ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(6)

by Hla Soewai - Sep 05 2024

ဖေါင်တိန် ကိုင်၍ နာမည် တခု ကို ဖျက်လိုက်တိုင်း ကျွန်တော့် စိတ်ထဲတွင် ထို ပုဂ္ဂိုလ်အား သေဒဏ် ပေးလိုက်သလို မျိုး ဟု ခံစား မိသည်။ လွန်ခဲ့သည့် သုံးနှစ်က ကျွန်တော်တို့ အဖွဲ့ အိမ်တအိမ်၏ တံခါးဝကို ဖြိုဖျက် ဝင်လိုက်ချိန်တွင် အိမ်ပိုင်ရှင် အမျိုးသမီးသည် စာရွက် တရွက်ကို သူမ၏ ပါးစပ်ထဲသို့ လုံး‌ ထွေး ထည့်ပစ်လိုက်သည်၊ မြိုချပစ်ရန် သူမ ပါးစပ်ထဲ့လိုက်သော စာရွက်ပေါ်တွင် ကျွန်တော်တို့ ဌာနရှိ အောက်ဆုံး အဆင့် အရာရှိမှသည် ဗိုလ်ချုပ်ကြီးအထိ အမည်အားလုံး ပါနေသည်။

 

ကျွန်တော်က မန်း ထံသို့ ဝင်စီးမည့် အကြောင်း ကြိုတင် သတင်းပေးခဲ့သော်လည်း သူ့ထံ အချိန်မီ ရောက်သွားခဲ့ခြင်း မရှိပေ။ ကျွန်တော်နှင့် အတူ ပါလာသော ရဲများက ထိုအမျိုးသမီးအား ဖမ်းချုပ်ပြီး မြေကြီးပေါ် တွန်းလှဲချ လိုက်သည့် အခါ ကျွန်တော်လည်း မတတ်သာတော့ပဲ ကွန်မြူနစ် ဒလျို အမျိုးသမီး၏ ပါးစပ်ထဲမှ တံတွေး များ နှင့် ရွှဲစိုနေသော စာရွက်ကို မရမက နှိုက်ယူလိုက်ရသည်။

 

လူတကာ ကို စောင့်ကြည့်ရန် တာဝန်ယူထားရသည့် ကျွန်တော် တို့၏ အထူး စုံစမ်းစစ်‌ ဆေး ရေး အဖွဲ့ဝင်များသည်လည်း ပြန်၍ စောင့်ကြည့် ခံနေရသည်ကိုထိုစာရွက် ပေါ်ရှိ စာရင်းများက သက်သေခံနေသည်။ ကျွန်တော်သည် ဘေးဘီတွင် တဦးတယောက်မျှ မရှိပဲ သူမ နှင့် နှစ်ဦးတည်း ရှိနေသည် ဆိုစေဦး ကျွန်တော်သည် သူမ ဖက်က ဖြစ်ကြောင်း ကျွန်တော်၏ အသွင်ယူထားမှု ပေါ်သွားနိုင်သည့် အန္တရာယ် ကြောင့် ထုတ်ပြောလိမ့်မည် မဟုတ်ပေ။

 

သူမအား မည်သို့သော ကံကြမ္မာမျိုးက စောင့်ဆိုင်းနေသည်ကို ကျွန်တော် ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။ အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့ ၏ စစ်ကြောရေး စခန်း ရောက်သည့် လူတိုင်း ရေငုံ နှုတ်ပိတ်ပြီး ကြံ့ကြံ့ခံနိုင်စွမ်း မရှိကြ။ သူမသည် ကျွန်တော်၏ လျို့ဝှက်ချက် ကိုလည်း ထုတ်မ‌ပြောပဲ နေနိုင်စွမ်း ရှိမည် မဟုတ်။

 

ကျွန်တော်ထက် အသက်ငယ်ပုံရသော်လည်း သူမ ရှေ့လျောက် ရင်ဆိုင်ရမည့် အရေးကို သိနားလည် လောက်သည့် အသိတရား ကောင်းကောင်း ရှိထားပုံ ရသည်။

 

တခဏ တာ အတွင်း ကျွန်တော်သည် သူမ၏ မျက်လုံးများ ထဲတွင် အမှန်တရားကို တွေ့လိုက်ရသည်။ ကျွန်တော့်ကို မုန်းတီးရွံရှာနေသည် ဆိုသော အမှန်တရား ပင် ဖြစ်သည်။ ကျွန်တော်အားလည်း လူထု အား ဖိနှိပ်ချုပ်ချယ် နေသည့် အစိုးရ၏ လက်ပါးစေ တဦး အဖြစ် ထင်မြင် ယူဆနေသည်။ ကျွန်တော်လိုပင် သူမ မည်သို့ မည်ပုံ သရုပ်ဆောင်ရမည်ကို သတိရ သွား ပုံ ရှိပြီး ကျမကို သနားပါ ရှင် ၊ ကျမ မှာ အပြစ်မရှိပါဘူး၊ ကျိမ်ပြောရဲ ပါတယ်ရှင်" ဟု တစာစာဖြင့် အော်ဟစ် ငိုကြွေးလိုက်သည်။

 

နောက်ပိုင်း သုံးနှစ် ကြာသည့်အထိ ကွန်မြူနစ် ဒလျို အမျိုးသမီးသည် အသက်ရှင်နေဆဲ ဖြစ်သည်။ သူမ နှင့် ပတ်သက်သည့် ဖိုင်တွဲ ကို ကျွန်တော် စားပွဲ ပေါ်တွင် သိမ်းထားခဲ့သည်။ သူ့ကို ကယ်တင်ရန် ပျက်ကွက်ခဲ့မှု ကို အမြဲလို သတိရ‌နေစေရန် အတွက် ဖြစ်သည်။

 

မန်းကလည်း သူ့တွင်လည်း အပြစ်ရှိသည်ဟု ဝန်ခံခဲ့သည်၊ လွတ်လပ်လာသည့် တ‌နေ့တွင် သူမ၏ အချုပ်ခန်း တံခါးကို သူကိုယ်တိုင် ဖွင်ပေးမည်ဟု ဆိုသည်။

 

အဖမ်းခံရချိန်တွင် သူမ၏ အသက်သည် နှစ်ဆယ့် နှစ် နှစ်သာ ရှိသေးသည်။ ကျွန်တော် ဖိုင်ထဲတွင် သူမ အဖမ်းခံရစဉ်က ရိုက်ထားသော ဓါတ်ပုံ နှင့် သိတ်မကြာသေးခင် လ အနည်းငယ် က ရိုက်ထား‌သော ဓါတ်ပုံ နှစ်ပုံ ရှိနေသည်။ သူ့မျက်လုံးများ ၏ အရောင်သည့် ဖျော့တော့ လာနေပြီး ဆံပင်များလည်း ပါးလွှာ လိုက်လာနေပြီ ဖြစ်သည်။

 

ကျွန်တော် တို့ အကျဉ်းစခန်းများသည် လျင်မြန်စွာ ရွေ့လျားနေသော ကာလယန္တရားကြီး တပ်ဆင်ထားသည့် အလား အကျဉ်းကျနေသူများ အဖို့ ပုံမှန် ရှိသင့်သည်ထက် အိုစာလာနေသည်။ သူမ၏ ဓါတ်ပုံ နှစ်ပုံကို ယှဉ် ကြည့် လိုက်ရင်း ကျွန်တော် လက်ရှိ လုပ်ရမည့် အလုပ်ကို အထောက်အကူ ပြုလာခဲ့သည်။ ကျွန်တော် ကယ်တင်ရမည့် လူအနည်းငယ်ကို ရွေးထုတ်လာနိုင်ပြီး ကျွန်တော် သဘောကျသည့် လူများ အပါအဝင် ချန်လှပ်ထားခဲ့ရမည့် လူအများ အပြား ထွက်လာခဲ့သည်။

 

ကျွန် တော်သည် ရက်ပေါင်း အတန်ကြာအောင် စာရင်းကို ဖင်ပြန် ခေါင်းပြန် ပြုစု နေမိသည်။ ထိုရက်များ အတွင်း ဆန်လော့ ဒေသ အား ခုခံ ကာကွယ်နေသူများ အတုံးအရုံး ချေမှုန်းခံလိုက်ရပြီး ဖနွမ်ပင်သည်လည်း ခမာနီ တို့ လက်သို့ သက်ဆင်းသွားခဲ့သည်။

 

ထို့နောက်ပိုင်း ရက်အနည်းငယ် အကြာတွင် ရာထူးမှ နှုတ်ထွက်သွားသော သမ္မတ ဟောင်းသည် တိုင်းပြည်မှ တိုင်ဝမ်သို့ လူမသိ သူမသိ ထွက်ပြေးသွားခဲ့သည်။

 

သူ့အား လေဆိပ်သို့ ကိုယ်တိုင် ကားမောင်း ပို့ပေးခဲ့ရသော ကလော့ဒ် က သမ္မတ နှင့် အတူ ပါလာသော လက်ဆွဲ အိတ်များသည် အလွန်အမင်း လေးလံနေသည်ကို သတိထားမိခဲ့သည်ဟု ပြန်ပြောပြခဲ့သည်။ အထဲမှလည်း သတ္တု အချင်းချင်း ထိရိုက်သံများ တချွင်ချွင် နှင့် ကြား‌နေရသည်ဟု ဆိုသည်၊ ဒီအတိုင်းဆိုက ကျွန်တော်တို့ နိုင်ငံပိုင် ရွှေ များ ထဲမှ သူ့ သဘောရှိ သယ်ယူသွားခြင်းသာ ဖြစ်ပေမည်။

 

နောက်တရက် ကလော့ဒ်က ကျွန်တော် တို့ အတွက် လေယာဉ် သည် နှစ်ရက် အတွင်း ထွက်ဖို့ ရှိသည်ကို ဖုန်းဆက် အကြောင်းကြားရင်းက မနေ့ညက သူ မြင်တွေ့ခဲ့သည်များကို ကျွန်တော့်အား ပြောပြခဲ့ခြင်းပင် ဖြစ်သည်။

 

သူ ဖုန်းဆက်လာသည့် ညနေမှာပင် ကျွန်တော့် လူ စာရင်းလည်း ပြုစုလို့ ပြီးသွားခဲ့သည်။ ကျွန်တော် စာရင်း တွင် ဒီမိုကရေစီ နှင့် ကိုယ်စားပြု စနစ်ကို လက်ခံသည့် အထက်တန်း အရာရှိကြီးများ၊ အားလုံးက အရိုးသားဆုံးဟု လက်ခံသည့်အပြင် ကျွန်တော် နှင့်လည်း ပေါင်းရသင်းရ အဆင်ပြေသည့် အရာရှိများကို ထည့်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး အား ရှင်းပြခဲ့သည်။

 

ဗိုလ်ချုပ်ကြီးကလည်း ကျွန်တော့်၏ အကျိုးသင့် အကြောင်းသင့် တင်ပြမှု ကို လက်ခံခဲ့သည်။ ထို့အတွက် အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့တွင် လုပ်ငန်း ကျွမ်းကျင်ပြီး၊ အပြစ်မကင်းသည့် လုပ်သက်ရင့် အရာရှိကြီး အတော်များများ ကျန်ခဲ့တော့မည် ဖြစ်သည်။

 

ကျွန်တော် သည် ဗိုလ်မှုးကြီး တဦး၊ ဗိုလ်မှုး တဦး၊ ဗိုလ်ကြီးတဦး၊ ဒုဗိုလ် နှစ်ဦးနှင့် စာရင်းကို အဆုံးသတ်လိုက်သည်။ ကျွန်တော် အတွက် တနေရာ အပြင်၊ ဘွန် နှင့် သူ့ဇနီး၊ သူတို့၏ တဦးတည်းသော သားလည်း ဖြစ် ကျွန်တော်၏ ခေါင်းကိုင်သား လည်း ဖြစ်သည့် ကလေး အတွက် သုံးနေရာ ချန်ထားလိုက်သည်။