တရုတ်၏ ‌သွေးခွဲ အုပ်စီးရန် ကြိုးပမ်းမှု ဒေသတွင်း ဂယက် ရိုက်ခတ်လာ

by Hla Soewai - Sep 05 2024

မြန်မာ သည် သွေးစည်းညီညွတ်ပြီး ‌‌တပေါင်းတစည်းထဲ ဖြင့် စံပြ အဖြစ် မည်သည့် အခါမျှ ရပ်တည်ခဲ့ဖူးခြင်း မရှိပဲ ဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးတို့ တွင် ကွဲပြားနေခဲ့ရာ မှ မင်းအောင်လှိုင်၏ အာဏာသိမ်း မှု ကြောင့် ပြည်တွင်း စစ်မီးကြီး ဟုန်းဟုန်း တောက်ခဲ့ရပြီး အကွဲအပြဲများသည် ပို၍ နက်ရှိူင်းလာခဲ့ရသည်ဟု အစချီကာ လန်ဒန် တွင် ထုတ်ဝေသော ဂါဒီယန်း သတင်းစာ တွင် ဆောင်းပါးရှင် ဆိုင်မွန် တစ်‌ဒေါ က ရေးသားလာခဲ့သည်။

 

မြန်မာအား ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်ရောက်ရေး အားပေးနေသော အနောက် အုပ်စု နှင့် အိမ်နီးခြင်း နိုင်ငံများ အဖို့ ယခုအခါ လတ်တလော ပြောင်းလဲလာသည့် အ‌နေအထားများ နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။

 

နိုင်ငံသည် အကွဲအပြဲများ မှသည် ပြိုကွဲသွားမည့် အလားအလာ များ ကြောင့် ဘင်္ဂလား ပင်လယ်အော်၊ ဘင်္ဂလားဒေ့ရှ် နှင့် အရှေ့တောင် အာရှ တဝိုက် ထိတ်လန့်ဖွယ် လှိုင်းလုံးကြီးများ ရိုက်ခတ်လာခဲ့သည်။ နိုင်ငံတွင်းရှိ ၅၄ သန်းသော လူထု အတွက် လည်း သေရေးရှင်ရေး တမျှ အရေးကြီးလာသည်။

 

ထိုသို့ ဖြစ် လာက ဒေသတွင်း ခေါင်းဆောင်မှု နေရာ ယူလိုသည့် တရုတ် သမ္မတ ရှီကျင့်ပင်သည် မြန်မာ အား မည်သို့မျှ ကိုင်တွယ်နိုင်တော့မည် မဟုတ်‌တော့၊ ၎င်းတို့၏ ဆူပါပါဝါ အဖြစ် ကြွေးကြော်ကာ အယောင်ဆောင်နေမှု အား ပြင်းပြင်းထန်ထန် ထိခိုက်သွားတော့မည် ဖြစ်သည်။

 

မြန်မာ ၏ နယ်ခြားဒေသများ အပါအဝင် နိုင်ငံဧရိယာ သုံးပုံ နှစ်ပုံသည် မင်းအောင်လှိုင် ဦးဆောင်ပြီး တရားမဝင် ရပ်တည်နေသည့် စစ်ကောင်စီ၏ ထိန်းချုပ်မှု အောက်တွင် မရှိတော့၊ ၎င်းတို့ဩဇာ သည် နေပြည်တော် တဝိုက်တွင်သာ သက်ရောက်တော့မည် ဆိုသည့် အလားအလာ များ ကို ပို၍ ပို၍ တွေ့လာနေရသည်။

 

သို့သော်လည်း ၎င်းတို့ တိုး၍ ကျုးလွန်လာနေသော ထိတ်လန့် စက်ဆုပ်ဖွယ် ကောင်းလှသည့် ရက်စက် ကြမ်းကြုပ်များသည် နိုင်ငံတကာ သတင်းစာမျက်နှာ များတွင် ရံဖန်ရံခါသာ တွေ့ရတတ်သည်။

 

နိုင်ငံတကာ အကျပ်အတည်း များ လေ့လာရေး အဖွဲ့အိုင်စီဂျီ ကမူ ယက်ကန်ယက်ကန် ဖြစ်လာနေ‌သော မင်းအောင်လှိုင် သည် မကြာမီ ဖယ်ရှားခံရဖို့ ရှိနေသော်လည်း စစ်ကောင်စီ အနေဖြင့် ပြိုကွဲသွားဖို့ မရှိသေးဟု သုံးသပ်ထားသည်။ ဤသည်ကလည်း အမျိုးမျိုး ကွဲပြားနေသော တိုင်းရင်းသား အုပ်စုများ အဖို့ နိုင်ငံ၏ အနာဂတ် အရေး အတွက် တစုတစည်း တည်း ပေါင်းစည်းလာနိင်ခြင်း မရှိသည့် အတွက် ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ တပ်များသည် လည်း အပြီးသတ် အောင်ပွဲ ခံနိုင်လောက်သည့် လက်နက် အင်အား လည်း လုံလုံလောက်လောက် မရှိ ဖြစ်နေသည်။

 

လက်ရှိတွင် စစ်ပွဲသည် ရပ်ဆိုင်းသွားမည့် အလားအလာ မရှိပဲ ရှေ့ဆက် မတည်ငြိမ်မှု များ ဖြစ်လာမည့် အရေးကြောင့် ဘီဂျင်းသည် အထိတ်တလန့် ဖြစ်လာနေသည်။ ၎င်းတို့စိုးရိမ်မှု များသည် မြန်မာတို့ ဒုက္ခသုက္ခ များ ကြုံတွေ့နေရမှု များ ကြောင့် မဟုတ်ပဲ ၁,၂၅၀ မိုင် ရှည်လျားသော နယ်ခြားမျဉ်း တဖက် ၎င်းတို့ ရင်းနှီးမြုပ်နှံထားသော အခြေခံ အဆောက်အအုံများ နှင့် ရာဇဝတ်ဂိုဏ်းများ မှိုလို ပေါက်လာမည့် အရေး ကြောင့် ဖြစ်သည်။

 

ဤသည်ကိုလည်း မကြာသေးမီက နေပြည်တော်သို့ ရောက်လာသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက မြန်မာတွင် ပဋိပက္ခများနှင့် ကသောင်းကနင်း ဖြစ်နေမှု များကို မိမိတို့ ဆန့်ကျင်ကြောင်း၊ တရုတ် စီမံကိန်း များ နှင့် ဝန်ထမ်းများကို ကာကွယ် စောင့်ရှောက်ပေးရန် မင်းအောင်လှိုင်အား ပြောသွားသည်က သက်သေခံ နေပေသည်။

 

ဤသို့ဖြင့် တရုတ်သည် ပြဿနာ၏ တစိတ်တပိုင်း ဖြစ်လာရသည်။ မင်းအောင်လှိုင် ကတိပေးထားသည့် ရွေးကောက်ပွဲ ကို ထောက်ခံပေးနေခြင်းမှာလည်း အတိုက်အခံ များ လွတ်လပ်စွာ ပါဝင်လှုပ်ရှား နိုင်သည့် ဒီမိုကရေစီ မျိုး ပြန်လည် ရရှိအောင် ဖန်တီးပေးရန် တော့ မဟုတ်။

 

‌၎င်းတို့ သွေးခွဲ အုပ်ချုပ်နိုင်မည့် နည်းဗျုဟာ တရပ် အဖြစ် ထောက်ခံလာခြင်း ဖြစ်သည်။ နယ်စပ်ဒေသများရှိ ၎င်းတို့ အကျိုးစီးပွား များ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ထောက်ခံမှု ပေးနေပြီး ယခုလ အတွင်း မြန်မာဖက်ရှိ စစ်ကောင်စီ တပ်များကို ပင် ပစ်ခတ်လာခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးသည်ပင် တရုတ် လုံခြုံရေးနှင့် ထောက်လှန်း‌ ရေး ဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာသည်။

 

ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ကလည်း အပြန်အလှန် သဘောဖြင့် တရုတ် နိုင်ငံသားများ ဒေါ်လာ ဘီလီယံ နှင့် ချီ ဆုံးရှုံးသွားအောင် ကျုးလွန်ခဲ့ကြသည့် ဆိုက်ဘာလူလိမ် ဂိုဏ်းများ အား နှိမ်နှင်းပေးမည်ဟု ကတိပြုခဲ့ကြသည်။

 

တဖက်တွင် လည်း ဘီဂျင်းသည် ရုရှား နှင့် အတူ အာဏာသိမ်း အဖွဲ့ကို လက်နက်များ ထောက်ပံ့ပေး‌ နေ ပြန်သည်။

 

စစ်ကောင်စီ သည် ၎င်းတို့၏ စစ်စခန်း ၂၀၀ ကျော်ခန့် ဆုံးရှုံးလာသည့် အခါတွင်တော့ တရုတ်၏ စက်ပုန်းခုပ်သည့် လုပ်ရပ် အပေါ် ဒေါသ အမျက်ခြောင်း ခြောင်း ထွက်ကာ တရုတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ များ ပြုလုပ်လာခဲ့သည်။ ထိုအခါတွင် တရုတ်သည် အပစ်အခတ် ရပ်စဲရေး ဆိုကာ ဖြန်ဖြေ ပေးလာသော်လည်း အယုံအကြည် မရှိကြတော့ပဲ တိုက်ပွဲများ ပြန်ဖြစ်လာခဲ့သည်။

 

တရုတ်သည် နကိုယ်ကတည်းက ရိုးသားစွာ ဖြန်ဖြေ ပေးခြင်း မျိုး မဟုတ်ပဲ ၎င်းတို့ အခွင့်သာအောင် သွေးခွဲ အုပ်စီးရေး ဗျုဟာ ကို ကျင့်သုံးလို၍ ဖြစ်သည်။ ၎င်းတို့ ရေရှည် အကျိုးစီးပွား အတွက် နိုင်ငံတွင်း ရှိ အဖွဲ့ပေါင်းစုံ အပေါ် ဩဇာ သက်ရောက် နိုင်ရန် ရှဉ့်လည်း လျှောက်သာ ပျားလည် စွဲသာအောင် နှစ်ဖက် ခွတုပ် ‌နေခြင်း ဖြစ်သည်။

 

ထို့အတွက်လည်း နိုင်ငံတွင်း လူမှု ဒုက္ခများ နှင့် လုံခြုံရေး အခြေအနေများ ပို၍ ဆိုးဝါးလာခဲ့ပြီး အလုံးစုံ ပျက်စီးရေး သို့ ဦးတည်လာနေခြင်း ဖြစ်သည်။

 

ထိုအရေးကို ကာကွယ်နိုင်ရန် အာဆီယံနှင့် ဗြိတိန် ကဲ့သို့ နိုင်ငံတကာ အလှုရှင်များ အ‌နေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် တိုက်ရိုက် ဆက်ဆံဖို့ စိတ်ပါလက်ပါ မရှိ ဖြစ်‌ နေမှုကို ဘေးချိတ်၍ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ အား နိုင်ငံ ဧရိယာ အများစု ကို ထိန်းချုပ်ထားနေသည့် ၎င်းတို့နှင့် တိုက်ရိုက် ဆက်ဆံဖို့ လိုအပ်လာသည်ဟု အိုင်စီဂျီ က အကြံပြုလာသည်။ 

 

သို့သော် ၎င်းတို့ထဲမှ အချို့သည် ဒီမိုကရေစီ အား လျစ်လျု ရှုပြီး အာဏာရှင် ဆန်ဆန် ကျင့်သုံးနေသူ များ ဖြစ်၍ လိုတာထက် ပိုပြီး အသိအမှတ် မပြုမိဖို့ သတိထားရမည် ဖြစ်သည်။ သို့မဟုတ်က အားလုံး စိုးရိမ်နေကြသလို တိုင်းပြည်သည် အလျှင်အမြန် ပြိုကွဲသွား နိုင်သည်။

 

(ဤနေရာ တွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ နိုင်ငံရေး ရည်မှန်းချက် များ နှင့် ပတ်သက်ပြီး တရုတ်က ယခုထိ ‌ထင်မြင်ချက် တစုံတရာ ‌မပေးသေးသည်ကပင် အံ့ဩစရာ ကောင်း‌ နေသည်။)

 

နောက်တနည်း လုပ်ရန် ရှိသည်က ပိတ်‌ဆို့ဒဏ်ခတ်မှု များ ယခုထက် ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်ခြင်း၊ အာဆီယံ နှင့် ကုလသမဂ္ဂတို့မှ သံတမန်ရေးအရ ဖိအားပေးလာခြင်း များ ပြုလုပ်ရမည်၊ ထိုအထဲတွင် ယူကေ ဘားမား ကမ်ပိန်း ၏ အကြံပြုချက်ဖြစ်သော ရင်းနှီး မြုပ်နှံထားမှုများ ထပ်ဝင်မသွားအောင် နှင့် လေယာဉ်ဆီများ ရောင်းချနေမှု များ ပိတ်ပင်ခြင်းများလည်း ပါဝင်သင့်သည်။

 

ဗြိတိန်၏ ကုလ သံအမတ်ကြီး မစ္စက် ဘာဘရာ ဝုဝပ်ဒ် မှ သူ့ အ‌နေဖြင့် မြန်မာ့ အရေး အား မေ့လျော့သွားသည့် အဖြစ် အရောက်မခံဟု ပေးထားသော ကတိကိုလည်း ထိန်းသိမ်းထားရမည် ဖြစ်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!