သန်သန်မာမာကြီး မှ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်သွားကြသူများ

by Hla Soewai - Sep 05 2024

တရုတ်သည် မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း အဖွဲ့ ၏ သုံးစားမရ ဖြစ်လာနေမှု နှင့် အတူ ၎င်းတို့ ၏ မဟာစီမံကိန်း များ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လာမည့် အရေး ကြောင့် ကြံရာမရ ဖြစ်လာပြီး သိက္ခာကိုပင် မငဲ့ကွက် နိုင်တော့ပဲ ဂမူးရှူးထိုး နှင့် လူကြားမကောင်းအောင် ဝင်ရောက်စွက်ဖက်လာနေပြီ ဖြစ်သည်။

 

မိမိတို့၏ အမျိုးသား တော်လှန်ရေး အား ထိုသို့ စော်စော်ကားကား ထိပါးပြောဆိုလာသည်ကို ပြည်သူများက ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမည်သာ ဖြစ်သည်။

 

တဖက်တွင်လည်း စဉ်းစားဖို့ ဖြစ်လာရသည်ကမြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့အား စာထုတ် သတိပေးခြင်းသည်လည်း စစ်ကောင်စီ ၏ အရေး နိမ့်နေမှု များသည် ၎င်းတို့နှင့် လုံးဝ မပတ်သက်ကြောင်း၊ မြှောက်ပေးနေခြင်း မဟုတ်ကြောင်း သက်သေ ပြသည့် သဘောလည်း ဖြစ်နိုင်ပေသည်။

 

နယ်ခြား များ ပိတ်ထားရ၍ မြန်မာ အပေါ် အဓိက မှီခိုနေရသည့် ကုန်းပိတ်ဒေသ ဖြစ်သော ယူနန် ပြည်နယ် စီးပွား‌ ရေး ထိခိုက်လာ‌ နေမှု အပေါ် သည်းငြည်း မခံနိုင်‌ လောက်‌ အောင် ဖြစ်လာသော ယူနန်အုပ်ချုပ်ရေး အဖွဲ့၏ အာရုံ လွန်မှုလည်း ဖြစ်နိုင်သည်။

 

တိုင်းရင်းသား အဖွဲ့များကလည်း ၎င်းတို့ ဒေသ ဖွံ့ဖြိုးရေး အတွက် တရုတ်၏ ဩဇာကို မလွန်ဆန် နိုင်ကြသည့် အနေအထားမျိုး ရှိနေသည်။

 

တော်လှန်ရေး အား အဓိက အဆုံးအဖြတ် ပေးလာမည်က ရှမ်း-မြောက် စစ်ဆင်ရေးဟု အမည်ပေးထားသည့် ပြည်သူ့ကာကွယ်ရေး တပ်များ၏ အလယ်ပိုင်း တိုင်း ထိုးစစ်ကြီးပင် ဖြစ်သည်။ ပြည်သူ့ တော်လှန်ရေး တပ်သားများသည်လည်း စစ်မြေပြင် အတွေ့အကြုံ နှင့် တိုက်ရည်ခိုက်ရည် ပြည့်ဝလာပြီ ဖြစ်၍ ပျောက်ကြား စစ်မှ တန်ပြန် ထိုးစစ်ကို ဆင်နွှဲလာနိုင်ပြီ ဖြစ်သည်။

 

တရုတ်သည် ပြဿနာ၏ အရင်းခံ ဖြစ်နေသော မင်းအောင်လှိုင်အား ဖယ်ရှားရန် လူစု ခဲ့ပုံရသော်လည်း ယခုလို အချိန်မျိုးတွင် ၎င်းနေရာအား မည်သူမျှ ဝင်ယူလို ပုံ မရ၍ နောက်ဆုတ်သွားပြီး ရွေးကောက်ပွဲ လမ်းကြောင်းဖြင့် မင်းအောင်လှိုင်အား ဖယ်ထုတ်နိုင်လိမ့်မည်၊ ဆက်၍ ပေကပ်နေကလည်း ရုပ်ပြ သမ္မတ အဖြစ် ထားနိုင်လိမ့်မည်ဟု တွက်ဆ လာပုံရသည်။

 

မင်းအောင်လှိုင် နေရာအား ဝင်ရမည့် သူသည် လူထု ၏ ဆန္ဒ နှင့် အညီ လုပ်ရန် စိတ်ကူးမရှိ၊ လုပ်လည်း မလုပ်ရဲကြ၍ ပြဿနာသည် ဒုံရင်း ဒုံရင်းသာ ရှိနေပေမည်။

 

ယခုအခါ တရုတ် သံအမတ် အသစ် မာကျားသည် စစ်ကောင်စီ၏ ကာကွယ်ရေး ဝန်ကြီး တင်အောင်ဆန်း နှင့် သွားရောက် တွေ့ဆုံပြီး ပူးတွဲ စစ်ရေး လေ့ကျင့်ရန်ပင် ပြောဆိုလာပြီ ဖြစ်သည်။

 

တရုတ်သည် အနောက်အုပ်စု မှ ပါဝင် စွက်ဖက်လာမည် ကို စိုးရိမ်နေ၍ ၎င်းတို့ဖက်က အတတ်နိုင်ဆုံး ချုပ်တည်းထားရပုံ ရှိသော်လည်း ယခုအခါ ၎င်းတို့ အတွက် အခြေ အနေများက စိုးရိမ်ရေမှတ်ကို ကျော်လွန်လာပြီ ဖြစ်သည်။

 

သို့‌ သော် ၎င်းတို့၏ ဂမူးရှူးထိုး လုပ်ရပ်များသည် ငြိမ်းချမ်းရေး ထက် လက်ရှိ ပြည်တွင်းစစ်မီးကြီးကို တောက်သည်ထက် တောက်လောင်အောင် မီးထိုးပေးနေခြင်း နှင့် အိမ်နီးချင်း ကောင်း မပီသသော လုပ်ရပ် အဖြစ် ပြည်သူများ၏ နှလုံးသည်းပွတ်တွင် စွဲထင် ကျန်ရစ်မည့် အဖြစ် ကို တော့ တွက်ဆထားဟန် မတူပေ။

 

စစ်တပ်သည် လည်း ယခင်က သန်သန်မာမာ အဆင့်မှ သုံးနှစ်ကျော် အတွင်း ဖုတ်လှိုက် ဖုတ်လှိုက်ဖြင့် အိပ်ယာထဲ လဲနေသည့် နာတာရှည် ရောဂါသည်ကြီး ဘဝ ရောက်သွားပြီ ဖြစ်သည်။

 

လူငယ်လူရွယ်များအား အတင်းအကျပ် စစ်ထဲဆွဲသွင်းလာခြင်း သည်လည်း အဆိုပါ နာတာရှည် ရောဂါသည်ကြီး အား အသက်ဆက်နိုင်ရန် အကြောဆေး ချိတ်ပေးခြင်းသာ ဖြစ်ပြီး မည်သို့မျှ ထူထူထောင်ထောင် ပြန်ဖြစ်လာနိုင်တော့မည် မဟုတ်သည်က သေချာနေပေသည်။

 

ယင်းနှင့် အတူ ၎င်းတို့ အတွက် လက်ရှိ သေရေး ရှင်ရေး ဖြစ်လာနေသည်က အဖက်ဖက် မှ ယို့ယွင်းကျဆင်း လာနေသည့် တိုင်းပြည် စီးပွားရေး ပင် ဖြစ်သည်။ ရှေ့ဆက် အသက်ဆက်နိုင်အောင် လက်နက်များ တရုတ် နှင့် ရုရှား မှ ဝယ်နိုင်ရေး အတွက် နိုင်ငံခြားငွေ ရဖို့ တိုင်းပြည်၏ သဘာဝ အရင်းအမြစ်များ ရအောင် ဘယ်လို လုပ်ကြမလဲဟု ခေါင်းချင်း ရိုက်လာနေကြပြီဟု မစ္စတာ‌ ရှောင်တန်နဲလ်က ဆိုသည်။

 

၎င်းတို့အဖို့ ယခုလို အနေအထား တွင် ရေရှည် အတွက် မစဉ်းစားတော့ ရနိုင်သမျှ နှိုက်ထုတ်နေကြပြီ ဖြစ်သည်ဟု ရှောင်တန်နယ်က ထောက်ပြသွားသည်။ 

 

တေဇ၊ အောင်ကိုဝင်း ကဲ့သို့ ကရိုနီကြီးများကလည်း စစ်ခေါင်းဆောင်ပိုင်းကို ဝေဖန် ပြောဆိုခြင်း အလျင်းမရှိသည်ကို အံဩမိသည်ဟု ဆိုသည်။

 

၎င်းတို့ ထိန်းချုပ်၍ ရသမျှ ဒေသများတွင် ငွေရပေါက် အတွက် ခြေတံလက်တံ ဆန့်ထုတ်လာခြင်း၊ နိုင်ငံခြားငွေများ ညှစ်ထုတ်ခြင်း၊ ကုန်စည် ဖလှယ်သည့် နည်းဖြင့် ကုန်ကူးခြင်း၊ ရုရှား နှင့် တရုတ်တို့ ထံမှ လက်နက်များကို ရွှေ ဖြင့် အလဲအလှယ်လုပ်ခြင်း များ ပြုလုပ်ကြပေတော့မည်။

 

၎င်းတို့ အတွက် စစ်လက်နက်များ၊ ယူနီဖောင်းများ ထုတ်ပေးနိုင်နေသရွေ့၊ လေကြောင်း အင်အား သုံးနိုင်နေသရွေ့ ဆက်၍ ကုပ်ကပ်နေကြဦးမည် ဖြစ်သည်ဟု စစ်ရေး သုတေသီ စကော့ မက်သီဆန်က ဆိုသည်။

 

ရှောင်တန်နဲလ် မှ တိုင်ပြည် စီးပွားရေး အမြန် ပြန်လည် နာလံထူလာအောင် စစ်တပ်၏ ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြီးအား ချုပ်ကိုင်ထားမှု နှင့် ၎င်းတို့ကိုယ်ပိုင် ဘတ်ဂျက် များကို ဖယ်ရှားရန် နှင့် ပြည်နယ်များ အား ဗဟိုမှ ချုပ်ကိုင်ထားမှု မှသည် ကိုယ့်စီးပွား ကိုယ် ရှာနိုင်အောင် ပြုလုပ်ပေးရန် တို့ ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

 

၎င်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်တွင် ဆုံဖြစ်ခဲ့စဉ် ၎င်း ပြောပြသည့် အမျိုးသား ညီညွတ်ရေး အစိုးရ ဆိုသည်ကို လွန်စွာ သဘောတွေ့ပြီး ဖက်ဒရယ်စနစ်အားလည်း လိုလားသည်ကို သိခဲ့ရသည်ဟု ဆိုသည်။ ‌သူမ အနေဖြင့် လက်ရှိ သွားနေသည့် လမ်းကြောင်းကို သေချာပေါက် ကန့်ကွက်မည် မဟုတ်ဟုလည်း ပြောခဲ့သည်။

 

ပြည်သူများဖက်က တညီတညွတ်တည်း ဆန့်ကျင် တွန်းလှန်လာမှု အပေါ် ဂုဏ်ယူနေသည်ကိုလည်း သိခဲ့ရသည်ဟု ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!