ကြောက်မယ်ဖွယ်ရာ ကောင်းလှသည့် ဆူဒန် ပြည်တွင်းစစ်

by Hla Soewai - Sep 05 2024

ဆူဒန် ပြည်တွင်းစစ်သည် ထုံးစံ အတိုင်းပင် ယူကရိန်း၊ ဂါဇာ စစ်ပွဲများလောက် ကမ္ဘာ၏ အာရုံ စိုက်ခြင်း မဆိုသလောက်သာ ရရှိခဲ့သည်။ သို့သော်လည်း ဆူဒန် ပြည်တွင်းစစ်ကြီးသည် ယူကရိန်း၊ ဂါဇာ ထက် အပုံကြီး ဆိုးဝါး လှပြီး အသေအပျောက်သည်လည်း ကြောက်ခမန်း လိလိ ဖြစ်လာ‌ နေသည်။

 

မြို့တော် ခါတွန်သည်လည်း ရက်ပေါင်း ၅၀၀ နီးပါးကြာ စစ်ပွဲကြောင့် လုံးဝ ပျက်စီးလု နီးနီး ဖြစ်သွားပြီး လူပေါင်း ၁၅,၀၀၀ ခန့် သေဆုံးသွားခဲ့ပြီး ဖြစ်သည်၊ အလောင်းများက ယာယီ သုဿန် အဖြစ် သတ်မှတ်ထားသော နေရာများ တွင် တောင်ပုံ ရာ ပုံ ဖြစ်နေသည်။

 

လူဦးရေ စုစုပေါင်း၏ ငါးပုံတပုံ ခန့် ရှိသော လူ ဆယ်သန်းခန့်သည် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေး နေကြရသည်။ ကျရောက်လာတော့မည့် အငတ်ဘေးသည် ၁၉၈၀ ကျော် နှစ်များက အီသီယိုပီယား တွင် ဖြစ်ခဲ့သည်ထက် ပို၍ ဆိုးဝါးဖွယ် ရှိသည်ဟု ခန့်မှန်း‌နေကြသည်။ အချို့က ယခုနှစ် ကုန်ပိုင်း လောက်တွင် အငတ်ဘေးကြောင့် ၂.၅ သန်း ခန့် သေဆုံးဖွယ် ရှိသည်ဟုပင် ပြောဆိုလာကြသည်။

 

ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး လူမှု ဒုက္ခကြီး ဖြစ်လာနိုင်ပြီး ဘူမိ နိုင်ငံရေး အရလည်း ချိန်ကိုက်ဗုံးကြီး ဖြစ်လာနေသည်။

 

ဆူဒန်၏ အရွယ်အစား နှင့် ပထဝီ အနေအထား အရ ဒေသအတွင်း ဖရိုဖရဲ ဖြစ်လာသည် အထိ နယ်ခြား ဖြတ်ကျော် ဒုက္ခ‌ ပေး ပေးနိုင်စွမ်း ရှိနေသည်။ ဒုက္ခသည်များလည်း ဥရောပသို့ ဝင်ရောက်လာကြဖို့ ရှိနေသည်။ 

 

ရုရှား နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများ က ရန်ဖက် အဖွဲ့များကို ဟိုဖက် ဒီဖက် သဘောရှိ ပံ့ပိုးပေးနေကြသည်။ အနောက်နိုင်ငံများက ကင်းကင်းရှင်းရှင်း နေကြပြီး ကုလသမဂ္ဂသည်လည်း အကြောဆွဲ နေပြီ ဖြစ်သည်။

 

အမေရိကန် အရာရှိများသည် တရုတ်၊ ဂါဇာ၊ ယူကရိန်း တို့နှင့် အလုပ်များနေသည်ဆိုကာ ပေယျာလကံ ပြုထားကြသည်။ တရုတ်ကလည်း ဝေးကွာလွန်းလှသည့် အပြင် သူ့အကျိုး မရှိ၍ ဝင်ရောက်ဖြေရှင်းပေးရန် စိတ်မဝင်စား။ အာဖရိက နိုင်ငံများကလည်း ဖာသိဖာသာ နေကြသည်။

 

ဆူဒန် ၏ ပင်လယ်နီ နှင့် ထိစပ်နေသော ကမ်းရိုးတန်းသည် ကီလိုမီတာ ၈၀၀ ခန့် ရှည်လျားသည်။ ထို့ အတွက် ဆူဒန် ပဋိပက္ခ ပေါက်ကွဲ ထွက်လာမည် ဆိုက ကမ္ဘာ ကုန်သွယ်ရေး ၏ အဓိက အသက်သွေးကြော ဖြစ်သည့် ဆူးအက် တူးမြောင်းကို ခြိမ်းခြောက်လာနိုင်သည်။

 

အဓိက တိုက်ခိုက်နေကြသည့် အဖွဲ့ နစ်ဖွဲ့သည် ဆူဒန် စစ်တပ် ဖြစ်သည့် ဆူဒန် လက်နက်ကိုင် တပ်ဖွဲ့ Sudanese Armed Forces (SAF) နှင့် လျင်မြန် ထောက်ပို့ တပ်ဖွဲ့ Rapid Support Forces (RSF) ဆိုသည့် အရပ်သား လက်နက်ကိုင် အဖွဲ့နှင့် ဖြစ်သည်။ ထိုအဖွဲ့နှစ်ဖွဲ့စလုံး ဝါဒရေးရာ လည်း မရှိ၊ လူမျိုးစု အရလည်း ကြီးစိုးနေမှု မျိုး မရှိပေ။ နှစ်ဖွဲ့စလုံးအား နိုင်ငံ နှင့် လုယက်ယူ လို့ ရသမျှ ကို လက်ဝါးကြီး အုပ်နိုင်ရန် တိုက်ခိုက်နေကြသော မသမ လောဘ ရှိသည့် စစ်ဘုရင်များက အမိန့်ပေး ကွပ်ကဲလျက် နေကြခြင်း ဖြစ်သည်။

 

ဆူဒန်သည် ၁၉၅၆ လွတ်လပ်ရေး ရပြီးချိန်မှစ၍ ပြည်တွင်းစစ် နှင့် ကြို့ကြား ကြို့ကြား ရင်ဆိုင်လာရသည့် နိုင်ငံလည်း ဖြစ်သည်။ ၂၀၁၁ တွင် သွေးထွက် သံယို ပဋိပက္ခကြီး အဆုံးသတ်သွားမှု နှင့် အတူ ဆူဒန် တောင်ပိုင်းသည် ခွဲထွက်သွားခဲ့သည်။

 

လွန်ခဲ့သည့် အနှစ် နှစ်ဆယ်က ဒါဖားတွင် ဂျီနိုဆိုက် သတ်ဖြတ်မှု ကြီး ဖြစ်ပွားခဲ့မှု အပေါ် ကမ္ဘာ၏ အာရုံ စိုက်ခြင်း ခံခဲ့ရသည်။ ဒါဖား တွင် ဖြစ်ပျက်ခဲ့သည်များ နှင့် ယှဉ်လျင်ပင် ယခု တကြိမ်သည် ပို၍ တုန်လှုပ်ဖွယ် ကောင်းနေသည်။

 

တခါက စည်ကား သိုက်မြိုက်လှသည့် ခါတွန် မြို့‌တော်သည်လည်း ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ (ပုံတွင် တွေ့ရစဉ်)၊ နှစ်ဖက်စလုံးက အရပ်သား ပစ်မှတ်များကို လက်နက်ကြီးများ နှင့် ပစ်ခတ်ခြင်း၊ ကလေးသူငယ်များကို စစ်သား အဖြစ် အတင်းအကျပ် စုဆောင်းခြင်း၊ အစာရေစာ ငတ်မွတ်အောင် ပိတ်ဆို့ထားခြင်းများ ကျုးလွန်နေကြသည်။ RSF သည် အစုလိုက် အပြုံလိုက် လူသတ် မုဒိမ်းကျင့် မှု များ ကျူးလွန်နေသည်ဟု ယုံကြည်ရလောက်သော စွပ်စွဲမှု များ ထွက်ပေါ်လာသည်။

 

ယူအေအီးသည် RSF အား ကျည်ဆံများ၊ ဒရုန်းများ တင်ပို့ပေးလျက် ရှိနေပြီး၊ အီဂျစ် နှင့် အီရန်သည် SAF အား လက်နက်တပ်ဆင်ပေးနေသည်။ ရုရှားသည် နှစ်ဖက်စလုံးအား ခွတုပ်နေပြီး ဝဂ္ဂနာ ကြေးစား အဖွဲ့ပါ စေလွှတ်ထားသည်။ ဆော်ဒီ အာရေးဗီယား၊ တူရကီ နှင့် ကာတာ တို့သည်လည်း ဩဇာ လွှမ်းမိုးနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြ ပြန်သည်။ ၎င်းတို့အားလုံးသည် လယ်ယာထွက်ကုန်များ နှင့် ရွှေများ ရရှိရေး အတွက် ရည်မှန်းချက်ထားပြီး ပတ်သက်နေကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် ‌ဆူဒန် အား လူသတ် ဈေးပွဲတော်ကြီး အဖြစ် တွန်းပို့လျက် ရှိသည်။

 

ဂြိုလ်တု ဓါတ်ပုံများ နှင့် အပူလှိုင်းသုံး ပုံရိပ်များ မှ တဆင့် တွေ့လာရသည်က စိုက်ခင်းများ နှင့် သီးနှံ များ အားလုံးလိုလို မီးလောင်ကျွမ်းနေပြီး လူများသည် မြက် နှင့် သစ်ရွက်များကို စားနေကြရသည်။ အစားအစာ ရှားပါးမှု ယခု အတိုင်း ဆက်ဖြစ်နေဦးမည် ဆိုက ၂၀၂၇ ‌အရောက်တွင် လူပေါင်း ၆ သန်း မှ ၁၀ သန်း အထိ သေဆုံးပြီး ဖြစ်နိုင်သည်ဟု ဒပ်ချ် တွေး ခေါ် မျှော်မြင်‌ ရေး အဖွဲ့မှ ပုံစံထုတ် တွက်ချက် ခန့်မှန်းခဲ့ကြသည်။

 

အီရန် နှင့် ရုရှားသည် SAF အား လက်နက် တပ်ဆင်ပေးရသည့် အတွက် အပြန်အလှန် အနေဖြင့် ရေတပ် စခန်း ဖွင့်ခွင့်ရရန် တောင်းဆိုနေကြသည်။ ဆူဒန်သည် ယခုလို မင်းမဲ့ တိုင်းပြည် အဖြစ် ဆက်ရှိနေမည် ဆိုက အနောက်အုပ်စု အား ဆန့်ကျင်သည့် အကြမ်းဖက် သမားများ ခိုအောင်းလာနိုင်ပေသည်။ ယင်းနှင့် အတူ ကမ္ဘာကုန်သွယ်ရေး၏ ခုနှစ်ပုံ တပုံ ဖြတ်သန်းရာ ဆူးအက် တူးမြောင်း၏ လုံခြုံရေးကို ထိပါးလာနိုင်သည်။

 

 

ထိုသို့ ကြီးမားလှသော အန္တရာယ်ကြီး နှင့် ကြုံတွေ့လာနိုင်စရာ ရှိနေသော်လည်း ဆူဒန် အား ပျက်ချိန်တန် ပျက်၊ ရှောင်လွဲအောင် မည်သို့မျှ မတတ်နိုင်ဆိုသော fatalism ဖြင့် ကမ္ဘာကြီးသည် လစ်လျုရှု နေကြဆဲပင်။

 

(၂၀၂၄ ဩဂုတ်လ ၂၉ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်း ခေါင်းကြီးပိုင်း ဆောင်းပါး ဖြစ်သည့် "Why Sudan’s catastrophic war is the world’s problem" မှ ကောက်နှုတ်တင်ပြသည်။)