့် အသွင် ကူးပြောင်းရေး ဆိုသည်ကိုလည်း စိတ်မဝင်စားကြတော့။

 

မနုသတ္တ ဒုလ္လဘ ဆို‌ သော ရခဲ ဖြစ်ခဲလှသည့် လူ့ဘဝ တွင် လူချင်းတူတူ သူချင်းမျှမျှ နေခွင့်မရအောင်၊ မိမိတို့ ဘဝ တိုးတက်ရာ တိုးတက်ကြောင်းများကို ကိုယ်စွမ်းဉာဏ် စွမ်း ရှိသရွေ့ ကြိုးစားခွင့် မရအောင် နည်းမျိုးစုံ ဖြင့် ဖိနှိပ် ဟန့်တား လာခဲ့ကြသည့် စစ်အာဏာရှင် စနစ်ဆိုးကို အမြစ် ဖြတ်နိုင်မှ ဖြစ်တော့မည်ဟု စိတ်ပိုင်းဖြတ်လာကြခြင်းလည်း ဖြစ်သည်။

 

ဤသို့ဖြင့် လူထု အုံကြွမှု ကြီးအား ထပ်၍ အကြမ်းဖက် နှိမ်နှင်းလာကြသည့် အခါတွင်တော့ နိုင်ငံရေး အာဏာ အရပ်ရပ်ကို ၎င်းတို့ထံမှ မည်သို့မျှ အသာတကြည် တောင်းယူ၍ ရတော့မည် မဟုတ်ဆိုသည်ကို သဘောပေါက်လာကြသည်နှင့် အမျှ အခြားနည်းလမ်းလည်း မရှိတော့၍ လက်နက်ကိုင် တော်လှန်မှ ဖြစ်တော့မည် ဆိုသည့် ဖက်သို့ တမဟုတ်ချင်း ကူးပြောင်းလာခဲ့ ‌ပေ တော့သည်။

 

၂၀၁၀ ကျော် ဆယ်စုနှစ် တစုလုံး အသွင်ကူးပြောင်းရေး ဆိုသည့် စကားရပ် လွှမ်းမိုးနေခဲ့သော်လည်း ၂၀၂၁ နောက်ပိုင်း တွင်တော့ တော်လှန်ရေး ဆိုသည့် စကားရပ်သည် လွှမ်းမိုးလာခဲ့တော့သည်။

 

ယခု တော်လှန်ရေး သုံးနှစ်ခွဲ ကျော် ကာလ အရောက်တွင် နိုင်ငံ၏ ဧရိယာ သုံးပုံ နှစ်ပုံခန့်ကို ပြည်သူ ဘက်တော်သား တော်လှန်ရေး တပ်များက ထိန်းချုပ် နိုင်နေပြီး စစ်အာဏာရှင် များသည်လည်း တရုတ် ကြိုးဆွဲရာ ကနေကြရယုံမျှမက သူများ နှာခေါင်းပေါက်နှင့် အသက်ရှု နေရသည့် အဖြစ်သို့ ကူးပြောင်းသွားခဲ့ကြရပြီ ဖြစ်သည်။

 

လက်ရှိ နေပြည်တော်သို့ ရောက်ရှိနေသော ကမ္ဘာကြက်ခြေနီ ဥက္ကဌ နှင့် အဖွဲ့အား မင်းအောင်လှိုင်မှ ဂျီနီဗာ ကွန်ဗင်းရှင်း နှင့် အညီ ဆောင်ရွက်နေပါသည်ဟု လိမ်လည် ပြောဆိုနေချိန်တွင် ၎င်းတိူ့၏ လူမဆန်သော လုပ်ရပ်များသည် ဆိုးဝါးသည်ထက် ဆိုးဝါးလာ‌ နေကြောင်း အသေးစိတ် ဖေါ်ပြထားသည့် ကုလ ခန့်အပ်ထားသော သီးသန့် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာအား ဂျီနီဗာ တွင် ကျင်းပနေသော ကုလ လူ့အခွင့်အရေး ကောင်စီ တွင် တရက်တည်း ဆိုသလို ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။

 

ဖမ်းဆီးခံထားရသူ များ အား ဂျပန် ကင်ပေတိုင် ကပင် အရှုံး ပေးရလောက်သည့် နည်းပေါင်းစုံဖြင့် နှိပ်စက် ညှင်းပမ်းနေသည်ကို ကိုယ်တိုင်ကိုယ်ကျ ခံခဲ့ရသူများ နှင့် သက်သေများ၏ ထွက်ဆိုချက်များ ပါရှိနေသည်။

 

ထိုအတွက် မင်းအောင်လှိုင်၏ မျက်နှာပြောင်တိုက် လိမ်လည်မှု ကြီးသည် ဗူးပေါ်သလို ပေါ်သွားခဲ့ပြီး ၎င်း လုပ်ပေးမည် ‌ဆိုသော ရွေးကောက်ပွဲ အားလည်း နိုင်ငံတကာ မှ ပို၍ပင် အယုံအကြည် မဲ့လာကြမည်ကား မလွဲဧကန်ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!