ယူကရိန်း စစ်မျက်နှာ မှာ ဒရုန်း နှင့် ရဟတ်ယာဉ် တို့၏ တိုက်ပွဲ

by Hla Soewai - Sep 16 2024

ယခုအခါ ယူကရိန်း တို့ ဈေးပေါပေါ နှင့် ထုတ်လုပ်နိုင်ခဲ့သော ဒရုန်း များသည် ရုရှား ၏ တန်ဖိုးကြီး စစ်လေယာဉ်များကို ကောင်းစွာ ဒုက္ခ ပေးလာနိုင်ပြီ ဖြစ်သည်။

 

ဇူလိုင် ၃၁ ရက်နေ့တွင် ရုရှား၏ Mi-8 သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် မီးလောင်ပျက်ကျသွားသည့် ဗီဒီယို ဖိုင်သည် ဆိုရှယ် မီဒီယာ များ ပေါ်တွင် တမဟုတ်ချင်း ပျံ့နှံ့လာခဲ့သည်။ ယူကရိန်းဖက်မှ ယခင်ကလည်း ရုရှား ရဟတ်ယာဉ် အများအပြားကို ပစ်ချထားခဲ့ပြီး ဖြစ်၍ အဘယ်ကြောင့် ယခု မှ အထူးအဆန်း ဖြစ်လာရသနည်းဟု မေးစရာ ရှိလာသည်။

 

ထိုသို့ ဖြစ်လာရသည်မှာ အဆိုပါ ရဟတ်ယာဉ် အား ယူကရိန်း ၏ ဈေးပေါပေါ နှင့် ထုတ်လုပ်ထားသော ဒရုန်း အသေးစားလေး ဖြင့် ပစ်ချနိုင်ခဲ့ မှု ကြောင့်ပင် ဖြစ်သည်။

 

နောက်ထပ် ရက်အနည်းငယ် အတွင်းမှာပင် Mi-28 ရဟတ်ယာဉ် တစင်းအား အလားတူ ဒရုန်းဖြင့် ပစ်ချခဲ့၍ အရေးပေါ် ဆင်းသက် ခဲ့ရသည် ကို ယူကရိန်း စစ်ဖက်မှ ဗီဒီယို ဖိုင် ဖြင့် ထုတ်လွှင့် ပြသခဲ့ပြန်သည်။

 

ဤသည်ကို ကြည့်ခြင်းအားဖြင့် ကံကောင်း၍လော၊ သို့မဟုတ်က လေကြောင်းတိုက်ပွဲတွင် ယူကရိန်းဖက်က အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ခြင်းပေလော။

 

စစ်ပွဲ တွင် ရုရှား၏ တိုက်ခိုက်ရေး ရဟတ်ယာဉ် များသည် အရေးပါသော အခန်းကဏ္ဍ မှ လှုပ်ရှားခဲ့ခြင်း မျိုး မရှိပေ။ ယူကရိန်း ၏ အပူလှိုင်း နောက် ခြေရာခံ ပစ်ခတ်နိုင်သည့် ပုခုံးထမ်း လောင်ချာ များကို ကြောက်၍ ရှေ့တန်းတွင် သုံးရန် ရှောင်ရှားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျည်ကွယ် မျက်ကွယ်မှ ပဲ့ထိန်း သို့မဟုတ် ပဲ့ထိန်းမပါသော တာဝေးပစ် ဒုံးကျည်များ ဖြင့် ကောင်းစွာ ဒုက္ခပေးနိုင်နေဆဲပင် ဖြစ်သည်။

 

ယခင်က ဒရုန်းများဖြင့် ရဟတ်ယာဉ် များကို ဖျက်ဆီးနိုင်ခဲ့သော်လည်း လွန်စွာ ရှားပါးသည့် ဖြစ်စဉ်မျိုးလည်း ဖြစ်သည်။ ယခု တိုက်ခိုက်မှု သည် First-Person-View (FPV) ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ FPV သည် လုပ်ငန်းသုံး၊ အပျော်ထမ်း ပြိုင်ပွဲဝင် ဒရုန်း အမျိုးအစားမှ တီထွင်လာခဲ့ခြင်း ဖြစ်သည်။

 

အလေးချိန်အားဖြင့် တကီလို ပင် မရှိ‌ သော FPV ဒရုန်းအား ဗုံးများတပ်ဆင်ကာ ကာမီကာဇေ အဖြစ် မြေပြင် ရှိ စစ်သုံးယာဉ် တန်းများ နှင့် ကြည်းတပ် ကို ထိထိရောက်ရောက် တိုက်ခိုက် နိုင်ခဲ့သည်။ ဇူလိုင်လ အတွင်း ပထမဆုံး အကြိမ် အဖြစ် ရဟတ်ယာဉ်ကို ပစ်ချ နိုင်ခဲ့ခြင်း ဖြစ်သည်။

 

ယခင်ကတည်းက ယူကရိန်းသည် FPV ဒရုန်းများဖြင့် ရုရှား ရဟတ်ယာဉ်များအား ချေမှုန်းရန် ကြိုးစားခဲ့သည်များ ရှိသော်လည်း မှီအောင် မလိုက်နိုင် ဖြစ်ခဲ့ရသည်။ FPV သည် တနာရီ ကီလိုမီတာ ၁၅၀ သာ သွားနိုင်ပြီး Mi-8 သည် ၂၄၀ အထိ ခရီးပေါက်သည်။ အဆိုပါ ယာဉ် များ တစီး ရှိရာ တစီး ဦးတည် ပျံသန်းလာခြင်း သို့မဟုတ် ရဟတ်ယာဉ် သည် အပေါ်မှ ဝဲပျံ နေသည့် အခါမျိုး တွင်သာ ထိအောင် ပစ်ခတ်နိုင်စွမ်း ရှိသည်။

 

ထို့အတွက် ရုရှား ရဟတ်ယာဉ်များ၏ လှုပ်ရှားမှု နှင့် ပတ်သက်သည့် ထောက်လှန်းရေး သတင်းများသည် ဒရုန်း များ အတွက် လွန်စွာ အရေးပါလာရသည်။ ယခုအခါ ယူကရိန်း အဖို့ ထိုသို့ ရရန် ဖြစ်နိုင်ခြေ များလာပြီ ဖြစ်သည်။

 

ဇူလိုင်လ မှ စ၍ ယူကရိန်းသည် ဆော့ဝဲယားများ ထည့်သွင်းထား‌ သော ဒရုန်း များဖြင့် ရုရှား လေကြောင်း ကာကွယ်ရေး နှင့် အခြား ဆင်ဆာ များမှ အချက်အလက်များကို ရယူနိုင်လာခဲ့ပြီး မည်သည့် နေရာ တွင် ကြားဖြတ် တိုက်ခိုက်နိုင်မည်ကို တွက်ထုတ်လာနိုင်ခဲ့သည်။ အော်ပရေတာ မှ တွက်ချက်ရယူထားသော လမ်းကြောင်းအတိုင်း ဒရုန်းကို လွှတ်တင်ပြီး မြင်ကွင်းထဲ ဝင်လာသည့် အခါ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

ဆိုရှယ် မီဒီယာ များ တွင် ယူကရိန်း ဒရုန်းများသည် ရုရှား၏ ထောက်လှန်းရေး ဒရုန်းများကို ကြားဖြတ် နိုင်ခဲ့သည့် ဗီဒီယို ဖိုင်များ တွေ့လာရသည်။ ယင်းသည် ထိုနည်းကို သုံးပြီး ပစ်ချ နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

ရဟတ်ယာဉ်များ တွင် ပါ‌သော အပူလှိုင်းနောက်သည့် ဒုံးကျည်များကို လမ်းလွှဲနိုင်သည့် မီးပန်းများသည် ဒရုန်းများ အတွက် အသုံးမဝင် ဖြစ်နေသည်။ တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် ၎င်းတို့တွင် တပ်ဆင်ထားသည့် အော်တိုမက်တစ် စက်သေနတ်များ နှင့် ပစ်ချနိုင်စွမ်း ရှိသည်။

 

အကယ်၍ ပိုင်းလော့သည် ကွေ့ကာ ဝိုက်ကာ ဖြင့် ရှောင်ရှားနိုင်ခဲ့ခြင်း၊ အရှိန် တဟုန်ထိုး တင်၍ မောင်းပြေးသွားခြင်း တို့ လုပ်နိုင်ခဲ့သည် ဆိုစေဦး ၎င်းတို့၏ မူလ မစ်ရှင်သည် ပျက်ပြားသွားခဲ့ရပြီ ဖြစ်သည်။

 

ဒရုန်း၏ ထူးခြားသော အားသာမှု သည် ‌ဒေါ်လာ ၅၀၀ ခန့်ဖြင့် ထုတ်လုပ်နိုင်ခြင်းပင် ဖြစ်သည်။ ဗော်လံတီယာ များက မီးဖိုချောင် စားပွဲ ပေါ်တွင်ပင် ဂဟေဆော်၍ ထုတ်နိုင်သည်။ 

 

ယူကရိန်း သည် ယခုနှစ် အတွင်း ထိုသို့သော ဒရုန်းများ အခု တသန်းအထိ ထုတ်လုပ်ရန် စီစဉ်ထားပြီး နောက်ထပ် တသန်းခန့်လည်း ပြည်ပမှ တင်သွင်းဦးမည် ဖြစ်သည်။

 

ပစ်မှတ်ကို တိုက်ခိုက်ရန် ဒရုန်းတစင်း စေလွှတ်လိုက်ခြင်းသည် အပူလှိုင်း နောက် ခြေရာခံ ပစ်ခတ်နိုင်သည့် ပုခုံးထမ်း လောင်ချာ များ သုံးရသည်ထက် ကုန်ကျစရိတ် သက်သာပေသည်။ အမေရိကန် လုပ် စတင်းဂျား လောင်ချာသည် တခုလျှင် ဒေါ်လာ ငါးသိန်း ခန့် တန်ကြေး ရှိသည်။ အကွာအဝေး အားဖြင့် ရှစ် ကီလိုမီတာ သာ သွားနိုင်ပြီး ပစ်မှတ်သည် မြင်ကွင်းထဲ ရောက်မှသာ ချိန်ရွယ် ပစ်ခတ်နိုင်သည်။

 

FPV ဒရုန်းသည် ကီလိုမီတာ နှစ်ဆယ် အထိ သွားနိုင်ပြီး ပစ်မှတ်ကို မမြင်ရသည့် တိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။

 

FPV ကိုသာ စတင်းဂျား ဒုံးကျည်များနှင့် တွဲ၍ သုံးနိုင်လာမည် ဆိုကာ ရုရှား ရဟတ်ယာဉ်များ အဖို့ ပြေးစရာ မြေရှိတော့မည် မဟုတ်ပေ။

 

ယခုအခါ ယူကရိန်း တို့သည် ရုရှား၏ ဒေါ်လာ ၁၈ သန်းတန် ရဟတ်ယာဉ် ကြီး မီးလောင် ပျက်စီးသွားသည်ကို ကြည့်ပြီး နှစ်ထောင်းအားရ ဖြစ်နေကြပြီ ဖြစ်သည်။

 

(၂၀၂၄ စက်တင်ဘာ ၄ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "The battle between drones and helicopters in Ukraine" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)