ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်း

by Hla Soewai - Sep 16 2024

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာပြည်သူတို့ ကျားကုတ်ကျားခဲ ရုန်းကန် တိုက်ပွဲ ဝင်နေသည့် တော်လှန်ရေး၏ ပြယုဒ် အဖြစ် ကမ္ဘာစင်မြင့် ပေါ်တွင် ရပ်တည်နေသူ ဖြစ်သည်။

 

ယခုအခါ စစ်ကောင်စီသည် ၎င်းတို့၏ အ‌ယောင်ဆောင် မျက်နှာဖုံးကို ခွာချလိုက်ရပြီး ဖက်ဆစ် စစ်ဘီလူး ၏ အစွယ် တဖွေးဖွေး ပေါ်လာနေချိန်လည်း ဖြစ်၍ ဦးကျော်မိုးထွန်း၏ အနေ့အထားသည် မြန်မာပြည်သူ များ အတွက် သေရေးရှင်ရေး တမျှ အရေးပါလာရပြီ ဖြစ်သည်။

 

သို့သော် ဦးကျော်မိုးထွန်းသည် သံအမတ်ကြီး အဖြစ် ဆက်လက် ရပ်တည်ခွင့် ရနေသော်လည်း ကုလ၏ သံခင်းတမန်ခင်း လုပ်ထုံးလုပ်နည်းများ နှင့် သံတမန်ရေး ဆိုင်ရာ အခက်အခဲများ နှင့် အမြဲလို နပမ်းလုံးနေရသည်။

 

ဦးကျော်မိုးထွန်း အား ကုလ အထွေ‌ ထွေ ညီလာခံ စတင်မည့် စက်တင်ဘာ တတိယ ပတ် အတွင်း ကမ္ဘာခေါင်းဆောင်များ စုဝေး ရောက်ရှိလာခိုက်တွင် တက်ရောက်ခွင့် နှင့် မိန့်ခွန်းပြောဆိုခွင့် အမြဲလို ကန့်သတ်ခံထားရသည်။ ကုလ အထွေထွေ ညီလာခံ ပထမ အပတ် သည် တက်ရောက်လာသည့် နိုင်ငံ ခေါင်းဆောင်များ သည် မူဝါဒ ရေးရာ မိန့်ခွန်းများ ပြောဆိုကြသည့် အချိန် အပိုင်းအခြားလည်း ဖြစ်သည်။

 

သို့သော် အခြား ကုလ သမဂ္ဂ ဆွေးနွေးပွဲ များတွင် ပါဝင်ခွင့် ပေးထားသော်လည်း သိုသိုသိပ်သိပ် နေရန် အကြံပြုသည် ဆိုသော ကန့်သတ်ချက်မျိုး နှင့် ဖြစ်သည်။

 

နောက်ထပ် ရင်ဆိုင်ကျော်လွှားနေရသည်က ကုလ ၏ သံအမတ် ခန့်အပ်လွှာ အတည်ပြုပေးရသည့် လုပ်ငန်းစဉ် ပင် ဖြစ်သည်။ ကုလ အား တင်သွင်းရမည့် သံအမတ် ခန့်အပ်လွှာ အား သက်ဆိုင်ရာ နိုင်ငံ အကြီးအကဲ သို့ နိုင်ငံခြား‌ ရေး ဝန်ကြီးမှ လက်မှတ်ထိုးပေးရသည်။ လက်ရှိ ကုလသမဂ္ဂ တွင် မြန်မာ၏ နိုင်ငံ အကြီးအကဲ အဖြစ် သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ နှင့် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည် တို့ အမည် ပေါက်နေဆဲ ဖြစ်သည်။

 

၎င်းတို့၏ လက်မှတ်ရဖို့က မည်သို့မျှ မဖြစ်နိုင်၍ "သင့်တင်လျောက်ပတ်သော အချိန်" တွင် တင်ပြပါမည် ဟူသော မှတ်ချက်ဖြင့် ယာယီ သဘောဖြင့် ပေးပို့ နေရဆဲပင် ဖြစ်သည်။

 

ယခုလာမည့် အထွေထွေ ညီလာခံ သည် အထူး အရေးပါလာသည်၊ စစ်ကောင်စီသည် ဦးကျော်မိုးထွန်း အား ဖယ်ရှားနိုင်ရန် အပြင်းအထန် ကြိုးပမ်းလာဖွယ် ရှိနေသည်။ ၎င်းတို့ ရွေးကောက်ပွဲ ဖြင့် တရားဝင် ရပ်တည်ပိုင်ခွင့် ရရှိရန် နှင့် ကမ္ဘာစင်မြင့်တွင် မြန်မာ ပြည်သူတို့၏ အသံ ဆိတ်သုဉ်း သွားရန် သည် ၎င်းတို့ အတွက် အရေးတကြီး ဖြစ်လာသည်။

 

ကုလ ကိုယ်စားလှယ် ရွေးချယ်ရေး ကော်မတီသည် ဦးကျော်မိုးထွန်း၏ ဆက်လက် ရပ်တည် ပိုင်ခွင့် နှင့် နိုင်ငံတကာ အနေဖြင့် မြန်မာ အရေး အပေါ် ရပ်တည်ချက် ပိုမို ကျယ်ပြန့်လာမည် အပေါ် အ‌ဆုံးအဖြတ် ပေးတော့မည် ဖြစ်သည်။

 

ဦးကျော်မိုးထွန်း အား ပြယုဒ် သဖွယ် သဘောထားနေ၍ ကုလ မှ မြန်မာ အရေးအပေါ် အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုမှု များအားလည်း လစ်လျုရှု ခံနေရပြီး တနှစ်တခါ သက်တမ်းတိုးရန် အကြိတ်အနယ် ဆုံးဖြတ်ပေးခံနေရ၍လည်း အတတ်နိုင်ဆုံး အမှား မလုပ်မိအောင် သတိထားနေရသည်။

 

ထိုသို့ အခက်အခဲများ ရှိနေသော်လည်း ကုလ တွင် ဦးကျော်မိုးထွန်း၏ အခန်းကဏ္ဍသည် မြန်မာ ပြည်သူများ အတွက် လွန်စွာ မှ အရေးပါနေဆဲပင် ဖြစ်သည်။ ဦးကျော်မိုးထွန်းသည် လက်ရှိ ရင်ဆိုင်နေရ‌သော စစ်ဘေးရှောင် ဒုက္ခသည်များ၊ စစ်ကောင်စီ၏ တရားမဝင် စီးပွားရေး စီမံခန့်ခွဲနေမှုများ၊ မူးယစ်ဆေးဝါး နှင့် လူကုန်ကူးမှု များ ကို နိုင်ငံတကာ၏ အာရုံ စိုက်မှု ရစေရန် အမြဲလို တွန်းတွန်း တိုက်တိုက် လုပ်ဆောင်ပေးနေသူ ဖြစ်သည်။

 

ယခု အခါ ဖက်ဆစ်စစ်ဘီလူးများက တန်ပြန် ထိုးစစ် ဟု ဆိုကာ ပြည်သူများ အပေါ် ဗုံးကြဲ တိုက်ခိုက်မည်ဟုပင် ပြောင်ပြောင်တင်းတင်း ပြောဆိုလာနေပြီ ဖြစ်၍ ပို၍ပင် အရေးပါလာနေပြီ ဖြစ်သည်။

 

ဦးကျော်မိုးထွန်း ကုလ တွင် ဆက်ရှိနေခြင်းသည် စစ်ကောင်စီ အား နိုင်ငံတကာ ၏ အသိအမှတ် ပြုခြင်း ခံရဖို့ ငြင်းပယ်ခံနေရသည် နှင့် အတူတူပင် ဖြစ်ပြီး မြန်မာ ပြည်သူတို့၏ ဆန္ဒကို နိုင်ငံတကာ၏ ဆက်လက် ထောက်ခံမှု ကို ရရှိနေခြင်းလည်း ဖြစ်သည်။

 

ယခု တကြိမ် တွင် ဦးကျော်မိုးထွန်း အနေဖြင့် ကုလ တွင် ဆက်လက်ရပ်တည်ခွင့် ရှိယုံသာ မက အပြည့်အဝ ပါဝင်ခွင့် ရရန် အရေးသည် မဟာဗျူဟာ အရ မရှိမဖြစ် လိုအပ်လာပြီ ဖြစ်သည်။

 

ဦးကျော်မိုးထွန်း၏ အသံသည် ကုလ ခမ်းမကြီး တလျောက် ဟိန်းထွက်လာ‌နေသရွေ့ မြန်မာ ပြည်သူတို့၏ အသံကို နိုင်ငံတကာ မှ ဆက်၍ ကြားခွင့် ရနေမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

(၂၀၂၄ စက်တင်ဘာ ၆ ရက်နေ့ ထုတ် Eurasia Review စာစောင်တွင် ပါရှိသည့် James Shwe ၏ Our Ambassador, Myanmar's voice: the struggle to be heard at UN ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)