On the road to Mandalay နောက်ကွယ်

by Hla Soewai - Sep 16 2024

ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့သည် လျပ်တပျက် အောင်ပွဲများ ဆက်တိုက်ဆိုသလို ရရှိလာနေပြီဟု အစချီကာ စက်တင်ဘာ ၅ ရက် နေ့ ကမ္ဘာထိတ်တန်း သတင်းစာ ကြီး ဖြစ်သော အီကော်နောမစ် တွင် ရေးသားလာသည်ကို ကောက်နှုတ် တင်ပြသွားပါမည်။

 

မြန်မာ ဘုရင်တို့ ထီးနန်းစိုက်ခဲ့ရာ မန္တလေး သည် စစ်ဒဏ် နှင့် ကင်းလွတ်လာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ရှိနေသည်။

 

သို့သော် စက်တင်ဘာ ၃ ရက် နေ့ အာရုံ မကျင်းမီ အချိန် တိတ်ဆိတ်ငြိမ်သက်မှု ကို ၁၀၇ မမ ဒုံးကျည် တစင်း ၏ မန္တလေး နန်းတော် အတွင်း အခြေစိုက်ထားသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဝင်း အတွင်း ထိမှန် ပေါက်ကွဲသံကြီးက ဖြိုခွင်းလိုက်ပြီ ဖြစ်သည်။

 

သို့သော် မန္တလေး နန်းတွင်းအား ထိုသို့ ပစ်ခတ်တိုက်ခိုက်လာမှု သည် တတိယ အကြိမ်လည်း ဖြစ်နေ၍ ဖြစ်ရိုး ဖြစ်စဉ် တခုလို ဖြစ်လာသည်။

 

မကြာသေးမီက ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့တွင် ပါဝင်သော အဖွဲ့ နှစ်ဖွဲ၏ ထိုးစစ် ဖြင့် စစ်ကြီးသည် မန္တလေး သို့ ဆိုင်းမဆင့် ဗုံမဆင့် ကူးစက်လာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် တရုတ် နှင့် မှောင်ရိပ်ခို ဆက်ဆံနေခြင်းဖြင့် အကျိုး အမြတ် ရှိနေသော အဖွဲ့ များလည်း ဖြစ်သည်။

 

မန္တလေးကို ပစ်ခတ်တိုက်ခိုက်ခဲ့သော ၁၀၇ မမ ဒုံးသည်လည်း တရုတ်ပြည် လုပ် လက်နက် မျိုး ဖြစ်ဖွယ် ရှိသည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ၏ ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှသည့် အောင်မြင်လာမှု များကို ကြည့်မည်ဆိုက ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း တရုတ်သည် အရေးပါဆုံး ဩဇာလွှမ်းမိုး နိုင်သော ပြည်ပ နိုင်ငံ တနိုင်ငံ ဖြစ်လာနေပြီ ဆိုသည်ကို ပြဆို နိုင်သော သက်သေသာဓက အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

သို့သော် ညီနောင်သုံးဖေါ်၏ တိုးတက်မှု အရှိန်အဟုန် ရလာခြင်းသည် ၎င်းတို့၏ အစွမ်းအစ ကြောင့် သာဖြစ်‌ နေ၍၊ တရုတ်သည် ယခု အခါ ဇက်သတ်၍ မရ ဖြစ်လာသည်။

 

ညီနောင်သုံးဖေါ် အဖွဲ့သည် အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် တသီးတခြားစီ ဖြစ်သည်၊ NUG နှင့် မဟာမိတ် များသည် ထိုင်း နယ်စပ် တလျောက် လှုပ်ရှားနေပြီး အနောက်အုပ်စု၏ ထောက်ခံမှု ကို မျှော်လင့်နေသော်လည်း အကူအညီဟူ၍ မဆိုသလောက်သာ ရရှိခဲ့၍ အောင်မြင်မှု များ ရဖို့ ယခုထထိ ရုန်းကန်နေရဆဲပင် ဖြစ်သည်။

 

ညီနောင် သုံးဖေါ် အဖွဲ့ဝင် ဖြစ်သော TNLA သည် ၁၀၂၇ ထိုးစစ်တွင် အရံ အဖြစ်သာ ပါဝင်ခဲ့သော်လည်း ယခု မန္တလေး ထိုးစစ်တွင် ရှေ့ဆုံးမှ ဦးဆောင်လာခဲ့သည်။ TNLA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲတွင် ထူးထူးခြားခြား မူးယစ်ဆေးဝါး အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည့် အဖွဲ့ ဖြစ်သည်။ ၎င်းတို့ ထိန်းချုပ် နယ်မြေများထဲတွင်လည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမည့် သတ္ထု တူးဖေါ်ရေး လုပ်ငန်းများကိုလည်း ပိတ်ပင်ခဲ့သည်။ ဤသို့ဖြင့် တအောင်း တိုင်းရင်းသားများ၏ ထောက်ခံမှု ကို ရရှိလာခဲ့သည်။

 

သို့သော် ၎င်းတို့၏ အုပ်ချုပ်ရေး ပုံစံသည် MNDAA ကဲ့သို့ပင် အာဏာရှင် ဆန်နေဆဲ ဖြစ်သည်။ ထိုအဖွဲ့ နှစ်ဖွဲ့သည် အာဏာမသိမ်းမီကပင် စစ်တပ်၏ ကြောက်စရာ ‌အကောင်းဆုံး ရန်သူများ အဖြစ် သတ်မှတ်ခံထားရပြီး ဖြစ်သည်၊ ၂၀၁၉ တွင် စစ်တက္ကသိုလ် ရှိရာ ပြင်ဦးလွင် မြို့ကိုပင် သတ္တိပြောင်မြောက်စွာဖြင့် ဒုံးကျည်များ နှင့် ပစ်ခတ်ခဲ့ကြသည်။

 

အာဏာ သိမ်းပြီး နောက်တွင်မူ အခြား အဖွဲ့များလို တော်လှန်ရေး တွင် မပါဝင်ပဲ စစ်တပ် နှင့် အလွတ်သဘော အပစ်ရပ်စဲလာခဲ့သည်။ ထို့အတွက်လည်း ၎င်းတို့ အဖို့ နယ်မြေ များကို တိုးချဲ့သိမ်းသွင်းလာနိုင်ခဲ့သည်။ သို့သော် မန္တလေး နှင့် နိုင်ငံ အလယ်ပိုင်း မှ ထွက်ပြေးလာသော ဗမာ အဖွဲ့များ အား တပ်ရင်း တပ်ဖွဲ့ များ အဖြစ် ဖွဲ့စည်း တည်ထောင်ပေး လာခဲ့သည်။ TNLA ၏ ပံ့ပိုးပေးမှုဖြင့် မန္တလေး PDF သည် စည်းကမ်းသေဝပ်သော တော်လှန်ရေး အဖွဲ့ အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

ဇွန်လ ၂၅ ရက် တွင် MNDAA, TNLA နှင့် မန္တလေး PDF တပ်များ ပူးပေါင်း၍ နောက်တကြိမ် ထိုးစစ်ကြီးကို ဆင်နွှဲလာခဲ့သည်။ ဩဂုတ်လ ၃ ရက် တွင် MNDAA သည် ရှမ်းပြည်နယ်၏ အချက်အခြာ ကျသော မြို့ကြီး ဖြစ်သည့် လားရှိုးကို သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာ သမိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များ အဖို့ ထိုမျှလောက် ကြီးမားသော အရွယ်အစားရှိ မြို့ကြီးမျိုး တခါဖူးမျှ သိမ်းယူ နိုင်ခဲ့ခြင်းမျိုး မရှိသေးသည့် အတွက်လည်း မြန်မာ စစ်တပ်သည် ပြိုလဲ လာနေပြီဟု လေ့လာသူများက စတင် ယူဆလာကြခြင်းလည်း ဖြစ်သည်။

 

MNDAA သည် လားရှိုး ကို သိမ်းယူ နေချိန်တွင် TNLA သည် မန္တလေး သို့ ချီတက်နိုင်ရန် အာရုံစိုက်လာခဲ့သည်။ ယခုအခါ ၎င်းတို့ လွန်ခဲ့သည့် ငါးနှစ်က အရဲစွန့် ပြီး ဒုံးကျည် နှင့် ပစ်ပြီး ပြန် ပြေး ခဲ့ရသည့် ပြင်ဦးလွင် နှင့် မလှမ်းမကမ်း ရှိ ဘန့်ဘွေးတွင် အခိုင်အမာ ခြေချလာနိုင်ပြီ ဖြစ်သည်။

 

TNLA သည် မန္တလေး PDF နှင့် အခြား ဗမာ တပ်များအားလည်း မန္တလေး မြောက်ဖက် ဒေသများသို့ စိမ့်ဝင်ထိုးဖောက်ရန် စေလွှတ်လာခဲ့သည်။

 

ညီနောင် သုံးဖေါ်သည် မန္တလေး နှင့် ပတ်သက်၍ မည်သို့ ရည်ရွယ်ချက် ရှိနေသည်ကို မူ သဲသဲကွဲကွဲ မသိရသေးပေ။ ယခင်က ၎င်းတို့သည် ရှမ်းပြည်နယ် အတွင်းရှိ ဒေသများလောက်သာ ထိန်းချုပ်ရန် စိတ်ဝင်းစားကြသူများ ဖြစ်ပြီး စစ်အာဏာသိမ်း အဖွဲ့ အား ဖြုတ်ချပစ်ရန် အထိရည်ရွယ်ထားပုံ မရဟုယူဆခံထားရသူ များ ဖြစ်သည်။ 

 

ယခုအခါ မန္တလေးကိုပင် သိမ်းယူရန် ကြိုးစားလာပြီ ဖြစ်၍ တော်လှန်ရေး နှင့် တသွေးတည်း တသားတည်း ဖြစ်လာနေပြီဟု ပြောဆိုမှုများ ရှိလာခဲ့သည်။

 

နှစ်ဖွဲ့စလုံးက အာဏာသိမ်း အဖွဲ့ ပြုတ်ကျသွားမည့် အလားအလာများ တွေ့လာနေရ၍ ထိုသို့ ဖြစ်က ထိန်းမနိုင် သိမ်းမရ ဖြစ်သွားမည်ကို စိုးရိမ်နေခြင်းကြောင့် ဆိုသည်က ပို၍ ဖြစ် နိုင် ဖွယ် ရှိနေသည်။ ထိုအနေအထား ရောက်လာလျှင် ၎င်းတို့သည် အခြေအနေ ကို ထိန်းချုပ် ထားနိုင်သည့် အင်အား အတောင့်တင်းဆုံးအဖွဲ့ အဖြစ် ရပ်တည်ချင် ပေ လိမ့်မည်။

 

TNLA သည် မန္တလေး ကို ဝင်တိုက်ဖို့ ဆုံးဖြတ်လာလျှင် ပြင်ဦးလွင် ကို ဖြတ်ရပေမည်။ ထိုသို့ တိုက်ခိုက်လာမည့် အရေး ကို မြို့နေ လူထု အကြား စိုးရိမ်မှု များ မြင့်တက်လာနေသည်။ ဩဂုတ်လ အတွင်း ပြင်ဦးလွင်မှ လွတ်ရာလွတ်ကြောင်း ထွက်ပြေးလာသည့် ကားတန်းကြီးကို တမျှော်တခေါ်ကြီး တွေ့လာခဲ့ရသည်။

 

ပြင်ဦးလွင် သာ TNLA လက်သို့ ကျသွားမည် ဆိုက စစ်ခေါင်းဆောင်များ အတွက် ဂုဏ်ယူ ဖွယ်ရာ အထိမ်း အမှတ် အဖြစ် သဘောထားနေသည့် မြိုဖြစ်သည်သာမက ၎င်းတို့ ပိုင် အိမ် များလည်း ရှိနေ၍ အပြင်းအထန် ခုခံလာမှု နှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။

 

TNLA ဖက်ကလည်း တနှစ်ပတ်လုံး နီးပါး တိုက်လာရ၍ စစ်ပန်းနေပြီး တပ်များကို ပြန်လည် စုစည်းဖို့ ခဏ ရပ်ရန် ဆုံးဖြတ်ထားပုံ ရှိသည်။ ထိုအတောအတွင်း တဖက်ကလည်း မန္တလေး PDF တပ်များအား မန္တလေး ကို ဒုံးကျည်များနှင့် ပစ်ခတ်ဖို့ အထိ တွန်းအား ပေး လာခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

 

ညီနောင်သုံးဖေါ်ကို သုံး၍ အာဏာသိမ်း အဖွဲ့ကို သင်ခန်းစာ ပေးခဲ့သော တရုတ်သည် ယခုအခါ ကိုယ့်ဇာတ် ကိုယ် မနိုင် ဖြစ်လာခဲ့သည်။ တရုတ်သည် စစ်ခေါင်းဆောင်များ ကို မကျေနပ်သော်လည်း ၎င်းတို့ နေရာတွင် ဒီမိုကရေစီ အင်အားစု များ နေရာယူလာမည် အရေးကိုမူ လိုလားခြင်း မရှိပေ။

 

မကြာသေးမီ က ယူနန်တွင် နောက်ဆုံး အကြိမ် အပစ်ရပ်ရန် ဆွေး‌နွေးပွဲ စီစဉ် ပေးခဲ့မှုသည်လည်း အရာမထင်ခဲ့ပေ၊ လောက်ကိုင် အား ဓါတ်အား ဖြတ်တောက်ခြင်း၊ ညီနောင် မဟာမိတ်များ အတွက် ဝင်ငွေရရာ ရကြောင်း ဖြစ်သည့် နယ်ခြား ကုန်သွယ်ရေး ဂိတ်များ ပိတ်ပစ်ခြင်းများ လုပ်လာခဲ့သော်လည်း အကျိုး ထူး မလာခဲ့။

 

နောက်ထပ် တဆင့်တက်ကာ တရုတ် စစ်တပ်သည် နယ်စပ် ဒေသတွင် ကျည်အစစ်များ သုံး၍ စစ်ရေး လေ့ကျင့်သည် ဆိုကာ အင်အားပြ ခြိမ်းခြောက်လာခဲ့ပြန်သည်။ တရုတ် အစိုးရသည် ကြားခံ အဖွဲ့တဖွဲ့ကို သုံး၍ TNLA အား အပစ်ရပ်ပြီး ဆွေးနွေးပွဲ စားပွဲ ဝိုင်းသို့ ပြန်လာရန် တောင်းဆိုခဲ့မှု သည်လည်း ပေါက်ကြားသွားခဲ့သည်။

 

သို့သော် ညီနောင် သုံးဖေါ်သည် အောင်ပွဲ များ ဆက်တိုက်ဆိုသလို ရရှိလာနေသည့် အတွက် ၎င်းတို့ ဆရာသမားဟောင်း၏ စကားကို နားထောင်ရန် စိတ်ကူး မရှိကြတော့။

 

တရုတ်၏ ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ အပေါ် ချုပ်ကိုင်ထားနိုင်စွမ်း လျော့နည်းလာပြီး ရှေ့သို့ တိုး၍ တိုက်ခိုက်လာနေမှု သည် အနောက်နိုင်ငံများ အတွက် မြန်မာ တွင် ပိုမို ကြီးမား‌ သော အခန်းကဏ္ဍ မှ ပါဝင်လာနိုင်ရန် တံခါးဖွင့် ပေးသလို ဖြစ်လာနေသည်။

 

ညီနောင်သုံးဖေါ် အဖွဲ့သည် ၎င်းတို့ ဒေသ အသီးသီး မှ ဖောက်ထွက်လာသည် အခါ တွင်တော့ ၎င်းတို့၏ အုပ်ချုပ်ရေး အား ဒေသတွင်းရှိ အမျိုးမျိုး ကွဲပြား‌ စွာ ရှိနေသော တိုင်းရင်းသား လူမျိုး များမှ တရားဝင် အဖြစ် အသိအမှတ် ပြုလာစေရန် ဒီမိုကရေစီ အဖွဲ့များ နှင့် ဆွေးနွေးရတော့မည် ဖြစ်သည်။

 

၎င်းတို့ တိုးချဲ့ သိမ်းပိုက်လာသော နယ်မြေ သစ်များ ရှိ အများစုသည် တရုတ်စကားပြော MNDAA နှင့် ၎င်းတို့ နှင့် တသီးတခြားလို ဖြစ်နေသည့် တအောင်း အမျိူးသားရေး ဝါဒီ များကို အပြင်လူ များ အဖြစ် မှတ်ယူထားကြသည်။ တဖက်တွင် NUG ကိုမူ ၎င်းတို့ကို ပို၍ ကိုယ်စားပြု နိုင်သည်ဟု လက်ခံထားသည်။

 

မန္တလေး သည် လူဦးရေ ၁.၅ သန်းခန့်ရှိပြီး လူမျိုးပေါင်းစုံ နေထိုင်ရာ မြို့ကြီး ဖြစ်နေ၍ ညီနောင် သုံးဖေါ် အဖွဲ့ အနေဖြင့် အုပ်ချုပ်ဖို့ အခက်အခဲများ ရှိလာနိုင်သည်။

 

အနောက်တိုင်း အစိုးရများသည် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများကို NUG အား တိုက်ရိုက်ပေးရန် တွန့်ဆုတ်နေကြသည်။ ထိုကဲ့သို့ အကူအညီ များ အား နိုင်ငံရေး အရ အသုံးချ လာပါက လိုက်နာရမည့် နိုင်ငံတကာ စံနှုန်းများ နှင့် ကန္တကောစ ဖြစ်သွားမည့် အရေးကို စိုးရွံ့နေကြ၍ ဖြစ်သည်။

 

ထို့အတွက် လွတ်မြောက်ဒေသများကို အုပ်ချုပ်ရန် အရင်းအမြစ်များ မလုံ မလောက် ဖြစ်လာသည့် ပြဿနာ နှင့် ရင်ဆိုင်နေရသည့် အပြင် ၎င်းတို့ ကိုယ်တိုင်လည်း တိုက်ပွဲများနှင့် နပမ်းလုံးနေရ၍ ဒယီးဒယိုင် ဖြစ်နေကြသည်။

 

အကယ်၍ အနောက်တိုင်း အစိုးရများသည်သာ ၎င်းတို့၏ စိုးရိမ်မကင်း ဖြစ်နေမှု များကို ဘေးချိတ်ထားနိုင်ခဲ့မည် ဆိုလျင် NUG သည် ထိုဒေသများ၏ အနာဂတ် အရေး အတွက် ညီနောင်သုံးဖေါ် အဖွဲ့နှင့် ဆွေးနွေးနိုင်ဖို့ ယခုထက် ပို၍ လုပ်လာနိုင်မည် ဖြစ်သည်။

 

ဒေသ ခံ လူထု လည်း ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။ NUG သည် ညီနောင်သုံးဖေါ် အဖွဲ့ထက်စာလျင် ပို၍ တာဝန်သိသိ အုပ်ချုပ် နိုင်မည် ဖြစ်သည်။ နိုင်ငံ အတွင်း အာဏာချိန်ခွင်လျှာ သည်လည်း တရုတ်ဖက် ယိမ်းနေရာမှ အနောက် သို့ ရွေ့လာမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!