သံပုရာခွံ ဆောင်း ရန်နိုင်မင်း

by Hla Soewai - Sep 16 2024

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သံပုရာခွံ ဦးထုပ်ဆောင်ကာ စစ်ကဲကြီး အသွင်ယူ၍ တောင်ငူ၊ မန္တလေး၊ တောင်ကြီး၊ လွိုင်ကော်မြို့များရှိ တိုင်းစစ်ဌာနချုပ် ဆက်တိုက်သွားကာ ဆုံးရှုံးနယ်မြေများကို "ရန်နိုင်မင်း" စစ်ဆင်ရေး ဖြင့် ပြန်လည်ထိုးစစ်ဆင်မည်ဟု လက်သီးလက်မောင်း တန်းနေစဉ်တွင် အာရက္ခ တပ်တော်(AA) က ရခိုင်ပြည်နယ်ရှိ အရေးပါသည့် မောင် ရွှေလေး ရေတပ်စခန်းကြီးကို သိမ်းပိုက်လိုက်ကြောင်း တရားဝင်ကြေညာခဲ့သည်။

 

ထို့အတွက် နွေဦးတော်လှန်ရေးအတွင်း ကမ္ဘာကျော် ငပလီကမ်းခြေရှိ လေဆိပ်နှင့် ရေတပ်စခန်းကို ပထမဆုံး သိမ်းပိုက်နိုင်သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖြစ်လာသည်ဟု ဧရာဝတီက ရေးသားထားသည်။

 

ကြည်း‌ရေလေ ဘက်ပေါင်းစုံ မှ အဆိုပါ ရေတပ် ဌာန ချုပ် အား အပြင်းအထန် ခုခံ နေသည့်ကြားမှ သိမ်းယူ နိုင်ခဲ့သည်ကို ကြည့်က ထိုးစစ်ဆင်ဖို့ နေနေသာသာ ခံစစ်ကိုပင် မနိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု ‌သုံးသပ်ထားသည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် ယခင်က ကဒါဖီ လို အဖြစ်မျိုး ကြုံမည် စိုး၍ လူထု ကို တိုက်ခိုက်ရန် အနည်းငယ် တွန့်ဆုပ်နေပုံ ရသော်လည်း ယခု အခါ ရွေးကောက်ပွဲ ကို လုပ်ပေးမည် ဟူသော ကတိဖြင့် တရုတ်၏ ခြွင်းချက် မရှိ ထောက်ခံ မှု ကို ရရှိသွားပြီ ဖြစ်၍ နိုင်ငံ အနှံ့ လေကြောင်းမှ နေ၍ တပြိုင်တည်းလက်လွတ် စပယ် ဗုံးကြဲတိုက်ခိုက်လာပြီ ဖြစ်သည်။

 

အီဂေါ ဗလာစီဗစ် ကမူ တရုတ် အပြင် အိန္ဒိယ အထက်တန်း စစ်ဖက် အကြီးအကဲ တဦး ဖြစ်သည့် ဗိုလ်ချုပ် အာဂျေး ကူမာဆင်း ရောက်ရှိလာပြီး နံပတ် သုံး မောင်မောင်အေး နှင့် တွေ့ဆုံခဲ့မှု၊ စိုးမင်းဦး အား လာအိုတွင် ကျင်းပသည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီး များ အစည်းအဝေးသို့ တက်ခွင့် ပေးခဲ့မှု တို့ကို ထောက်ပြခဲ့သည်။

 

ထိုသို့ တရုတ်၊ အာဆီယံ နှင့် အိန္ဒိယ တို့က စစ်ကောင်စီ အဖို့ အဆုံးတွင် သေချာပေါက် ရှုံးနိမ့်မည့် စစ်ပွဲအား ရှည်ကြာသည်ထက် ရှည်ကြာအောင် ဆန့်ထုတ်ပေးနေခြင်းသာ ဖြစ်သည်ဟု ရှုတ်ချ ထားသည်။

 

ထို့ သို့ ရန်နိုင်မင်း၏ တိုက်ခိုက်မှု ကြောင့် ချင်း၊ ရှမ်း၊ ကရင်နီဒေသများ၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး ဒေသကြီးများတွင် ကလေးသူငယ်၊ သက်ကြီး ရွယ်အို များ အပါအဝင် ပြည်သူ အများအပြား အသက် ဆုံးရှုံးကုန်သည်။

 

တရုတ် နယ်စပ် နှင့် ကပ်နေသော နမ်ခမ်းမြိုကိုပင် ရဲရဲတင်းတင်း ဗုံးကြဲ တိုက်ခိုက်လာခဲ့သည်။

 

ရွေးကောက်ပွဲ လုပ်နိုင်က နိုင်ငံ အနှံ့ ငြိမ်းချမ်းသွားပေမည် ဟု တရုတ် ကွန်မြူနစ် ပါတီ ၏ တွေးခေါ်ပညာရှင်ကြီးများ က အဘယ်ကြောင့် များ ယူဆနေရသနည်း ဆိုသည်က ပဟေဠိ သဖွယ် ဖြစ်နေရဆဲပင် ဖြစ်သည်။

 

၎င်းတို့က တရုတ် ဖြစ်စေချင်သော ရွေးကောက်ပွဲ လုပ်ဖို့ ဆုံးရှုံးသွားသော နယ်မြေ အမြောက်အမြားကို ပြန်ရဖို့ လိုသည်ဟု အကြောင်းပြလာခဲ့သည်။ 

 

မင်းအောင်လှိုင်သည် လည်း တရုတ်မှ သုံးစားမရဟု ထင်မြင်လာနေသည်ကို ရိပ်စားမိလာ၍ စွန့်စွန့်စားစား နှင့် သံပုရာခွံ ဦးထုတ် ဆောင်းကာ လွိုင်ကော်သို့ ပင် ရောက်လာပြီး စစ်ဆင်ရေးများအား အနီးကပ် ကွပ်ကဲ သယောင် လုပ်လာခဲ့ရသည်။

 

သို့သော် နယ်မြေ များကို ပြန်၍ သိမ်းနိုင်ဖို့ ဆိုသည်က မြေပြင် စစ်အင်အား ကို သုံးနိုင်မှ ဖြစ်မည်၊ ယခု အခါ စစ်ပွဲ အတွေ့အကြုံ ရှိထားသော ၎င်းတို့ တပ်သားများလည်း တဖြေးဖြေး နှင့် ပြုတ်ပြုတ် ပြုန်းလာနေပြီး ကျန်နေသူများလည်း သုံးနှစ်လုံးလုံး တိုက်နေခိုက်နေရ၍ စစ်ပန်းနေပြီ ဖြစ်သည်။

 

ထို့အတွက် စစ်ကောင်စီသည် ဆိုက္ကား ဆရာပင် မကျန်အောင် စစ်ထဲ ဆွဲသွင်းရန် အတင်းအဓမ္မ လုပ်လာနေသည်။

 

ယာယီ သမ္မတကြီး ဒူဝါး လရှီးလ မှ စစ်ခေါင်းဆောင်များသည် ၎င်းတို့ အာဏာဆုပ်ကိုင်ထားနိုင်ရေး အတွက် ပြည်သူလူထု၏ အသက် နှင့် ခန္ဓာကို ကို စတေးပြီး အရင်းအနှီး ပြုလာနေသည်ဟု မှန်ကန်စွာ ထောက်ပြလာခဲ့သည်။ ၎င်းဦးဆောင်သော အမျိူသား ညီညွတ်ရေး အစိုးရမှလည်း စစ်ကောင်စီ အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာလိုက်ပြီလည်း ဖြစ်သည်။

 

မဟာဗျူဟာ နှင့် မူဝါဒ ရေးရာ အင်စတီကျူ မှ ဇူလိုင်လ အတွင်း ထုတ်ပြန်သော အစီရင်ခံစာတွင် နိုင်ငံတွင်း မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် ၂၃၃ မြို့နယ် တွင် အာဏာသိမ်းပြီးချိန်ကစ၍ ဖြစ်ပွားလာ‌သော တိုက်ပွဲ ဖြစ်စဉ် အကြိမ်ပေါင်းသည် ၁၄,၃၇၄ ကြိမ် ရှိသည်ဟု ပါရှိခဲ့သည်။

 

ဤသည်ကို ကြည့်မည် ဆိုက စိုးဝင်း ဦးဆောင်ကာ အောက်တိုဘာ ၁ ရက် ‌နေ့မှ စကောက်မည် ဆို‌သော သန်းကောင်စာရင်းသည် နိုင်ငံ၏ သုံးပုံ တပုံ ဖြစ်သော ဧရာဝတီ မြစ်ဝကျွန်း‌ ပေါ်၊ ရန်ကုန်၊ နေပြည်‌ တော် တဝိုက် လောက်တွင်သာ မနည်းကြိုးစားပြီး ကောက်ယူရမည် ဆိုသည် ကို ‌လေးတန်းကျောင်းသားပင် ကောင်းစွာ တွက်ချက် နားလည် နိုင်သည့် သဘာဝ လွန် လုပ်ရပ်ကြီးပင် ဖြစ်သည်။

 

ရန်ကုန်သည်ပင် စစ်ဘေးရှောင် စခန်း ဖြစ်လာနေပေပြီ။

 

မင်းအောင်လှိုင်သည် ရူးသွပ်နေသူ မဟုတ်က ၎င်းအား ပံ့ပိုးပေးရမည့် လူများ၏ အသက်ကို စတေး၍ တော်လှန်ရေး တပ်ဖွဲ့ များမှ လက်တုန့်ပြန်လာရန် မျှားခေါ်ခြင်း လည်း ဖြစ်နိုင်သည် ဆိုသည်အချက်ကို သတိကြီးစွာ ထား၍ ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်၊ ၎င်းအတွက် သန်းကောင်စာရင်း ကောက် နိုင်သည် ဖြစ်စေ၊ မကောက်နိုင်သည် ဖြစ်စေ အရေး မကြီး၊ PDF များ၏ အကြမ်းဖက် လုပ်ရပ်ကြောင့် လူ ဘယ်နှစ်ရောက် သေဆုံးသွားခဲ့ရသည်ဟု အရှက်မဲ့စွာ ကြေညာပြီး နာမည် ဖျက် နိုင် လျင်ပင် လုပ်ရကျိုး နပ်ပြီဟု ကောက်ကျစ်စွာ ယူဆထားသူ ဖြစ်သည်။

 

မန္တလေး အား ခရစ်စမတ် မတိုင်မီ သိမ်းပိုက်နိုင်ရေးအား တော်လှန်ရေး တပ်များက မဖြစ်မနေ လုပ်ဆောင်ရမည့် စစ်ရေး ရည်မှန်းချက်ကြီး အဖြစ် ချမှတ်လာပြီ ဖြစ်သည်။

 

ယခုအခါ ထောင်ပေါင်းများစွာ ရှိသော PDF နှင့် ERO တပ်များသည် မန္တလေး အရှေ့၊ တောင် နှင့် မြောက်ဖက် ဒေသများအား ပြီးခဲ့သည့် တလ ခန့်မှစ၍ တပ်ဖြန့် ဝိုင်းရံလာပြီ ဖြစ်သည်။ 

 

မန္တလေး အား ထီးထီးကြီး ကျန်နေရန် ပြင်ဦးလွင် နှင့် အဆက်အသွယ် ဖြတ်တောက်ထားနိုင်ရန် မြို့အနီးရှိ တောင်ခမ်း ခံတပ်ကို ထိန်းချုပ် နိုင်ရေး အတွက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိနေသည်။

 

စစ်ရေး လေ့လာသုံးသပ်နေသူ အချို့က လက်ရှိ အနေအထားတွင် မန္တလေး ကို သိမ်းမည် ဟန်ပြကာ နေပြည်တော်ကို ပင် လျပ်တပျက် ဝင်တိုက်ကောင်း တိုက်နိုင်သည် ဟူသော ခန့်မှန်းချက်များပင် ထွက်ပေါ်လာနေသည်။

 

မန္တလေး ကျသွားလျင်ပင် စစ်ကောင်စီ တပ်များသည် နိုင်ငံတကာ အမြင်တွင် သူပုန်များ ဘဝ ရောက်သွားတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!