သန်းကောင်ယံ စာရင်း

by Hla Soewai - Sep 05 2024

စစ်ကောင်စီသည် အသက် ၁၈ မှ ၃၅ အောက် အမျိုးသားများကို နယ်စပ်ဂိတ်ပေါက်များမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခြင်းကို ယနေ့ (စက်တင်ဘာ ၂) မှစတင်ပြီး ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရှိရကြောင်း မြန်မာ နောင်း သတင်း တွင် ဖေါ်ပြလာသည်။

 

၅၅ သန်းသော ပြည်သူများသည် ရုန့်ရင်း ကြမ်းတမ်းလှသည့် ဖက်စစ် အုပ်ချုပ်ရေး အောက်တွင် တခါဖူးမျှ မကြုံဖူးခဲ့သော ဝရုန်းသုံးကာ ဘဝ တွင် ရုန်းကန် ‌နေကြရပြီး လွတ်လပ်စွာ သွားလာခွင့် ‌ဆိုသည့် မွေးရာပါ လူ့အခွင့် အရေးပါ ချိုးဖောက်ခံနေရပြီ ဖြစ်ပြီး အကျဉ်းသားများ သဖွယ် နေလာကြရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်က တရားမျှတပြီး လွတ်လပ်သော ရွေးကောကိပွဲ လုပ်ပေးရန် နိုင်ငံ အနှံ သန်းကောင်စာရင်း ကောက်ယူမှု အား အောက်တိုဘာ ၁ ရက် မှ ၁၅ ရက် နှစ်ပတ်ကြာ ပြုလုပ်သွားမည်ဟု ပြောကြောင်း စစ်ကောင်စီ မီဒီယာ တွင် ဖေါ်ပြလာကြသည်။

 

၎င်းတို့ အနေဖြင့် နိုင်ငံ အနှံ့ကို အုပ်စီး ထားနိုင်ဆဲ ဖြစ်သည်ဟု နိုင်ငံတကာ တွင် ထင်ယောင်ထင်မှား ဖြစ်စေရန် ကျပ်မပြည့် သည့် ကြိုးပမ်းမှု တခုလည်း ဖြစ်ပေသည်။

 

မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေးကောင်စီမှ လက်ရှိ အနေအထား တွင် လူဦးရေ၏ ၃၃ ရာနှုန်းသာ ၎င်းတို့ ၏ အပြည့်အဝ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်ဟု တွက်ချက် ထုတ်ပြန်ထားချိန်တွင် မင်းအောင်လှိုင်မှ ယခုလို နိုင်ငံ အနှံ့ သန်းကောင်စာရင်း ကောက်မည်ဟု ပြောလာခြင်း ဖြစ်သည်။

 

ထိုသန်းကောင်စာရင်း ကောက်ယူမှု အား "နည်းပညာပိုင်း အကူအညီ" ပေးသွားမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက နေပြည်တော်တွင် ပြောဆိုသွားခဲ့သည်။

 

လူထု အနေဖြင့် ကောက်ယူသူများ မေးသမျှ ကို မှန်မှန် ကန်ကန် တိတိကျကျ ဖြေဆိုရမည်ဟုလည်း မင်း‌အောင်လှိုင်က ဆိုသည်။ 

 

၎င်း အနေဖြင့် မည်သို့မျှ အကျိုးယုတ်စရာ မရှိ၊ ထိုစာရင်းဇယားများ ဖြင့် လူထု အား ခြိမ်းခြောက်နိုင်မည့် အပြင် အတင်း အဓမ္မ စစ်ထဲ ‌ဆွဲသွင်း နေသည့် လုပ်ရပ်များ အတွက် ပါ အထောက်အကူ ပြုလာမည် ဖြစ်သည်။

 

သို့သော် ကိုယ်တိုင် ကိုယ်ကျ ကွင်းဆင်း ကောက်ယူ ရမည့် လူများ အတွက်မူ အိမ်ပြန်ရောက်မှသာ တ နေ့ တာ အတွက် သက်ပြင်း ချနိုင် ကြပေ တော့မည်။

 

၎င်းတို့၏ ရွေးကောက်ပွဲ ဆိုသည် အားလည်း လက်တဆုပ်စာ ပင် မရှိမည့် နိုင်ငံများ လောက်သာ အသိအမှတ် ပြုကြမည် ဖြစ်သည်၊ ကုလသမဂ္ဂပင် အသိအမှတ် ပြုမည် မဟုတ်သည်က သေချာနေပေသည်။

 

၎င်းတို့အဖို့က ၁၉၉၀ တွင် တကြိမ်၊ ၂၀၂၁ တွင် တကြိမ် ပြည်သူ များ၏ ဆန္ဒကို မျက်ကွယ် ပြုကာနိုင်ငံတကာ အလယ်တွင် ကတိမတည် ဂုဏ်သိက္ခာ မဲ့လှသည့် လုပ်ရပ်များ ကျုးလွန် ခဲ့ကြပြီး ဖြစ်သည်။

 

စစ်ကောင်စီ ၏ ရွေးကောက်ပွဲ တွင် ပါဝင်ကြမည့် ဆုပ်လည်း စူး စားလည်းရူးမည့် ကြံဖွတ် ပါတီမှ လွဲ၍ ကျန် အချောင်သမား ပါတီများမှမူ ဖက်ဆစ် စစ်ဘီလူးများကို ၎င်းတို့ မျက်စိရှေ့တွင် မျက်ဝါးထင်ထင် တွေ့မြင်နေရပါလျက် မခံမရပ်နိုင် ဖြစ်၍ လက်နက်စွဲ ကိုင် တော်လှန်လာကြသော ပြည်သူတို့၏ ရုန်းကန်မှု ကြီး အား အပ္ပနာပ ရှုတ်ချ ပြောဆိုခဲ့ကြပြီး ဖြစ်သည်။

 

၎င်းတို့၏ အသိဉာဏ် တထွာ တမိုက်နှင့် ဖက်ဆစ် စစ်ဘီလူးများကို ယဉ်ပါးအောင် လုပ်နိုင်မည်၊ ရွှေပြည်ကြီး ငြိမ်းချမ်းအောင် လုပ်နိုင်မည်ဟု မိုက်မဲစွာ ယူဆနေကြဆဲ ဖြစ်သည်၊ ၎င်းတို့ အတွက်က ခေါင်းပေါင်းစ တလူလူ နှင့် လွှတ်တော်ထဲ ဝင်ထိုင်ခွင့် ရမည့် အခွင့် အရေး မျိုးထက် မည်သည့် အခါမှ ပို လိမ့်မည် မဟုတ်ပေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!