နိုင်ငံတကာ ရေးရာ မိတ်ဆက်(88)

by Hla Soewai - Sep 16 2024

ရင်းနှီး မြုပ်နှံ မှု ဆိုသည်က

 

ကုန်သွယ်ရေး ကဲ့သို့ပင် နယ်ခြား ဖြတ်ကျော် ရင်းနှီးမြုပ်နှံမှုသည် ဆယ်စုနှစ် ပေါင်း များစွာ အတွင်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ယင်းနှင့် အတူ ကမ္ဘာ ဘဏ္ဍာရေး အကျပ်အတည်း ကြီး ဖြစ်မလာမည် သည် အထိ နိုင်ငံတကာ ငွေကြေး စီးဝင်မှု သည်လည်း သိသိသာသာ များပြားလာခဲ့သည်။ ထို့နောက်တွင်တော့ တုန့်နှေးသွားခဲ့သည်။

 

၁၉၇၀ မှ ၂၀၁၈ အတွင်း ပြည်ပ မှ တိုက်ရိုက် ရင်းနှီး မြုပ်နှံ မှု ပမာဏသည် အဆ တရာကျော် ထိ ဖြစ်လာခဲ့သည်။ ပြည်ပ တိုက်ရိုက် ရင်းနှီး မြုပ်နှံမှု ဆိုသည်က ပြည်ပ မှ နိုင်ငံ ထဲတွင် စက်ရုံ အလုပ်ရုံများ တည်ဆောက်ခြင်း၊ နိုင်ငံခြား ကုမ္ပဏီများကို ဝယ်ယူခြင်း များကို ဆိုလိုသည်။ ထိုလုပ်ငန်းစဉ်များသည် လက်တွေ့ တွင် ပွန်းတိုက်မှု များ ရှိလာသော်လည်း နှစ်ဖက် စလုံး အတွက် အကျိုးရှိသည် ကို တွေ့လာရသည်။

 

ရင်းနှီး မြုပ်နှံ မှု များ ကြောင့် နိုင်ငံခြားငွေ များ ဝင်ရောက် လာသည့် အပြင် လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးလာခဲ့သည်။ ရရှိထားသော သဘော တူညီချက် များ ပေါ် မူတည်ပြီး နိုင်ငံခြား ရင်းနှီး မြုပ်နှံသူများ အ‌နေဖြင့် ၎င်းတို့ အလိုရှိနေသည့် နည်းပညာ များ နှင့် ထိတွေ့ခွင့်လည်း ရရှိလာသည်။ 

 

ပြည်ပရင်းနှီးမြုပ်နှံ မှု များ ဖြင့် အရည်အသွေး ကောင်းသည့် ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ နိုင်သည်။ WTO သည် ပြည်ပ ရင်းနှီး မြုပ်နှံမှု များ အပေါ် စည်းမျဉ်း စည်းကမ်းများ ဖြင့် ထိန်းကျောင်းပေးမှု မျိုးတော့ မရှိပေ။ သို့သော် ရင်းနှီးမြုပ်နှံမှု သူများ၏ အခွင့်အရေး များ နှင့် အကျိုးစီးပွားကို ကာကွယ် ပေးမှုများ ထည့်သွင်းထားသည့် နိုင်ငံ ချင်း အလိုက် သော်၎င်း၊ နိုင်ငံ ပေါင်းစုံ နှင့် ၎င်း နမူနာ သဘောတူညီချက်များက ရှိထားနှင့်ပြီး ဖြစ်သည်။

 

အဓိက အရေးကြီး ‌ဆုံးက ရင်းနှီးမြုပ်နှံ မည့် နိုင်ငံ၏ ပြည်တွင်းရေး အခြေအနေ များ ပင် ဖြစ်သည်။ ၎င်းတို့ အနေဖြင့် ဝန်ထမ်းများ၏ လုံခြုံရေး၊ နိုင်ငံရေး တည်ငြိမ်မှု၊ ဥပဒေကြောင်းအရ အကာအကွယ် ပေးနိုင်မှု ရှိမရှိ အစရှိသည်တို့ အပေါ် ယုံကြည်စိတ်ချ နိုင်စွမ်း ရှိမရှိ အဓိကထား၍ ဆန်းစစ်ကြသည်။

 

ရင်းနှီးမြုပ်နှံသူ အများစု တွန့်ဆုပ်သွားစေသည်က နိုင်ငံတွင်း အကျင့်ပျက် ခြစားမှု များ ရှိနေခြင်း၊အစိုးရ ၏ ဝင်ရောက် စွက်ဖက်မှု ကင်းလွတ်သည့်ဗဟိုဘဏ် ရှိ မနေခြင်း၊ အခွန်နှုန်းထား မြင့်မား‌ နေခြင်း၊ နည်းပညာများ ခွဲဝေ အသုံးပြုခြင်း၊ လွှဲပြောင်းနိုင်ခြင်း နှင့် ထွက်ပေါ်လာသော အမြတ်‌ ငွေများအား ၎င်းတို့ နိုင်ငံများသို့ ပြန်လည် လွှဲ‌‌ ပြောင်း ပေးရေးတို့ တွင် ကန့်သတ်ထားမှု များ ရှိ‌ နေခြင်း တို့ ပင် ဖြစ်သည်။ ထို့အပြင် နိုင်ငံတွင်း ငှားရမ်း အသုံးပြုရမည့် အလုပ်သမား များ၏ ပညာရေး အဆင့်အတန်း နှင့် မည်မျထိ အခြေခံ အဆောက်အအုံများ အားကောင်းသည် ဆိုသည့် အပေါ်လည်း ထည့်သွင်းစဉ်းစားတတ်ကြသည်။

 

ပြည်ပ ရင်းနှီး မြုပ်နှံမှု များ လိုချင်သည့် နိုင်ငံများ အဖို့ ၎င်းတို့ထည့်သွင်းစဉ်းစားသည့် အထက်ပါ အချက် များ အပေါ် မူ တည် ပြီး ပြိုင်ဆိုင်ကြရသည်။

 

အချို့ အစိုးရများသည် အမျိုးသား လုံခြုံရေး အကြောင်းပြချက်များ နှင့် ပြည်ပ ရင်းနှီးမြုပ်နှံ မှု များကို ကန့်သတ်ထားမှု များ ရှိတတ်သည်။ ဤနေရာတွင် နိုင်ငံတွင်း အရေး ပါသော ကုမ္ပဏီ များ၊ စက်မှု လုပ်ငန်းများကို ပြည်ပ မှ ပိုင်ဆိုင်မည့် အရေး ကို ကာကွယ်ရန်၊ ဉာဏ်ရည် ဉာဏ်သွေး နှင့် တီထွင် ဖန်တီးမှု များ နှင့် နည်းပညာများကို ကာကွယ် နိုင်ရန် တို့ အတွက် ဖြစ်သည်။

 

အချို့အစိုးရများသည် ပြည်တွင်း ဘဏ္ဍာရေး ဈေးကွက် ဖရိုဖရဲ ဖြစ်ကျန်ရစ်မည်ကို စိုးရိမ်၍ ပြည်ပ ကုမ္ပဏီ များ နိုင်ငံ တွင်းမှ ရုတ်ခြည်း ထွက် မသွားနိုင်အောင် ကန့်သတ်ထားမှု များလည်း ရှိတတ်သည်။

 

ရှေ့ အလားအလာ

 

ကုန်သွယ်ရေး နှင့် ရင်းနှီးမြုပ်နှံမှု များသည် နှစ်ပေါင်း ခုနှစ်ဆယ် အကြာ ကာလ များ အတွင်း တိုးတက်မှု များ ရှိလာသည်။ ထိုသို့ များပြားလာသော ပမာဏ ကြောင့် ကမ္ဘာစီးပွားရေး တိုးတက်မှု ၏ ပြဒါးတိုင်ကြီး အလား ဖြစ်လာရသည်။

 

သို့သော် ရှေ့လျောက် ထိုသို့ တိုးတက်လာမှု ကို တားမြစ်လာမည့် အဟန့်အတားများသည် မလွဲမသွေ ပေါ်ပေါက်လာဦးမည် ဖြစ်ပြီး၊ ထိုအခါ တွင် ဖြေရှင်းဖို့ အရေးသည် ပို၍ ပင် ခက်ခဲလာမည်သာ ဖြစ်သည်။ သ‌ဘောတူညီချက် များ အတွက် အသစ် တဖန် ဆွေးနွေးရဦးမည် ဖြစ်သည့်အပြင် ယင်းအား လိုက်နာဖို့ ကိုလည်း ပြဋ္ဌာန်းချက်များ ထည့်သွင်းလာရမည် ဖြစ်သည်။

 

နောက်ထပ် ပြဿနာ တခု သည်ကား အထူးအဆန်းတော့ မဟုတ်၊ ပြည်ပမှ ဝင်ရောက်ယှဉ် ပြိုင်မှု များကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမားများကို မည်သို့ အကူအညီ ပေးရမည် ဆိုသည်ပင် ဖြစ်သည်။ အသစ် အသစ်သော နည်းပညာ များ ထွက်ပေါ်လာဦး မည် ဖြစ်၍ အလုပ်အကိုင်များ ယခုထက် ပို၍ ဆုံးရှုံးလာဖို့ ရှိနေသည်။

 

ထိုပြဿနာအား ဖြေရှင်း ဖို့ နည်းလမ်းသည်ကား အလုပ်သမားများကို တိုးတက်လာသော နည်းပညာ များ နှင့် အမှီလိုက်နိုင်ရန် သင်တန်းများ ပေးခြင်း၊ လက်တွေ့ ‌လေ့ကျင့်ပေးခြင်းများ ပြုလုပ်ပေးထားရမည် ဖြစ်သည်။

 

ယင်းသည် အပြောလွယ်သော်လည်း လက်တွေ့တွင် မည်မျှ အတိုင်းအတာ အထိ အကောင်အထည် ဖေါ် နိုင်မည် ဆိုသည်ကား စိန်ခေါ်မှု ကြီး အဖြစ် ဆက်ရှိ နေဦးမည်သာ ဖြစ်သည်။