တော်လှန်ရေး တပ်များ မန္တလေး ကို ထိုးဖောက်ပြီ

by Hla Soewai - Sep 05 2024

ပြည်သူ ကာကွယ်‌ ရေး တပ်များသည် မန္တလေး တိုင်း မြောက်ဖက် ဒေသ များကို သိမ်းယူ ပြီးနောက် အရေးကြီးဆုံး ရည်မှန်းချက် ဖြစ်သည့် မန္တလေး ကို ဝိုင်းပတ် ပိတ်ဆို့က စိမ့်ဝင် ထိုးဖောက် လာကြပြီ ဖြစ်သည်။

 

စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဝင်း အတွင်းအား ဒရုန်းများ၊ ရှော့တိုက် ဒုံး တဒါဇင်ခန့်ဖြင့် စက်တင်ဘာ နံနက် အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

 

တော်လှန်ရေး တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦး၊ အရာရှိ ၃ ဦး အပါအ၀င် ၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

မန္တလေးကို သိမ်းနိုင်ပြီ ‌ဆိုက မင်းအောင်လှိုင်သည် ဆက်ဒမ် နှင့် ကဒါီဖီ တို့ နမူနာ ရှိထား၍ မိုက်ရူးရဲမည့် သူ မဟုတ်လောက်ဟု ယူဆရသည်။

 

စစ်ရေးသုတေသီ များကတော့ စစ်ကောင်စီ ခံတပ်မြို့ဖြစ်သည့် ပြင်ဦးလွင် ကို အရင် သိမ်းနိုင်မှ ဖြစ်မည်ဟု ထောက်ပြကြောင်း ဧရာဝတီ တွင် ရေးသားထားသည်။ သို့မဟုတ်က ပြင်ဦးလွင်မှ စစ်ကူများ ရောက်လာပြီး မန္တလေး တွင် ညှပ်ပူးညှပ်ပိတ် အတိုက်ခံရနိုင်သည်ဟု ဆိုသည်။

 

TNLA နှင့် မန္တလေး PDF ပူးပေါင်တပ်များသည် ပြင်ဦးလွင် မှ ကားလမ်းဖြင့် တနာရီသာ ကွာဝေးသည့် နောင်ချို နှင့် ကျောက်မဲ ကို ထိန်းချုပ်ထား နိုင်ခဲ့၍ ပြင်ဦးလွင်မှ တပ်မိသားစု များ ထွက်ပြေးကုန်သည်သိရသည်။

 

မန္တလေး တွင် စစ်ကောင်စီ တပ်စခန်းများစွာ ရှိနေပြီး အသည်းအသန် ကာကွယ်နိုင်ရန် ခံစစ်ကို အခိုင်အမာ တည်ဆောက်ထားသော်လည်း တကယ်တမ်း ရင်ဆိုင် တိုက်ပွဲ ဖြစ်လာက မည်မျှ အတိုင်းအတာ အထိ ခုခံမည်ကို စောင့်ကြည့်ကြရမည်သာ ဖြစ်သည်။

 

ယခုအခါ လားရှိူးကို လက်လွှတ်လိုက်ရပြီး နောက်အကျပ် ဆိုက်လာသော စစ်ကောင်စီသည် အသက် ၃၅-၆၅ ရှိ နိုင်ငံသားများအား မြို့လုံခြုံရေး ဆိုကာ ကင်းလှည့်၊ ကင်းစောင့်ခိုင်းရန် စီစဉ်နေပြီ ဖြစ်သည်။

 

မန္တလေး PDF နှင့် ပူးပေါင်း တပ်ဖွဲ့များသည် မြို့တော် မြောက်ဖက်ရှိ လေကြောင်း ကာကွယ်ရေး အမြှောက် တပ်ရင်း အပါအဝင် စခန်းပေါင်း ၃၅ ခု ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

 

စစ်ကောင်စီ သည် တဖက်ကလည်း တရုတ်၏ စီးပွားရေး လုပ်ငန်းများ ထိခိုက်လာမည်နှင့် အတူ ၎င်းတို့အပေါ် အယုံအကြည်မဲ့လာမည့် အရေးကို အလွန်အမင်း စိုးရိမ်လာသည်။ တရုတ်သည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ အဓိက ထားသူများ ဖြစ်၍ မည်သူ နှင့် မဆို ပူးပေါင်းရန် အသင့် ရှိနေသည်ကိုလည်း ကောင်းစွာ ရိပ်စားမိပြီး ဖြစ်သည်။

 

ယမန်နေ့က အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ အား လမ်းစဖြတ်လိုက်သည့် သဘောဖြင့် စစ်ကောင်စီသည် မြောက်ပိုင်း ညီနောင် မဟာမိတ် သုံးဖဖွဲ့ အား အကြမ်းဖက် အဖွဲ့အစည်းများ အဖြစ် ကြေညာလိုက်ပြီ ဖြစ်သည်၊ ၎င်းတို့ ထိုသို့ လုပ်ရဲလာခြင်းမှာ ဘီဂျင်းသည် ၎င်းတို့ဖက်က လုံးဝ ရပ်တည်သွားမည်ဟု အာမခံချက် ရရှိထားသောကြောင့်လည်း ဖြစ်နိုင်စရာ ရှိနေသည်။

 

မကြာမီ က ရွှေလီ လုံခြုံရေး ကော်မတီမှ TNLA အား ပေးပို့လာသော ခြိမ်းခြောက်စာနှင့် ပတ်သက်ပြီး AFP သတင်းထောက်၏ အမေးအား တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်မှ ငြင်းဆိုခြင်းလည်း မပြု၊ အတည်ပြုခြင်းလည်း မပြုပဲ ဝေ့လည့် ကြောင်ပတ် ပြောဆိုသွားသည်၊ သို့သော် အွန်လိုင်း ပေါ်တွင်တော့ ဘီဂျင်းမှ လူထု တော်လှန်ရေး အား ဖျက်လို ဖျက်ဆီး လုပ်လိုသည့် သဘောဖြင့် အနိုင်ကျင့် ခြိမ်းခြောက်မှု ကို ပြည်သူများ၏ ပြင်းပြင်းထန်ထန် ရှုတ်ချ ဝေဖန်သံများ ပွက်လော ရိုက်သွားခဲ့သည်။

 

ဘီဂျင်းသည် စစ်တပ် အုပ်ချုပ်နေသရွေ့ နိုင်ငံရေး တည်ငြိမ်မှု မရှိမည်ကို ကောင်းစွာ သိထားပြီး ဖြစ်သော်လည်း ဗိုလ်သန်းရွှေ ခေတ် အနေအထားမျိုး ပြန် ရောက်‌ အောင် လုပ်‌ ပေး နိုင်လျင်ပင် ၎င်တို့ ချယ်လှယ်ခြင်သလို ချယ်လှယ်၍ ရမည်ဟု တွက်ဆထားဟန် ရှိသည်။

 

တရုတ်၏ လက်ရှိ ရင်းနှီးမြုပ်နှံမှု များသည် ဒေါ်လာ ၂၂ ဘီလီယံ အထိ တန်ကြေးရှိလာနေပြီး ပြည်ပ ရင်းနှီး မြုပ်နှံမှု စုစုပေါင်း၏ လေးပုံ တပုံ ခန့် ရှိသည်ဟု အိန္ဒိယ သတင်းစာများ တွင် ရေးသားထားသည်။ မြန်မာ ၏ သန်းကောင်စာရင်း နှင့် ရွေးကောက်ပွဲ အတွက် ကုန်ကျငွေ များကို အတိုးမဲ့ ချေးမည်ဟု ဝမ်ယီက ပြောလာသည်မှာလည်း အံ့ဩဖွယ်ရာတော့ မဟုတ်ပေ။ ၎င်းတို့ အဖို့က "money, money, money" ဖြစ်နေသည်။

 

နယူးဒေလီကတော့ ခြံစည်းရိုး ကာရုံ လောက်နှင့် ကျေနပ်နေသည်ဟု အိန္ဒိယ သတင်းစားများက ၎င်းတို့ အစိုးရ အပေါ် အားမလို အားမရ ရေးသားကြပြန် သည်။

 

သို့သော်လည်း တရုတ် သံအမတ် မာကျား နှင့် စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီး တွေ့ဆုံပြီးနောက်တွင် အိန္ဒိယ သည် အားကျမခံ အမျိုးသား ကာကွယ်ရေး ကောလိပ်၏ အုပ်ချုပ်ရေးပိုင်းမှ ဗိုလ်ချုပ် အဆင့်ရှိသူ တဦးကို လက်ရှိ အာဏာသိမ်း အဖွဲ့၏ တတိယ ခေါင်းဆောင် မောင်မောင် အေး နှင့် တွေ့ဆုံရန် စေလွှတ်လာသည်။

 

ထိုသို့ အိမ်နီးချင်းက ၎င်းတို့ ရေတို အကျိုးစီးပွား လောက်သာ ကြည့်ပြီး အာဏာသိမ်း အဖွဲ့ကို မြှောက်ထိုးပင့်ကော် လုပ်နေကြချိန်တွင် ကမ္ဘာကြီးက‌ တော့ မြန်မာ့အရေး အား တခါဖူးမျှ ဖြေရှင်းနိုင်စွမ်း မရှိခဲ့သည့် အာဆီယံကိုသာ လွှဲချ နေဆဲ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!