လွတ်လပ်စွာ ကုန်သွယ်ခွင့် ဆိုသည်အား ဟန့်တားထားသော အတားအဆီးများ ထဲတွင် နောက်ဆုံး ဖေါ်ပြရန် ကျန်နေသည့် တခုကား အရင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်များထက် လုံးလုံးလျားလျား ကွာခြား နေသည်။
ပို့ကုန်များကို တင်ပို့ ရန် ရှိနေသည့် နိုင်ငံကလည်း ၎င်းတို့ တင်ပို့နိူင်သည်များကို ပိတ်ပင်လာခြင်း ပင် ဖြစ်သည်။ နိုင်ငံလုံခြုံရေး အတွက် လိုအပ်သည် ဆိုကာ ပြည်ပသို့ တင်ပို့မည့် ကုန်များကို သက်ဆိုင်ရာ အစိုးရက ထိုသို့ ပြုလုပ်လာခြင်း ဖြစ်သည်။
မိမိတို့၏ နည်းပညာ များကို ကုန်သွယ်ဖက် နိုင်ငံဖြစ် သော်လည်း လက်ရှိ နှင့် တချိန်ချိန် တွင် ရန်ဖက် ဖြစ်လာနိုင်သည်ဟု ယူဆထားသော နိုင်ငံများက စစ်ရေး နှင့် ထောက်လှန်းရေး ဖက်တွင် အသုံးချလာမည်ကို စိုးရိမ် ကြောင့်ကြလာသောကြောင့် ဖြစ်သည်။
အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် ပို့ကုန်များကို ထိန်းချုပ်လာခြင်းသည် ခိုင်လုံသည့် အကြောင်းပြချက် အဖြစ် လွတ်လပ်စွာ ကုန်သွယ်ရေး အတွက် အတားအဆီးဟု သတ်မှတ်ခံရခြင်းမှ ကင်းလွတ်ခွင့် ရလာခဲ့သည်။ သို့သော် အမျိူသား လုံခြုံရေး အကြောင်းပြပြီး ကိုယ်ကျိုးစီးပွား ကာကွယ်လာမည့် အန္တရာယ် ရှိနေပြန်သည်။
ကုန်သွယ်ရေး ဆွေးနွေးပွဲ
နိုင်ငံများ အကြား ကုန်သွယ်ရေးသည် သူ့အလိုလို ဖြစ်လာခြင်းတော့ မဟုတ်၊ နိုင်ငံများ၏ နယ်ခြားကို ကျော်ဖြတ်၍ ကုန်စည် နှင့် ဝန်ဆောင်မှု များ လွတ်လပ်စွာ စီးမျော နိုင်ခွင့်ရရေး အတွက် အတား အဆီးများ ဖယ်ရှားရန်၊ ကုန်သွယ်စည်းကြပ်ခွန်များ လျော့ချရန် အကြိတ်အနယ် ဆွေးနွေးပြီးမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထိုသို့ ဆွေးနွေးကြခြင်းသည် နိုင်ငံတကာ အတိုင်းအတာ အရ၎င်း၊ ဒေသတွင်း နှင့် နှစ်နိုင်ငံ အကြား အစီအစဉ် များ၊ စနစ်များ ပုံစံ ချ သတ်မှတ် နိုင်ရန် အတွက် ဖြစ်သည်။ ဤသို့ဖြင့် ကုန်သွယ်ရေး သဘောတူညီချက်များသည် တဖြေးဖြေး နှင့် ပိုမို ကျယ်ပြန့်လာသည်။ ထိုအထဲတွင် လုပ်ငန်းခွင် အခြေ အနေများ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး များပါ ထည့်သွင်းလာခဲ့သည်။
ထို့ပြင် မလွှဲမရှောင်သာပဲ ပေါ်ပေါက်လာနိုင်သည့် အငြင်းပွားမှု များကို ဖြေရှင်းရန် လုပ်ငန်းစဉ်များပါ ချမှတ်လာသည်၊ တနိုင်ငံ၏ အပြုအမူကို တနိုင်ငံက ကုန်သွယ်ရေး သဘောတူညီချက်များ နှင့် မကိုက်ညီဟု ဆုံးဖြတ်လာသည့် အခါ ဖြစ်ပေါ်လာတတ်သော အငြင်းပွားမှု မျိုး ဖြစ်သည်။
လက်ရှိ ကုန်သွယ်ရေး စာချုပ်များသည် ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ၁၉၄၇ တွင် နိုင်ငံပေါင်း ၂၃ နိုင်ငံဖြင့် ကုန်သွယ်ခွန် နှင့် ကုန်သွယ်ရေး သဘောတူညီချက် GATT စာချုပ် မှ မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စာချုပ်သည် စက်မှု ကုန်ပစ္စည်းများ စီးဆင်းမှု ကို အဟန့်အတား ဖြစ်စေသည့် သွင်းကုန်များ အပေါ် အခွန် စည်းကြပ်မှု ကို လျော့ချ ရေး အား အဓိက ဦးစားပေးခဲ့သည်။ ထိုသဘောတူညီချက်သည် အောင်မြင်လာသည်ဟု ဆိုရမည် ဖြစ်သည်။ ကုန်ပစ္စည်းများ အပေါ် အခွန်စည်းကြပ်မှု ကို တကမ္ဘာလုံး အတိုင်းအတာ ဖြင့် ထက်ဝက်ကျော် လျော့ချ ပစ်နိုင်ခဲ့သည်။ ၁၉၄၇ တွင် ၂၀ ရာနှုန်း ကျော် ရှိခဲ့ရာမှ ၂၀၁၈ တွင် ၉ ရာနှုန်းသာ ရှိတော့သည်။
GATT အဖွဲ့ကြီး အား ယခုအခါ ကမ္ဘာကုန်သွယ်ရေး အဖွဲ့ကြီး World Trade Organization (WTO) ဖြင့် အစားထိုးလာခဲ့ရာ အဖွဲ့ဝင်ပေါင်း ၁၆၄ နိုင်ငံ အထိ ရှိလာခဲ့သည်။ အဆိုပါ အဖွဲ့ကြီးသည် စက်မှု ကုန်ထုတ်လုပ်ငန်းများသာမက စိုက်ပျိုးရေး၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ဉာဏ်ရည် ဉာဏ်သွေး ဖြင့် တီထွင်မှု များ၊ နည်းပညာများကို ကာကွယ်ပေးရေး တို့ကိုပါ လွတ်လပ်စွာ ကုန်သွယ်ရေး တွင် ထည့်သွင်းလာခဲ့သည်။
ကုန်သွယ်ရေး ဆိုင်ရာ အငြင်းပွားမှု များကို ဖြေရှင်းရန် အဆုံးအဖြတ် ပေးမည့် ခုံသမာဓိ အဖွဲ့ကို ပါ ဖွဲ့စည်း လာခဲ့သည်။
ကမ္ဘာကုန်သွယ်ရေး ညီလာခံကြီးအား ၂၀၀၁ ခုနှစ်တွင် ဒိုဟာ မြို့တွင် စတင် ကျင်းပလာခဲ့ရာ ယခု အထိ ကိုးကြိမ် ရှိလာခဲ့ပြီး နောက်ဆုံး အကြိမ် ဆွေးနွေးပွဲ သည် သဘောတူညီချက် တစုံတရာ မရပဲ ပြီးဆုံးသွားခဲ့သည်။ အဓိက အားဖြင့် လယ်ယာ ထွက်ကုန်များ နှင့် စပ်လျင်း၍ မည်သို့မည်ပုံ စီမံ ခန့်ခွဲ ရမည် ဆိုသည် အပေါ် သဘောကွဲလွဲ နေခြင်းကြောင့် ဖြစ်သည်။
ကမ္ဘာကုန်သွယ်ရေး ဆွေးနွေးပွဲ များသည် စက်မှု ထွက်ကုန်များ အပေါ် စည်းကြပ်ခွန်များ လျော့ချ နိုင်ရေး တွင် ထိထိရောက်ရောက် အကျိုးရှိစေခဲ့သည်။
ယခင် GATT အဖွဲ့ဝင်များသည် ယခု WTO အဖွဲ့ဝင် ဖြစ်လာသည့် အခါ ၎င်းတို့ အချင်းချင်း ကုန်သွယ်ခွင့် အထူး အခွင့် အရေး နိုင်ငံ အဆင့်အတန်း သတ်မှတ်ပေးလာကြသည်။ ဆိုလိုသည်က ထိုနိုင်ငံများမှ ထွက်သော ကုန်စည်များအား အခြားနိုင်ငံများ နှင့် ယှဉ်လျှင် ကုန်သွယ်ခွန် အနိမ့်ဆုံး သတ်မှတ်ပေးရခြင်း ဖြစ်သည်။
ကုန်သွယ်ခွန် စည်းကြပ်မှု လျော့ပေါ့ပေးခြင်းကြောင့် ကုန်သွယ်ရေး အဆင်ပြေချောမွေ့လာခဲ့သည်။ ဆယ်စုနှစ်ပေါင်း များစွာ အတွင်း ပျမ်းမျှ ကုန်သွယ်ခွန်သည် ကျဆင်းလာခဲ့သည်။ ကုန်ပစ္စည်းများ အား ဈေးလျော့ကာ တင်ပို့သည့် လုပ်ရပ်များလည်း ကျဆင်းသွားသည်။
ကမ္ဘာကုန်သွယ်ရေး ပမာဏ သည် ၁၉၆၀ တွင် ဒေါ်လာ ၁၂၀ ဘီလီယံ ရှိခဲ့ရာမှ သက္ကရာဇ် ၂၀၀၀ တွင် ဒေါ်လာ ၆.၅ တြီလီယံ အထိ တိုးမြင့်လာခဲ့သည်။ ကုန်သွယ် ရေး သည် စီးပွားရေး၏ အဓိက မောင်းနှင်အား ဖြစ်သည့် အားလျော်စွာ ကမ္ဘာ စီးပွားရေး သည်လည်း ထိုကာလ အတွင်း ငါးဆ ခန့် မြင့်တက်လာခဲ့သည်။ ကမ္ဘာ GDP တွင် ကုန်သွယ် ရေး သည် လွန်ခဲ့သည့် နှစ် ငါးဆယ်ခန့်က ၂၀ ရာနှုန်း ရှိရာမှ ယခုအခါ ၄၅ ရာနှုန်းအထိ ရောက်လာခဲ့သည်။
လက်ရှိတွင် ကမ္ဘာ ကုန်သွယ်ရေး ပမာဏ သည် ဒေါ်လာ တြီလီယံ ၂၀ အထိ ဖြစ်လာ၍ ၂၀၀၀ ခုနှစ်ထက် သုံးဆ ခန့် အထိ မြင့်တက်လာသည်။ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းထက် စာလျှင် အဆပေါင်း ရာကျော် အထိ ဖြစ်လာသည်။ နိုင်ငံတကာ ကုန်သွယ်ရေးသည် တိုးတက်မှု နှုန်းသာ နှေးကွေးသွား နိုင်သော်လည်း ရှေ့လျောက် ဆက်၍ကြီးထွားလာဦးမည်သာ ဖြစ်သည်။