အာရက္ခ တပ်မှုးချုပ် နှင် ဂျပန် သတင်းစာ တွေ့ဆုံ မေးမြန်း

by Hla Soewai - Sep 16 2024

အာရက္ခတပ်တော် AA သည် စစ်ကောင်စီ အား တွန်းလှန် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသား အဖွဲ့ များထဲ တွင် အအောင်မြင်ဆုံး လက်နက်ကိုင် အဖွဲ့အစည်း အဖြစ် ပါဝင်လာခဲ့သည်။ စစ်ရေးစီမံချက်အား အသေးစိတ် ရေးဆွဲပြီး နိုင်ငံတဝှမ်း ရှိ အလားတူ အဖွဲ့များ နှင့် မဟာမိတ် ပြုထားနိုင်ခဲ့မှု ကြောင့် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သော ၎င်းတို့၏ စစ်ဆင်ရေး သည် ကြောက်ခမန်းလိလိ အောင်မြင်လာခဲ့သည်။

 

လက်ရှိတွင် ချင်း နှင့် ရခိုင်ပြည်နယ် တကြောရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ် အနက် ၁၁ မြို့ကို သိမ်းယူထားနိုင်ခဲ့ပြီး ဖြစ်သည်၊ ယခုအခါ မောင်းတော နှင့် အခြား ဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိနေချိန်တွင် ဂျပန် အခြေစိုက် အွန်လိုင်း စာစောင် ဖြစ်သော The Diplomat ၏ ရက္ခိတ တပ်တော် တပ်မှုးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် နှင့် တွေ့ဆုံ မေးမြန်းထားသည့် ဆောင်းပါး သည် စက်တင်ဘာ ၆ ရက်နေ့ တွင် ပါရှိလာတာကို တင်ပြသွားပါမည်။

 

မေး - ရက္ခိတ တပ်တော် အနေနဲ့ ရခိုင် ပြည်နယ် တခုလုံး သိမ်းယူနိုင်ဖို့ ဘယ်လောက်ကြာကြာ အချိန်ယူဖို့ လိုပါလဲ။

 

ဖြေ - ဒီနေရာမှာ အချိန်ကာလ ဆိုတာထက် အခြေအနေပေါ် မူတည်တယ်လို့ ပြောချင်ပါတယ်၊ ဒီနေရာမှာ လုပ်ငန်းစဉ် အရ ရော မစ်ရှင် အရပါ တွဲပြီး ဖေါ်ဆောင်ရမှာ ဖြစ်ပါတယ်၊ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင် ရက္ခိတ နိုင်ငံ ပေါ်ပေါက်ရေးဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲ ရှိနေပါတယ်။ လက်ရှိလည်း မြို့ပေါင်း ၁၁ မြို့ ကို သိမ်းထားပြီး ဖြစ်လို့ ရှေ့လာမယ့် အပတ်တွေမှာလည်း မဟာဗျူဟာ ကျတဲ့ နေရာတွေ မှန်သမျှ ဆက်ပြီး တိုက်သွားမှာ ဖြစ်ပါတယ်၊ 

 

မေး - ဆယ်ငါးနှစ် အတွင်း အောင်မြင်လာမှု

 

ဖြေ - သက္ကရာဇ် ၁၇၈၄ မှာ မြောက်ဦး ကျဆုံးသွားမှု နဲ့ အတူ ရခိုင် ပြည်ရဲ့ အချုပ်အခြာ အာဏာ ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒိအချိန်ကတည်းက မျိုးဆက် အဆက်ဆက် အာရက္ခ တော်လှန်ရေး သမားတွေ စိတ်ထဲမှာ ရက္ခိတ ပြည်ကြီး လွတ်မြောက်ရမယ် ဆိုတဲ့ ခံယူချက် ကို တောက်လျောက် စွဲမြဲစွာ နှလုံးသွင်းထားကြပါတယ်။ အတိတ်က ကျရှုံးခဲ့မှုတွေက နေလည်း ကျွန်တော်တို့ သင်ခန်းစာ ယူနိုင်ခဲ့ပါတယ်။ အချိန် နှင့် အခြေအနေတွေသာ ပြောင်းလဲသွားပေမယ့် ကျွန်တော်တို့ ခံယူချက် တွေက တော့ သူတို့လိုပဲ ပြောင်းလဲ မသွားခဲ့ပါဘူး။

 

တော်လှန်‌ရေး ကာလတလျောက်လုံး ပြောင်းလဲလာတဲ့ ဘူမိနိုင်ငံရေး၊ ဒေသတွင်း နိုင်ငံရေး နဲ့ အမျိုးသား နိုင်ငံရေး အရ စိန်ခေါ်မှု အမျိုးမျိုးကို မဖြစ်မနေ ကျော်လွှားခဲ့ရပါတယ်။ တကယ်တမ်း အောင်မြင်ဖို့ ဆိုရင် ခေါင်းဆောင် နိုင်မှု၊ အဖွဲ့အစည်း ရဲ့ စွမ်းဆောင်နိုင်မှု၊ တမျိုးသားလုံး သွေးစည်းညီညွတ်မှု နဲ့ အကူအညီ ပေးလိုတဲ့ မဟာမိတ်တွေ၊ မိတ်ဆွေ ရှိထားဖို့ လိုပါတယ်၊ ပြဿနာတခုကို ပြင်ပကထက် ကျွန်တော်တို့ ဖာသာ ဖြေရှင်းနိုင်ဖို့ ဆိုတဲ့ အချက်ကို အမြဲ ဦးစားပေး ထားပါတယ်။

 

မေး - AA နဲ့ ULA အနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေး ရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်နေတယ်လို့ ခံယူထားပါသလား။

 

ကျွန်တော်တို့ မှာ ကိုယ်ပိုင် မျှော်မှန်းချက်၊ ရည်မှန်းထားချက်တွေနဲ့ ဖေါ်ဆောင်ရမယ့် တာဝန်တွေ ရှိနေပါတယ်။ မြန်မာပြည်သူ တွေ ၂၀၂၁ အာဏာသိမ်းခံရပြီးကတည်းက သူတို့ရဲ့ အခွင့်အရေး၊ ဂုဏ်သိက္ခာတွေ အတွက် ရဲရဲဝန့်ဝန့် တိုက်ပွဲဝင်နေတာတွေ ကို တွေ့ရလို့ ကျွန်တော် တို့ ကျေနပ်အားရမိပါတယ်၊ စစ်တပ်လက်အောက်က လွတ်မြောက်ဖို့ ကျွန်တော်တို့ အခု တိုက်ပွဲဝင်နေတာတွေကလည်း အပြန်အလှန် အကျိုးရှိတယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့လည်း ရက္ခိုင် ပြည်ကြီး လွတ်မြောက်ဖို့၊ ပြန်လည် တည်ဆောက်နိုင်ဖို့ ရုန်းကန်နေသလို မြန်မာပြည်သူတွေလည်း သူတို့ရဲ့ ရည်မှန်းချက် တွေ မြန်နိုင်သမျှ အမြန်ဆုံး အကောင်အထည် ဖေါ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

 

မေး - နွေဦး တော်လှန်ရေး ရဲ့ ရလဒ်တွေ ဘယ်လို ဖြစ်လာနိုင်လဲလို့ ထင်ပါသလဲ။

 

မြန်မာ တိုင်းရင်းသား အသီးသီးရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှု၊ မြဲမြံ တဲ့ ခံယူချက် တွေ ကြောင့် အခု လို ရလဒ်ကောင်းတွေ ထွက်ပေါ်လာနေတာလို့ ကျွန်တော်မြင်ပါတယ်။ စစ်ကောင်စီ ဟာ အရှုံး တွေ နဲ့ အတူ တဖြေးဖြေး ပိုပြီး အားပျော့ ချိနဲ့ လာနေတာကိုလည်း တွေ့နေရပါတယ်။ တဖက်မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင် တော်လှန်နေတဲ့ အဖွဲ့တွေ ဟာ တနေ့ပြီး တနေ့ ဆိုသလို အားကောင်းလာနေပါတယ်။ ဒီလို ပြောလို့ လာမယ့် ရက်အနည်းငယ် အတွင်း စစ်ကောင်စီ ကျရှုံးတော့မယ်လို့ ပြောတာမျိုးတော့ မဟုတ်ပါဘူး၊ ဒီလို ဖြစ်လာဖို့က ကျွန်တော်တို့ အချင်းချင်း အကြား သွေးစည်းညီညွတ်ကြဖို့၊ လုပ်ရည်ကိုင်ရည်နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆိုတာတွေ အပေါ် လုံးဝ မူတည်နေပါတယ်။

 

မေး - ရိုဟင်ဂျာ တွေ အပေါ် AA က ရက်စက်ကြမ်းကြုပ်စွာ ဆက်ဆံနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် ဘယ်လို မြင်ပါသလဲ။

 

ရက္ခိုင်ပြည်မှာ ကျွန်တော်တို့ အုပ်ချုပ်ရေး စတင်ထူထောင်ခဲ့ချိန်ကစပြီး ဒေသတွင်းမှာ ရှိ တဲ့ လူမျိုးစုတွေ အကြား လူမှုရေး အရ အစည်းကပ်ကြဖို့၊ အားလုံး ကို ညီညီမျှမျှ နဲ့ တန်းတူ ရည်တူ ထားပြီး ပွင့်လင်းမြင်သာစွာ အုပ်ချုပ်သွားဖို့ အဓိက ထား လုပ်ဆောင်ခဲ့ပါတယ်။ ULA လည်း အဆင့်အသီးသီး မှာ လူမျိုးစုဝင်တွေ အားလုံး ကိုယ်စားပြုထားတဲ့ အဖွဲ့ဝင်တွေ ချည်းပဲဆိုတာ တွေ့နိုင်ပါတယ်၊ ကျွန်တော် တို့ မစ်ရှင် ကတော့ အုပ်ချုပ်ရေး အဖွဲ့ တွေ မှာ လူနည်းစု ဝင်တွေ ပါဝင်လာဖို့ ပို အရေးကြီးတယ်လို့ ခံယူထားပြီး တရားသူကြီး၊ ရဲအဖွဲ့ဝင်တွေ ပါတီကေဒါ တွေကအစ အားလုံး ပါဝင်လာရမှာ ဖြစ်ပါတယ်။

 

ရခိုင်မှာ နေကြတဲ့ မူဆလင်တွေ နဲ့ ဆက်စပ်ပြီး ကျွန်တော်တို့မှာ အခြေအမြစ်မရှိ၊ ပုံပျက်ပန်းပျက် စွပ်စွဲချက်တွေ နဲ့ တဦး နဲ့ တဦး အကြား မယုံကြည်မှု တွေ ဖြစ်လာအောင် ပြောတာ လုပ်တာ မျိုး တွေ ရှိလာနေပါတယ်။ AA ဟာ ရှမ်းမြောက်၊ ကချင် နဲ့ မြန်မာ ပြည် တဝှမ်းမှာ စည်းကမ်းတကျ နဲ့ စနစ်တကျ ဖွဲ့စည်း ပြီး တိုက်ပွဲဝင်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အဲ့ဒီနေရာတွေမှာ ကျွန်တော်တို့ အခုလို စွပ်စွဲ ခံရတာမျိုး တွေ တခါဖူးမှ မရှိခဲ့ပါဘူး။

 

ရခိုင်မှာ ကျွန်တော်တို့ တော်လှန်ရေး စကတည်းက ဘယ်လူမျိုးစုကို မှ ပစ်မှတ်ထားခဲ့တာမျိုး မရှိခဲ့ပါဘူး။ မူဆလင်တွေ အများကြီး နေတဲ့ ဒေသတွေမှာလည်း ကျွန်တော်တို့ စစ်ဆင်ရေးတွေ လုပ်ခဲ့ပြီးပါပြီ၊ အဲ့ဒီ ဒေသတွေ မှာ မူဆလင်တွေ နဲ့ ကျွန်တော်တို့ ဆက်ဆံရေး ချောချောမွေ့မွေ့ ရှိခဲ့တယ် ဆိုတာလည်း လေ့လာသူတွေ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်၊

 

ဒါတွေကို ကြည့်မယ် ဆိုရင် ပြည်ပရောက် မူဆလင် အဖွဲ့ တွေ နဲ့ ဒီကိစ္စကို စိတ်ဝင်စားနေတဲ့ အုပ်စုတွေ ဖက်က စွပ်စွဲမှု တွေ ရှိနေပေမယ့် ရခိုင်မှာ ရှိတဲ့ မူဆလင်တွေ ရော၊ အခြား လူမျိုးစုတွေ အပေါ်မှာ ဘယ်လို မှ ရက်ရက်စက်စက် အကြမ်းဖက်စရာ အကြောင်း မရှိဘူး ဆိုတာ ကျွန်တော် အာမခံ နိုင်ပါတယ်၊ ကမ္ဘာပေါ်က အခြား စစ်တပ်တွေလိုပါပဲ စည်းကမ်းဖောက်တဲ့ လူတွေ အနည်းအကျဉ်း ရှိတတ်ပါတယ်၊ အဲ့ဒီအခါမှာလည်း ကျွန်တော်တို့ ဖက်က ပြင်းပြင်းထန်ထန် အရေးယူ ကိုင်တွယ်ခဲ့ပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ဒီလိုမျိုး ကျူးလွန်ခဲ့ပါတယ် ဆိုတဲ့ ယုံကြည်လောက်တဲ့ သက်သေ အထောက်အထား တွေ ပေးပို့လာရင် ကျွန်တော်တို့ အမြဲလို ကြိုဆိုပါတယ်၊ ဖြေရှင်းပေးသွားပါမယ်။

 

မေး - ဘင်္ဂလားဒေ့ရှ် က ရိုဟင်ဂျာတွေ ပြန်ခေါ်ဖို့ AA ကို ဖိအား ပေးလာမှု။

 

မူအား ဖြင့် တော့ ပြန် လက်ခံဖို့ ကျွန်တော်တို့ လိုလားပါတယ်။ အခြေအနေ ပေးလာလျင် ကိုယ့်သဘော ဆန္ဒ အလျောက် ဂုဏ်သိက္ခာ ရှိရှိ ဘေးကင်းစွာ နှင့် ပြန် လက်ခံသင့် နေပြီ ဖြစ်ပါတယ်။ ဒီလို ပုံစံမျိုး နဲ့ ပြန်လာခွင့် ရအောင် ဘင်္ဂလားဒေ့ရှ် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ဆန္ဒ ရှိပါတယ်။

 

တဖက်မှာလည်း တဖက်မှာ ရှိတဲ့ ဒုက္ခသည်တွေကြားမှာ နယ်ခြား ဖြတ်ကျော်ပြီး ရာဇဝတ်မှု ကျူးလွန်နေတဲ့ သူတွေ၊ အကြမ်းဖက်သမားတွေ၊ လူကုန်ကူးနေတဲ့ လူတွေ ရှိနေပါတယ်။ ဒါကြောင့် နယ်ခြား ဒေသ လုံခြုံရေး၊ တည်ငြိမ်မှု ရှိရေး၊ တရား ဥပဒေ စိုးမိုးရေး တွေကိုလည်း ဦးစားပေး ဆောင်ရွက်သွားရဖို့ ရှိနေပါတယ်။

 

အခုဆို မူဆလင် စစ်သွေးကြွ အဖွဲ့တွေ ဖြစ်တဲ့ ARSA, RSO, ARA အဖွဲ့တွေ သူတို့ လူမျိုးစုတွေ အကြား ရာဇဝတ်မှု တွေ၊ အကြမ်းဖက်မှု တွေ ကျုးလွန်နေကြတာတွေကို လေ့လာသူတွေ ကောင်းကောင်း မြင်နိုင်ပါတယ်၊ အထူးသဖြင့် နယ်ခြား မြို့တွေ ဖြစ်တဲ့ မောင်းတော နဲ့ ဘူးသီးတောင် မြို့ ဒေသခံ တွေကို အန္တရာယ်ပေး ခြိမ်းခြောက်လာနေပါတယ်။

 

ဒါထက် ပိုအရေးကြီးတွေက ARSA ဟာ ၎င်းတို့ အပေါ် ၂၀၁၇ က ရက်ရက်စက်စက် လုပ်ခဲ့ကြတဲ့ စစ်ကောင်စီ တပ်တွေနဲ့ တက်တက်ကြွကြွ ပြန် ပူးပေါင်းလာနေတဲ့ အတွက် ရခိုင် အမျိုးသား တွေရဲ့ လုံခြုံရေး အတွက် ပြဿနာ ဖြစ်လာပါတယ်။ အခုလည်း ဒီစစ်တပ်ပဲ အာဏာသိမ်းပြီး နောက် မြန်မာပြည်တဝှမ်း ဒီလိုပုံစံမျိုး ကျုးလွန်နေကြပါတယ်။ 

 

ဒါကြောင့်မို့ နိုင်ငံတကာ နဲ့ သက်ဆိုင်သူတွေ အားလုံး နယ်ခြားဒေသ လုံခြုံရေး၊ တည်ငြိမ်မှု ရှိရေး အတွက် ကျွန်တော်တို့ နဲ့ မဖြစ်မနေ ပူးပေါင်း ဆောင်ရွက်လာဖို့ လိုအပ်နေပါပြီ။

 

မေး - ရခိုင်ပြည် မှာ “ဘင်္ဂါလီ မူဆလင်” လို့ ခေါ်ဝေါ် ခံနေရတဲ့ ရိုဟင်ဂျာတွေ အပေါ် NUG ထားတဲ့ သဘောထား နဲ့ ကွဲလွဲနေတာ တွေ့ရတာ ဘာကြောင့်ပါလဲ။

 

ကျွန်တော်တို့က NUG ကို မြန်မာ နိုင်ငံရေး ကို ပိုမို ကောင်းမွန်တဲ့ လမ်းကြောင်း အပေါ် ရောက်ရှိဖို့ ပဲ့ကိုင်နေတဲ့ အဖွဲ့ အစည်းလို့ ရှုမြင်ထားပါတယ်။ ဒါပေမယ့် ရခိုင် ပြည် ရဲ့ နိုင်ငံရေး နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ အကြား သဘောကွဲလွဲမှု တွေ ရှိနေပါတယ်။ ဒါတွေကလည်း ခံယူချက် နဲ့ စိတ်ဝင်စားမှု တွေ ကွဲပြားနေတာ ကြောင့်ပါ။

 

ကျွန်တော်တို့ AA/ULA ဟာ ရခိုင် ပြည်သူတရပ်လုံးရဲ့ အပြည့်အဝ ထောက်ခံမှု တွေ ရရှိထားတဲ့ အပြင် နယ်မြေတွေလည်း ထိန်းချုပ်ထားနိုင်ပါတယ်။ ဒီပြဿနာ ကို ဖြေရှင်းရင်း ကျွန်တော်တို့ အတွက် အခွင့်အလန်းတွေ ပိုရလာနိုင်တယ် လို ကျွန်တော်တို့ ခံယူထားပါတယ်၊ ပိုပြီး အရေးကြီးတာက ဒီပြဿနာ နဲ့ ပတ်သက်ပြီး အရေးပါတဲ့ အပြောင်းအလဲ တွေ လုပ်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ဘယ်လို ထိခိုက်သွားနိုင်လဲ ဆိုတာပါပဲ၊ ဒါကြောင့်လည်း ကျွန်တော်တို့ ရဲ့ ခံယူချက် နဲ့ စိတ်ဝင်စားမှု တွေ မတူ ကွဲပြားနေတာကြောင့် မူဝါဒ ပိုင်းလည်း မတူညီတာတွေ ရှိလာတာပါ။

 

မေး - ULA အနေနဲ့ သီးခြား အုပ်ချုပ်ရေး အဖွဲ့ တည်ထောင်နိုင်ရေး နဲ့ ပတ်သက်ပြီး အချိန်ကာလ အပိုင်းအခြား

 

ကျွန်တော် တို့ ကျန်တဲ့ မြို့တွေ ဆက်ပြီး သိမ်းဖို့ ကျန်နေပါသေးတယ်၊ သိမ်းထားပြီး မြို့တွေမှာလည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ သယ်ယူ ပို့ဆောင်ရေး နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပိုင်းတွေ မှာ ပိုပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ် ဖြစ်အောင် စပြီး လုပ်နေပါပြီ၊

 

စစ်ရေး ဖက်မှာ အောင်ပွဲ ခံနေသလို အုပ်ချုပ်ရေး အရ လည်း အောင်မြင် ဖို့ လိုအပ်နေပါတယ်။

 

မေး - အုပ်ချုပ်ရေး က ဗဟို ချုပ်ကိုင်မှု လည်း၊ ဒါမှ မဟုတ်လည်း ဗဟို ချုပ်ကိုင်မှု ဖြေလျော့ တာမျိုး ဖြစ်မလား။

 

ULA ကပဲ တပြည်လုံး ကို ဦးဆောင်သွားမယ့် unitary state ပုံစံမျိုး ပဲ ဖြစ်ပါလိမ့်မယ်၊ ဒီအတွက် ပထမတော့ ဗဟိုချုပ်ကိုင်မှု ပုံစံနဲ့ သွားပြီး တဖြေးဖြေး အုပ်ချုပ်ရေး အဆင့် အသီးသီးကို တာဝန်ခွဲဝေပေးပြီး ဖြေလျော့ပေးသွားမှာပါ။

 

ကျွန်တော်တို့ ပြည်သူတွေ အားလုံး စီးပွားရေး တိုးတက်မှု ရဲ့ အသီးအပွင့်တွေ ခံစားနိုင်အောင် လူမှု ဖူလုံရေး ကို ဦးစားပေးမယ့် ပေါ်လစီ တွေ ချမှတ်သွားမှာ ဖြစ်ပါတယ်။

 

မေး - ရခိုင် မှာ ကောက်ပဲသီးနှံတွေ နဲ့ ဟင်းသီးဟင်းရွက် ကလွဲလို ကျန်တဲ့ ကုန်ပစ္စည်းတွေ အတော်ကို ပြတ်လတ်နေတာ ကို ကော ဘယ်လို ကိုင်တွယ်သွားဖို့ ရှိပါသလဲ။

 

ကျွန်တော်တို့ ပြည်သူတွေဟာ အင်မတန် မှာ ရဲရင်တဲ့ အပြင် ဒူပေတာပေ ခံနိုင်ရည် ရှိကြပါတယ်။ ရခိုင်မှာ စစ်ဖြစ်လာတာ ခြောက်နှစ်ထဲ ရောက်လာပြီ မို့ ပြည်သူတွေလည်း ကုန်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး အပြင် စစ်တပ်ရဲ့ ပိတ်ဆို့ ခံထားရတာတွေကြောင့် အတော်လေး ကျပ်တည်း နေကြပါတယ်။

 

အခုဆိုရင် ကျွန်တော်တို့ ရဲ့ ရခိုင်ပြည်ကြီး ပြန်ရတော့မှာမို့ အနာဂတ်ကို ပုံဖေါ်ဖို့ ကျွန်တော်တို့ တာဝန်ဖြစ်လာပါပြီ၊ ကျွန်တော်တို့ ပြည်သူတွေ အတွက် ယာယီ အားဖြင့် ဖူလုံနိုင်တဲ့ ဆန်တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါးတွေ ရှိနေတယ်၊

 

နိုင်ငံတကာ အနေနဲ့ အခုလို အရေးကြီးနေတဲ့ အချိန်မျိုး မှာ လူသားချင်း စာနာထောက်ထားမှု အပေါ် အခြေခံပြီး စိတ်ရင်းကောင်းနဲ့ ကျွန်တော်တို့ နဲ့ အတူ ရပ်တည်သွားဖို့ လိုပါတယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ နယ်ခြား ကုန်သွယ်ရေး တွေ တိုးမြှင့်သွားဖို့ လုပ်နေပါပြီ။

 

မေး - ပလက်ဝ ကို သိမ်းထားမှု အား ချင်းတော်လှန်ရေး အဖွဲ့များက ဆန့်ကျင်နေမှု

 

ပလက်ဝ ဟာ ကျွန်တော် တို့ ရခိုင် တွေ လက်လွှတ်ဆုံးရှုံး ခံလိုက်ရတဲ့ ဒေသ ဖြစ်ပါတယ်။ ဒီဒေသ ဟာ ရခိုင် ပြည်ရဲ့ အုပ်ချုပ်မှု အောက်မှာ နှစ်ပေါင်း ထောင်နဲ့ ချီပြီး ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ၁၇၈၄ မှာ ရခိုင် ထီးနန်း ဆုံးရှုံး သွားချိန်ကစပြီး ကျွန်တော်တို့ ကံကြမ္မာ ဟာ ကိုလိုနီပြု ဖိနှိပ်အုပ်ချုပ်သူတွေရဲ့ စေစားခြင်းကို ခံခဲ့ရပါတယ်။

 

မြန်မာ ဘုရင်တွေနဲ့ ဗြိတိသျှ ကိုလိုနီ လက်အောက်မှာကတည်းက ဒီဒေသဟာ ရခိုင်ရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးနောက်မှာ ဦးနု အစိုးရ က သူတို့ရဲ့ နိုင်ငံရေး အကျိုး ကို ကြည့်ပြီး ရခိုင် ပြည်သူတွေရဲ့ သဘောတူညီချက် မပါပဲ တဖက်သတ် ခွဲထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒါ‌တောင်မှ စစ်တပ်ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေထဲ ထည့်သွင်းထားဆဲပါ။

 

ပလက်ဝ ဒေသတွင်း ရှိတဲ့ အရေးပါတဲ့ ကုလားတန် စီမံကိန်းကိုလည်း ဒေသခံတွေ အတွက်သာ မက အိန္ဒိယ၊ ရခိုင် နဲ့ အခြား သက်ဆိုင်သူတွေ အားလုံး အကျိုးရှိအောင် ကျွန်တော်တို့ လုပ်သွားမှာ ဖြစ်ပါတယ်။

 

ဒီကြားထဲ ပလက်ဝ ကို အကြောင်းပြုပြီး အိမ်နီးချင်း ချင်းပြည်နယ် နဲ့ ကျွန်တော်တို့ ပြဿနာ မဖြစ်ချင်ပါဘူး။ “ချင်းညီနောင်” အဖွဲ့နဲ့ လည်း ညီရင်း အကို ဆက်ဆံရေး ပျိုးထောင်သွားဖို့ လုပ်နေတဲ့ အတွက် ဒီကိစ္စကို အေးအေး ချမ်းချမ်း နဲ့ ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်။

 

မေး - ရခိုင်ပြည်အတွက် ဘယ်လို အနာဂတ်မျိုး ရည်မှန်းထားပါလဲ၊ မြန်မာပြည်ရဲ့ တစိတ်တပိုင်း အဖြစ် ဆက်ရှိနေမှာလား။

 

ULA/AA ရဲ့ အဓိက ရည်မှန်းချက် ကတော့ ရခိုင်ပြည် နဲ့ ပြည်သူတွေ ရဲ့ ကိုယ်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့် ရဖို့ပါပဲ၊ ကွန်ဖက်ဒရိတ် ပုံစံမျိုး နဲ့ ရပ်တည်သွားမှာ ဖြစ်ပြီး မြန်မာ ထဲမှာ ရှိတဲ့ အခြား အစိုးရ အဖွဲ့ တွေ နဲ့ ဆက်ဆံရေး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ မြန်မာမှာ ရှိတဲ့ အဓိက ပါဝင်ပတ်သက်နေသူ တွေ အားလုံးလည်း ကျွန်တော်တို့ ရည်မှန်းချက်ကို လက်ခံ သွားမယ်လို့ မျှော်လင့်ပါတယ်။

 

ကျွန်တော်တို့ရဲ့ ပထမ ဦးစားပေးကတော့ ရခိုင်ကို ဒေသတွင်းမှာ ခိုင်မာတောင့်တင်းပြီး အချုပ်အခြာ အာဏာပိုင်စိုးမှု နဲ့ အတူ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးပြီး ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်သွားနိုင်ဖို့ ဖြစ်ပြီး ရခိုင် ပြည်အတွင်း နေထိုင်ကြသူ အားလုံး တန်းတူရည်တူ အခွင့်အရေး တွေ ကိုယ်စီ ကိုယ်ငှ ရဖို့ ဆက်ပြီး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!