တရုတ်မှ စစ်ပွဲ ရပ်ရန် ညီနောင်သုံးဖေါ် အား သတိပေး

by Hla Soewai - Sep 05 2024

တရုတ် အာဏာပိုင်များ မှ အရှေ့မြောက် နယ်ခြားရှိ ညီနောင် သုံး‌ဖေါ် မဟာမိတ် အဖွဲ့အား အာဏာသိမ်း တပ်များအား တိုက်ခိုက်နေမှု အား ရပ်စဲရန် ပြင်းပြင်းထန်ထန် သတိပေးလာသည်ဟု TNLA ၏ ပြောခွင့်ရ လွေးယေဦး မှ RFA သို့ ထုတ်‌ဖေါ် ပြောဆိုလိုက်သည်။

 

ရွှေလီ ရှိ လုံခြုံရေး ကော်မတီ မှ စာ ရေးသား ပေးပို့ပြီး သတိပေးလာခြင်း ဖြစ်သည်ဟု ဆိုသည်။ တရုတ်-မြန်မာ နယ်ခြားဒေသ တည်ငြိမ်ရေး နှင့် တရုတ် နိုင်ငံသားများ လုံခြုံမှု ရှိရေး အတွက် တိုက်ပွဲများကို ချက်ခြင်း ရပ်စဲရန် ဟု ပါရှိသည်။

 

၎င်းတို့၏ တောင်းဆိုချက်ကို မလိုက်လျောပါက "သင်ခန်းစာ ကောင်းကောင်း ပေးမည်" ၊ ထို့အတွက် ဖြစ်လာသော အကျိုးဆက်များ အတွက် တာဝန်ခံရလိမ့်မည်ဟု ပါ ခြိမ်းခြောက်လာခဲ့သည်။

 

တရုတ်သည် ထိုသို့ သင်ခန်းစာ ပေးမည် ဆိုသော စကားဖြင့် ဗီယက်နမ်အား ၁၉၇၉ တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ဖူးသည်၊ ယခု အခါ တွင်တော့ ထိုမျှ အထိ လုပ်မည် မဟုတ်ဟု ယူဆရပြီး ညီနောင်သုံး ဖေါ် အဖွဲ့ တရုတ် ဘဏ်များ တွင် အပ်နှံထားသည့် ငွေများကို ထိန်းချုပ် ကောင်း ထိန်းချုပ်လာဖွယ် ရှိသည်။

 

တရုတ်တို့၏ ခြိမ်းခြောက်မှု ကြောင့် ညီနောင်သုံးဖေါ် အဖွဲ့ ထိတ်တန်း ခေါင်းဆောင်များ ‌တွေ့ဆုံ ‌‌ ဆွေး နွေးနေသည်ဟု လွေးယေဦးက ဆိုသည်။

 

တဖက်တွင် စစ်ကောင်စီသည် အပစ်ရပ် ရေး ကို လက်ခံလိုက်မည် ဆိုက ၎င်းတို့ အရှက်တကွဲ ဆုတ်ခွာ ထွက်ပြေးခဲ့ရသည့် လားရှိူးကို ပြန်လည် သိမ်းယူ နိုင်တော့မည် မဟုတ်တော့သည့် အနေအထား နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ယခုအခါ အဆင်ဖြူရှင် စစ်ဆင်ရေး ဆိုကာ စစ်ပြင်နေပြီ ဆိုသော သတင်းများ ထွက်ပေါ်‌ နေချိန် လည်း ဖြစ်သည်။

 

တရုတိသည် ပြည်တွင်းရေးကို ဝင်မစွက် ဟု ဆိုကာ မည်မျှပင် စကား တန်ဆာဆင် ပြောနေစေကာမူ ၎င်းတို့ စိတ်ထဲတွင် မြန်မာ အား တိုင်ဝမ် အဖြစ် တဖြေးဖြေး နှလုံးသွင်းလာကာ ၎င်းတို့ ပိုင် နယ်မြေ အလား ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်နေပြီ ဖြစ်သည်။

 

ညီနောင် မဟာမိတ် အဖွဲ့သည် လည်း တရုတ်စကားကို နားထောင်ပြီး ရပ်ဆိုင်းလိုက်မည် ဆိုက ၎င်းတို့၏ ကျဆုံးသွားသော ရဲဘော်များ အပေါ် သစ္စာမဲ့ရာ ကျပေမည်၊ စစ်ကျွန် ဘဝမှ လွတ်မြောက်ရန် စိတ်ဆန္ဒ ပြင်းပြနေသော မြန်မာ ပြည်သူ တရပ်လုံးက ၎င်းတို့ဖက်မှ မားမားမတ်မတ် ရပ်ကာ ထောက်ခံနေကြချိန်လည်း ဖြစ်သည်။

 

လက်ရှိတွင် TNLA သည် ရွှေလီ နှင့် မိုင် ၁၄၀ ခန့် ကွာဝေးသည့် နောင်ချို မြို့နယ် အတွင်း စစ်ကောင်စီ တပ်များအား ဆက်လက် တိုက်ခိုက်နေပြီး နောင်ချို မြို့တောင်ဖက် မိုင် ၂၀ ခန့် အကွာရှိ အမြှောက် တပ်ရင်း နှစ်ရင်း ဖြစ်သည့် AB 406 နှင့် AB 206 ကို သိမ်းယူ နိုင်ခဲ့သည်။ ကျန်ရှိနေသည့် စစ်စခန်း များကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။

 

ပြည်သူ့ ကာကွယ်ရေး တပ်များသည် ယခုအခါ ပဲခူး တိုင်း အနောက်ခြမ်းရှိ ပဲခူး ရိုးမ တဝိုက်တွင် ခြေကုပ် ရလာနေပြီး လက်ပန်တန်း မြို့ အနီးတဝိုက်တွင် တိုက်ပွဲ များ ဖြစ်ပွားလာနေသည်။

 

အာရက္ခတပ်တော်သည်လည်း သံတွဲ ရှိ နောက်ဆုံးလက်ကျန် ရေတပ်စခန်း ဖြစ်သည့် မောင်ရွှေလေး တပ်စခန်းသို့ ထိုးဖေါက် ဝင်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။ အာရက္ခတပ်တော်သည် အာဏာသိမ်း အဖွဲ့ ၏ ကြည်းရေလေ ဘက်ပေါင်းစုံ မှ အပြင်းအထန် ခုခံနေသည့်ကြားမှ စစ်တွေ နှင့် ငါးမိုင် အကွာအထိ ချည်းကပ်လာနေပြီ ဖြစ်ပြီး ရခိုင်ပြည်နယ် တခုလုံး ကို သိမ်းယူ နိုင်တော့မည် ဖြစ်သည်။

 

အာရက္ခတပ်တော်အား ဦးဆောင်နေသူ ‌စစ်ကဲကြီး ဗိုလ်ချုပ် ထွန်းမြတ် နိုင်သည် မည်သည့် စစ်ကျောင်းတော်ကြီး မှ တက်ရောက်ခဲ့ဖူးခြင်း မရှိပဲ ခရီးသွား လမ်းညွှန် အဖြစ် အသက်မွေး ဝမ်းကျောင်းခဲ့သူသာ ဖြစ်သည်။ ယခုအခါ အမေရိကန်၏ West Point ဟု အခြောက်တိုက် ဂုဏ်ယူ ဝင့်ကြွားနေသည့် မေမြို့ စစ်တက္ကသိုလ် ကျောင်းထွက် ဗိုလ်ချုပ်ကြီးများ လက်နက်ချသူချ၊ ထွက်ပြေးသူပြေး နှင့် ပြားပြားဝပ်နေရ ရှာပြီ ဖြစ်သည်။

 

စစ်ကောင်စီ သည် ‌၎င်းတို့ တပ်များအား ခိုင်းချင်တိုင်း ခိုင်းမရ‌ တော့သည့်အပြင် လူအင်အား မလုံမလောက် ဖြစ်လာ၍ ဂမူးရှူးထိုး နှင့် မြို့ရွာ များ တွင် လူငယ်လူရွယ် များအား အတင်းအကျပ် ဖမ်းဆီးကာ စစ်ထဲ ဆွဲသွင်း နေပြီ ဖြစ်သည်။ ၎င်းတို့အတွက် နိုင်ငံခြား ဝင်ငွေ ရှာပေးနေသော အထည်ချုပ် စက်ရုံ များရှိ အလုပ်သမားများကိုပင် ချမ်းသာပေးရကောင်းမှန်း မသိတော့ပဲ မျက်စောင်းထိုးလာနေ၍ အထိတ်တလန့် ဖြစ်နေကြသည်ဟု သိရသည်။ နောက်ဆုံး အရပ်သား သက်ကြီး ရွယ်အိုများကိုပင် ပြည်သူလုံခြုံရေး အဖွဲ့ဆို ကာ ကင်းစောင့်ခိုင်းနေပြီ ဖြစ်သည်။

 

ဤသည်က လူထု နှင့် တော်လှန်ရေး အဖွဲ့များကို ရန်တိုက်ပေးလိုက်ခြင်း ဖြစ်ပြီး တနိုင်ငံလုံး မှ တော်လှန်ရေး တပ်များအား ရန်သူ များ အဖြစ် တိုက်ခိုက်နေကြသယောင် ဖန်တီးလာခြင်း ဖြစ်သည်။

 

 ဘီဂျင်း၏ ငြိမ်းချမ်းရေး စကား တွင်တွင်‌ ပြောလာသည် ကို အခွင့်‌ ကောင်း ယူကာ ကုလ သမဂ္ဂ လုံခြုံ ရေး ကောင်စီ တွင် ဗြိတိန်မှ မြန်မာ နှင့် ပတ်သက်သည့် ၎င်းတို့ တင်သွင်းမည့် ဆုံးဖြတ်ချက် အဆို မူကြမ်းကို စတင် ဖြန့်ဝေလာသည်။ ကုလသည် သွားမရှိတော့သည့် ကျားအိုကြီး အဆင့် ရောက်နေပြီး ကြီး ငါးကြီး သဘောမတူ သရွေ့ ဘေးထွက်ထိုင် နေရသည်။

 

နိုင်ငံ အတွင်း ကမ္ဘာပျက် မတတ် ဖြစ်‌ နေသည့် ကြားမှ စစ်ကောင်စီသည် ၎င်းတို့ ငွေစက္ကူများ ရိုက်နှိပ်နေရသည့် အဖြစ်မှ သက်သာလို သက်သာငြား မီတာခ ကို နှစ်ဆ တိုးကောက်ရန် စိုင်းပြင်းလာနေသည်။

 

မင်းအောင်လှိုင်သည် ၎င်းဘဝ လုံခြုံရေး၊ သားသမီးများ၏ စည်းစိမ်ကို အကာအကွယ် ပေးနိုင်ရေး အတွက် ကြံရာမရ ဖြစ်ကာ အာဏာသိမ်းခဲ့မှု ကြောင့် ယခုအခါ လူ့ အသက်ပေါင်း များစွာ ဆုံးရှုံးနေရပြီ ဖြစ်သည့် အပြင် တိုင်းပြည်သည်လည်း ပျက်စီးလုနီးပါး ဖြစ်လာနေသည်။

 

မင်းအောင်လှိုင်သည် ထိုသို့ ဖြစ်ပျက်နေသည်များ ကို အိမ်မက် ဆိုး ဟုသာ ယူဆထားဟန်ရှိပြီး ဖူးလို့ ရသမျှ ဘုရားများ လိုက်ဖူးလိုက်၊ ယတြာချေလိုက်၊ နာရီပေါင်း များစွာ ကြာ အောင် ပေါက်ပန်းဈေး ပြောလိုက် နှင့်သာ အလုပ်များ နေပေတော့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!