ကာလုံ ခေါ်ရန် မလိုသော ကမ္ဘာ့ ပေါ်ရှိ တပ်မတော်များ

by Hla Soewai - Mar 26 2020

ပြီးခဲ့တဲ့ နှစ်ပတ်က တရုတ် သမ္မတ ရှီကျင့်ဖျင် သည် ဝူဟန်သို့ ရောက်ရှိသွားပြီး ကိုဗစ်-၁၉ ကို “အမြစ်ကနေ ထိန်းချုပ်နိုင်ခဲ့ပြီ” လို ကြေငြာခဲ့ပါတယ်။ ဝူဟန် ရောက်ရောက်ခြင်းပဲ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဟာ  ကြောက်စရာ ကောင်းလောက်အောင် လျှင်မြန်လွန်းလှတဲ့ နှုန်း နဲ့ ဆောက်ပြီး ဖွင့်ထားတဲ့ ဆေးရုံကို ပထမဆုံး တန်းသွားခဲ့ပါတယ်။ ယခုအခါ တကမ္ဘာလုံး ရှိ စစ်တပ်များက သေနတ်များကို လောလောဆယ် ဘေးချပြီး ဗိုင်းရပ်စ် တိုက်ဖျက်ရေး ရှေ့တန်း စစ်မျက်နှာ ကို ရောက်ရှိလာနေကြပြီ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်တော့ အရပ်ဖက်မှာ မနိုင်မနင်း ဖြစ်လာနေတဲ့ ဝန်ထုတ်ဝန်ပိုးကို လျော့ချဖို့ပဲ ဖြစ်ပါတယ်။

 

အီတလီ နှင့် စပိန် နိုင်ငံတွေမှာ ပြီးခဲ့တဲ့ အပတ်အတွင်း အသေအပျောက်နှုန်းက တဟုန်ထိုး ထိုးတက်သွားတာကြောင့် စစ်သား ထောင်ပေါင်းများစွာသည် ပိတ်ဆို့ခံထားရဲ့ မြို့တွေမှာ ကင်းလှည့်စောင့်ကြပ်နေပြီး အသွားအလာ ကန့်သတ်ထားမှု အာဏာ သက်ရောက်အောင် ကူညီပေးနေကြပါတယ်။ အီတလီရှိ ဘာဂါမို မြို့မှာ သေသူတွေရဲ့ အလောင်းတွေကို မီးသင်္ဂြုလ် ဖို့ ကူညီသယ်ဆောင်ပေးနေကြပါတယ်။ ဟန်ဂေရီ၊ လက်ဘနွန်၊ မလေးရှား နှင့် ပီရူး နိုင်ငံတွေက စစ်တပ်ကို လွှတ်ပြီး ခေါင်းမာတဲ့ နိုင်ငံသားတွေကို အတင်းအကျပ် အိမ်ထဲ ပြန်ထည့်နေကြရပါတယ်။

 

နိုင်ငံအတော်များများမှ အစိုးရက ပြဠာန်းလာတဲ့ ပိတ်ဆို့ထားမှု ကို လက်နက်ကိုင် ဆောင်ထားတဲ့ စစ်သားတွေရဲ့ အတင်းအကျပ် လုပ်လာမှုတွေ အပေါ် စိတ်မသက်မသာ ဖြစ်လာပါတယ်။ ဒီအတွက် သူတို့နဲ့ သင့်တော်မယ့် နေရာတွေမှာ အသုံးချဖို့ ရှာကြံလာရာမှာ တိုတောင်းတဲ့ အချိန်အတွင်း လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပို့ဆောင်ရေးမှာ သုံးလို့ ရတယ်ဆိုတာ သဘောပေါက်လာခဲ့ကြပါတယ်။ စစ်တပ်မှာ လူအင်အား အများအပြား ရှိနေပြီး အကြီးစား ယာဉ်တွေလည်း အလျံပယ် ရှိနေတဲ့အပြင် တနေရာမှတနေရာကို အလျှင်အမြန် ပို့ဆောင်ရေးမှာလည်း ကျွမ်းကျင်မှုက ရှိထားပြီးသားလူများလည်း ဖြစ်ပါတယ်။

 

အမေရိကန်ရှိ ပင်တဂွန် သယ်ယူပို့ဆောင်ရေး ကွပ်ကဲမှု ဌာနသည် တပတ်အတွင်း လေကြောင်းမှ အကြိမ်ပေါင်း ၁,၉၀၀ နဲ့ ကုန်းလမ်းမှ အကြိမ် ၁၀,၀၀၀ ခန့် သယ်ယူ ပို့ဆောင်ပေးနိုင်တာ တွေ့ခဲ့ကြရပါတယ်။

 

မတ်လ ၁၉ ရက်နေ့မှာ အီတလီ နဲ့ ပြင်သစ်လောက် ကန့်သတ်မှု မပြင်းထန်ခဲ့သေးတဲ့ ဗြိတိန်တွင် “Covid-19 Support Force” ဆိုပြီး စစ်တပ်ရဲ့ အင်အား ၂၀,၀၀၀ ခန့်ကို အရံတပ်များ အဖြစ်ဖွဲ့စည်းလိုက်ပါတယ်။ လိုအပ်တဲ့ နေရာတွေကို အောင်စီဂျင် တင်ကာ ကြီးတွေ မောင်းနှင်ပေးဖို့ အချို့ကို လေ့ကျင့်ပေးနေပါတယ်။ အခြားနိုင်ငံအတော်များများလည်း စစ်တပ်ကို အလားတူ ပုံစံမျိုးတွေနဲ့ ခေါ်ယူ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

 

များသော အားဖြင့် စစ်တပ်မှာ အရေးကြီးတဲ့ အသက်ကယ် ပစ္စည်းများ အမြောက်အမြား သိုလှောင်ထားပြီးသား ရှိနေကြပါတယ်။ ပင်တဂွန်မှ အသက်ရှူမှု အထောက်အကူ ပြု နှာခေါင်းအကာ respiratory mask များ နဲ့ အသက်ရှုစက် ၂,၀၀၀ ventilators ကို အရပ်ဖက်ကို လွှဲပြောင်းပေးမယ်လို့ ဆိုပါတယ်။ နည်းပညာပိုင်းမှာလည်း ဖန်တီးနိုင်စွမ်း ရှိနေကြပါတယ်။ အစ္စရေး ရဲ့ စစ်ဖက် ထောက်လှမ်းရေးက ယခုအခါ ရိုးရိုး အသက်ရှူမှု အထောက်အကူ ကရိယာများကို ပိုပြီး အဆင့်မြင်တဲ့ အသက်ရှူစက်များ အဖြစ် ပြောင်းလဲနိုင်ဖို့ တီထွင်နေကြပြီ ဖြစ်ပါတယ်။

 

ဗြိတိန်ရှိ ကာကွယ်ရေး သိပ္ပံနှင့် နည်းပညာ ဌာနကြီးသည်လည်း ဇီဝလက်နက်များ အတိုက်ခိုက်ခံရရင် မည်သို့မည်ပုံ ကာကွယ်ရမယ်ဆိုတဲ့ ကျွမ်းကျင်မှု များ ရှိနေပြီးသား ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ ပုံစံ ၁၉ မျိုးကို စမ်းသပ်ပြီး ကာကွယ်ဆေး ထုတ်ဖို့ လုံးပမ်းနေကြပါတယ်။ အမေရိကန် စစ်တပ်ကလည်း အလားအလာရှိတဲ့ ကာကွယ်ဆေး ၂၄ မျိုး ကို ပြင်ပ ကုမ္ပဏီ များနဲ့ ပူးပေါင်းပြီး စမ်းသပ် နေကြပါတယ်။

 

လက်ရှိ အသက်ရှူ စက် များကိုလည်း ဒုတိယ ကမ္ဘာစစ်အတွင်း  စစ်ဖက် ဆေးပညာရှင်များက တီထွင် ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

 

ယခုလို ဝရုန်းသုန်းကား  အနေအထားမှာ ရှိပြီးသား အရင်းအမြစ်များနဲ့ အခြေခံ အဆောက်အအုံများ မလုံမလောက် ဖြစ်နေတဲ့ သဖြင့် မည်သို့ မည်ပုံ အရပ်ဖက်ကို ကူညီရမယ်ဆိုတာမျိုး စစ်ဖက် ဆေးဝန်ထမ်းများကို လေ့ကျင့်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၅ ရက်နောက်ပိုင်းမှာ ဟူဘေး ပြည်နယ်ထဲသို့ စစ်ဝန်ထမ်း ၁၀,၀၀၀ ကို စေလွှတ်ထားခဲ့ပြီး ဆေးဝါးများနဲ့ မရှိမဖြစ် လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်းများ ကို စစ်ဖက်မှ တာဝန်ယူ ထိန်းချုပ်ပေးခဲ့ပါတယ်။ ပြင်သစ် အရှေ့ပိုင်းရှိ မူဟောက်စ်မှာ ကုတင် သုံးဆယ် ဆန့် စစ်မြေပြင် သုံး ဆေးရုံကို စစ်ဖက်ဆေးဝန်ထမ်းများက ဆောက်လုပ်ပေးနေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ စစ်တပ်ကို ဖျက်သိမ်းပြစ်ဖို့ ကြွေးကြော်နေတဲ့ မက္ကဆီကို သမ္မတ က ဆေးရုံသစ် ဆယ်ခုကို တာဝန်ယူအုပ်ချုပ်ဖို့ ကြည်းတပ်နဲ့ ရေတပ်ကို လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။

 

နေရာအတော်များများရှိ စစ်ဆေးရုံများမှာလည်း ကိုဗစ်-၁၉ ဝေဒနာရှင်တွေကို လက်ခံ ကုသပေးနိုင်အောင် သမာရိုးကျ ရောဂါသည်များကို ဖယ်ရှားပြစ်နေပြီ ဖြစ်ပါတယ်။ အမေရိကန် ရေတပ်သုံး ဆေးရုံ ရေယာဉ်များအား လော့စ် အိန်ဂျဲလိစ် နှင့် နယူးယောက်ကို စေလွှတ်ပေးခဲ့ပါတယ်။ ကြည်းတပ်ကလည်း ရွေ့လျား ဆေးရုံ နှစ်ခုကို ပြင်ဆင်နေပါတယ်။ ဆွစ်ဇာလန်မှာလည်း အရံနိုင်ငံသား တပ် ဖွဲ့ဝင် ၆၀၀ ပါ ဆေးရုံတပ်ရင်း လေးခုကို အရပ်ဖက် ဆေးရုံတွေဆီ စေလွှတ်ပေးခဲ့ပါတယ်။

 

အချို့နိုင်ငံတွေက စစ်ဖက် ဆေးပညာ များကို သံတမန်ရေးမှာ အသုံးချလာခဲ့ပါတယ်။ ဥရောပနိုင်ငံများ ရှိ ၎င်းတို့၏ ရန်သူများကို အဆိပ်ခတ်ရာမှာ ကျွမ်းကျင်တဲ့ ရုရှားက ယခုအခါ စစ်တပ်သုံး ပိုးမွှားသန့်စင်ရေး ယာဉ်များ အပြည့်တင်ထားတဲ့ ပို့ဆောင်ရေး သုံး လေယာဉ် ကိုးစီး၊ ရောဂါ ဗေဒ နဲ့ ကူးစက်ရောဂါ ပညာရှင်များ အယောက် တရာခန့် ပါဝင်တဲ့ စစ်ဝန်ထမ်း တပ် ကိုးဖွဲ့ နဲ့ ရောဂါ စမ်းသပ်ရေး ပစ္စည်းကရိယာ အစုံအလင်ကို ရောဂါပိုး အပြင်းထန်ဆုံး ကူးစက်ခံနေရတဲ့ အီတလီ ရှိ ဒေသများကို စေလွှတ်လိုက်ပါတယ်။ အဆိုပါ ယာဉ်များ နဲ့ လေယာဉ် ကိုယ်ထည်တွေ ပေါ်မှာ “From Russia with Love” ဆိုတဲ့ စာတမ်းကြီးတွေ ရေးထိုးထားခဲ့ပါတယ်။

 

မနိုင်မနင်း ဖြစ်လာတဲ့ နိုင်ငံတွေ အနေနဲ့ စစ်တပ်ကို ခေါ်ယူ အသုံးချရမှာကို နားလည် နိုင်ပေမယ့် စစ်တပ်သည် လူများကို သတ်ရန် အတွက်သာ လေ့ကျင့်ထားကြသူများ ဖြစ်ပြီး လမ်းပေါ်တက်ပြီး လူတွေကို ထိန်းကျောင်းဖို့ ၊ ဒဏ်ငွေ ရိုက်ဖို့၊ ဆူပါမားကက် တွေကို ပစ္စည်းတွေ ပို့ပေးဖို့ ပြင်ဆင်ထားခြင်း မရှိတဲ့ လူတွေ ဖြစ်နေပြန်ပါတယ်၊ နောက်တချက် က စစ်တပ်ရဲ့ ကာကွယ်ရေး ဆိုင်ရာ အသင့်ပြင်ထားမှုကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ထိခိုက်နိုင်ပါတယ်။

 

စစ်သားများသည် နဂိုကတည်းက ကျန်းမာသန်စွမ်းသူများ ဖြစ်နေတာမို့ ရောဂါပိုးကို ပိုပြီး ခံနိုင်ရည် ရှိတယ် ဆိုသော်လည်း လုံးလုံးလျားလျားကြီး မကူးစက်နိုင်ဖူး ဆိုတဲ့ အနေအထားတော့ မရှိပါဘူး။ နယူးယောက်မှာ ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူများ၏ တဝက်ကျော်ကျော်သည် အသက် ၁၈ မှ ၄၉ နှစ်အကြား ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သားတွေက စစ်တန်းလျားတွေမှာ တဦးနှင့် တဦး နီးကပ်စွာ နေထိုင်ကြတဲ့ သဘောသဘာဝကြောင့် ရောဂါ ကူးစက်နိုင်ပြန်ပါတယ်။

 

ဒီအတွက် အီရန်၏ အစ္စလမ်မစ် တော်လှန်ရေး အစောင့်တပ်သည် ရောဂါပိုး အပြင်းထန်ဆုံး ကူးစက်ခံခဲ့ရပါတယ်။ ၎င်းတို့ရဲ့ ဗိုလ်ချုပ်ကြီး တယောက်သည်ပင် မတ်လ ၁၃ ရက်နေ့က ကွယ်လွန်သွားခဲ့ရပါတယ်။ အီတလီ နှင့် ပိုလန်ရှိ ကာကွယ်ရေး ဦးစီးချုပ် များပင် ရောဂါ ကူးစက်ခံခဲ့ကြရပါတယ်။ အမေရိကန်တွင် စစ်ဖက် သုံး ကန်ထရိုက်တာ တဦး  မတ်လ ၂၂ ရက်နေ့တွင် ပထမဆုံးအကြိမ် သေဆုံးသွားခဲ့ရပါတယ်။ တရုတ်ပြည်က ၎င်းတို့ရဲ့ စစ်သား တဦးတလေမျှပင် ကူးစက်ခံရခြင်း မရှိဆိုတဲ့ ပြောဆိုမှုကို ကမ္ဘာတဝှမ်းရှိ ကျွမ်းကျင်သူများက ပျက်ရယ် ပြုခဲ့ကြပါတယ်။

 

အရေးပါတဲ့ စစ်ဖက် ဝန်ထမ်းတွေ အိမ်မှာ အသွားအလာ ကန့်သတ်ခံရတယ်ဆိုရင် အိမ်ကနေပြီး လျို့ဝှက် ကွန်ပြူတာ ဖိုင်တွေကို ဝင်ရောက်ကြည့်ရှု့ခွင့် မရ ဖြစ်သွားနိုင်ပါတယ်။ ဒီအတွက် စစ်ဖက်ဆိုင်ရာ လုပ်ငန်းတွေ အတော်ကို ထိခိုက်နိုင်ပါတယ်။ တဦးနှင့် တဦး ခြောက်ပေ အကွာမှာ နေသင့်တယ်ဆိုတဲ့ တားမြစ်ချက်ကြောင့် စစ်သင်တန်းပေးနေမှုတွေလည်း ကမ္ဘာတဝှမ်း ရပ်ဆိုင်းလုနီးပါး ဖြစ်သွားခဲ့ရပါတယ်။ မတ်လ ၁၁ ရက်နေ့တွင် နော်ဝေးသည် အမေရိကန်နှင့် ဥရောပ မဟာမိတ်များနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းလိုက်ပါတယ်။ ရောဂါပိုး ကူးစက်ခံနေရတဲ့ နော်ဝေး စစ်သား တဦး နဲ့ ထိတွေ့ခဲ့တဲ့ အမေရိကန် စစ်သား ၂၃ ဦး အသွားအလာ ကန့်သတ်ခဲ့ရလို့ ဖြစ်ပါတယ်။ နောက်ပိုင်း နှစ်ရက်အကြာမှာ အမေရိကန်က Defender 2020 ဆိုတဲ့ အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှုကြီးကို ရပ်ဆိုင်းလိုက်ပြန်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကြီးက အရေးအကြောင်းဆို ဥရောပကုန်းမြေကြီးမှာ အမေရိကန် စစ်အင်အား ကို အလုံးအရင်းနဲ့ ဖြန့်ကျက်ထားဖို့ ရည်ရွယ်လေ့ကျင့်တာဖြစ်ပြီး စစ်အေးတိုက်ပွဲပြီး နောက်ပိုင်း အင်အား အများဆုံး အသုံးပြုမယ့် လေ့ကျင့်မှုကြီးလည်း ဖြစ်ပါတယ်။ အဆိုပါ စစ်ရေး လေ့ကျင်မှု အတွက် ပြင်ဆင်နေရတဲ့ အမေရိကန်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတဦး နဲ့ ရောဂါပိုး ကူးစက်ခံရသူ ပိုလန် ဗိုလ်ချုပ်ကြီး တို့ ဆုံစည်းခဲ့ပြီး အမေရိကန် ဗိုလ်ချုပ်ကြီး အသွားအလာ ကန့်သတ် ခံလိုက်ရပြီး တဲ့ နောက်မှာ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

 

ဥရောပနိုင်ငံ အတော်များများလည်း စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းခဲ့ကြပါတယ်။ အမေရိကန်နှင့် တောင်ကိုရီယား နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှုကိုလည်း ရွှေ့ဆိုင်းလိုက်ပြီး ဒီအတွက် ရုရှားက “စိတ်ရင်းကောင်း ပြသသည့် အနေဖြင့်” ဆိုကာ ယင်း၏ အနောက်ဖက် နယ်ခြားမှာ စစ်ရေး လေ့ကျင့်မှုတွေကို ဖျက်သိမ်းပေးလိုက်တယ်လို့ ဆိုပါတယ်။

 

စစ်တပ်အတော်များများကတော့ ကမ္ဘာကပ်ရောဂါကြီး အပြင် ဘူမိနိုင်ငံရေး တွန်းထိုးရုန်းကန်နေမှုတွေကိုလည်း တပြိုင်တည်း ရင်ဆိုင်နေရပါတယ်။ သမ္မတ ရှီကျင့်ပင် ဝူဟန်ကို ရောက်ခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ မှာပဲ တောင်တရုတ် ပင်လယ်ရှိ တရုတ် ထိန်းချုပ်ထားတဲ့ ကျွန်းအနီးမှာ လွတ်လပ်စွာ ရေကြောင်း သွားလာရေး စစ်ရေး လေ့ကျင့်မှု တခု ပြုလုပ်ခဲ့ကြပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ ဂျီဟတ်ဒစ် လို့ သံသယ ရှိတဲ့ အဖွဲ့ ရဲ့ တိုက်ခိုက်မှုကြောင့် မာလီနိုင်ငံရှိ စစ်သား ၂၉ ဦး သေဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်း တရက်မှာ ဆီရီယားရှိ အစ်ဒလစ် ပြည်နယ် အတွင်း ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရလို့ တူရကီ စစ်သားနှစ်ဦး သေဆုံးသွားခဲ့ရပါတယ်။ အာဖဂန်နစ္စတန် မှာ ရဲတပ်ဖွဲ့ဝင် နဲ့ စစ်သားစုစုပေါင်း နှစ်ဒါဇင်ခန့် ကျဆုံးသွားခဲ့ရပြန်ပါတယ်။ စစ်တပ်အဖို့ အာရုံထွေပြားလာနေပေမယ့် စစ်ပွဲတွေကတော့ ဗိုင်းရပ်စ် ပိုးကြောင့် ရပ်တန့်သွားမှာတော့ မဟုတ်ပါဘူး။

 

(မြန်မာမှာလည်း မင်းပြားရှိ စစ်သင်တန်းကျောင်းကို အေအေ တွေက ဝင်ရောက်တိုက်ခိုက်ပြီး နောက်တရက်မှာပဲ ပြည်ထဲရေး ဝန်ကြီး က အမိန့်အရ ဆိုပြီး အေအေ အား မတရားအသင်း အဖြစ် ကြေငြာလိုက်ပါတယ်။)

 

(ရည်ညွှန်း။   ။ မတ်လ ၂၃ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း ပါ “Armies are mobilizing against the coronavirus” ဆောင်းပါး ကို ပြန်ဆိုသည်)