ဩဂုတ်လ ၂၄ ရက်နေ့တွင် ပဲရစ် မြိုစွန်ရှိ လယ်ဘိုရှေး လေဆိပ်သို့ ပါဗယ် ဒူဗော့၏ ကိုယ်ပိုင် ဂျက်လေယာဉ် ကြီး ဆိုက်ရောက်လာပြီး မကြာမီ မှာပင် ၎င်းအား အသင့် စောင့်ဆိုင်းနေကြသည့် ပြင်သစ် ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီးလိုက်ကြသည်။
ဆိုရှယ် မီဒီယာ တခု ဖြစ်သည့် တယ်လီဂရမ် အား တည်ထောင်သူ နှင့် အမှုဆောင် အရာရှိချုပ်လည်း ဖြစ်၊ ဘီလီယံ နာ သဌေးကြီး လည်း ဖြစ်သည့် အသက် ၃၉ နှစ်ရှိ ပါဗယ် ဒူဗော့ အား တယ်လီဂရမ် နှင့် ပတ်သက်၍ စစ်ဆေးစရာ ရှိသည်ဆိုကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ၎င်းအား ၉၆ နာရီကြာ ထိမ်းသိမ်း ပြီး စစ်ဆေးမေးမြန်းကာ ဩဂုတ် ၂၈ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ သို့သော် နောက်ပိုင်း တရားရုံးတွင် စွဲချက် တင်လာဖို့ ရှိနေ၍ အမှု ရင်ဆိုင်ရမည့် အလားအလာ ရှိနေသည်ဟု ပြင်သစ် အစိုးရ ရှေ့နေများ ရုံးက ထုတ်ဖေါ် ပြောဆိုခဲ့သည်။
၎င်းအား မည်သည့် အတွက်ကြောင့် ဖမ်းဆီးခဲ့သည် ဆိုသည်နှင့် စပ်လျင်းပြီး သတင်း အပြည့်အစုံ ထုတ်ပြန်ခြင်း မရှိ၍ ထင်ကြေး အမျိုးမျိုး ထွက်ပေါ်နေသည်။ အချို့က ရုရှားသည် ယူကရိန်း စစ်ပွဲ အတွက် တယ်လီဂရမ်အား သတင်းဖြန့်ချီရေး နှင့် စစ်ရေး ဆက်သွယ်မှု ကိရိယာ အဖြစ် အသုံးချလာခြင်းကြောင့် ဖြစ်သည်ဟု ခန့်မှန်းပြောဆိုခဲ့ကြသည်။
ရုရှား၏ ဇူကာဘတ်ဟု ခေါ်ဝေါ်နေကြသည့် မစ္စတာ ဒူရော့ သည် ရှရှား အား လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက စွန့်ခွာလာခဲ့သူ ဖြစ်သည်၊ ၎င်း၏ ဖေ့စ်ဘုတ် ပုံစံ VK အား ကရင်မလင် နှင့် နီးစပ်သည့် ရင်းနှီးမြုပ်နှံသူများထံ အတင်းအကျပ် ရောင်းချစေခဲ့ခြင်းကြောင့် ဖြစ်သည်။
ယခု အခါ ၎င်းသည် ယူအေအီး နိုင်ငံသား အဖြစ် ခံယူပြီး ၎င်း၏ ဇာတိ ရုရှား အပြင် ဒူဘိုင်း၊ ပြင်သစ်၊ အတ္တလန်တစ် သမုဒ္ဒရာ နှင့် ကာရစ်ဘီယံ ပင်လယ်အကြားရှိ စိန့်ကစ် နှင့် နီဗပ်စ် ကျွန်းစု တို့တွင် နေထိုင်လျက် ရှိသည်။
လွန်ခဲ့သည့် ၁၁ နှစ်က ဒူဗော့ စတင်တည်ထောင် ခဲ့သည် တယ်လီဂရမ်သည် အနောက်နိုင်ငံများ တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြခြင်း မရှိသေးပေ။ သို့သော် ကမ္ဘာတဝှမ်းတွင် ရှစ်ခုမြောက် အကြီးဆုံး ဆိုရှယ် မီဒီယာ ပလက်ဖေါင်း အဖြစ် ရပ်တည် နိုင်ခဲ့ပြီး အသုံးပြုသူပေါင်း သန်း ၉၀၀ ခန့် ရှိနေသည်။
တွစ်တာ တဖြစ်လဲ X ထက် ၅၀ ရာနှုန်း ပိုများ နေသည်။ ရုရှားရှိ အင်တာနက် သုံးသူ လေးပုံသုံးပုံခန့် တွင် လည်း တယ်လီဂရမ် ရှိထားပြီး ဖြစ်သည်။ ရုရှားများ အဖို့က ယူကရိန်း နှင့် ပတ်သက်သည့် သတင်း အစစ်အမှန်ကော အတုအယောင်များကိုပါ တယ်လီဂရမ်မှသာ ရရှိနေကြသည်ဟု ဆိုသည်။
တယ်လီဂရမ်သည် ကြော်ငြာများ မထည့်သွင်းသေး၍ ငွေကြေး အားဖြင့် ယခုထိ အကျိုးအမြတ် မရှိသေးသော်လည်း ၂၀၂၁ တွင် ကြော်ငြာများ လက်ခံလာ၍ လာမည့် နှစ် အတွင်း ငွေပေါ်လာမည်ဟု သိရသည်။
စတန်းဖို့ တက္ကသိုလ်ကြီး၏ အင်တာနက် လေ့လာ စောင့်ကြည်ရေး အဖွဲ့မှ ယမန်နှစ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ကလေးသူငယ်များ အပေါ် လိင်ကိစ္စ အမြတ်ထုတ်နေသည့် အုပ်စုကြီး တစု မှ တယ်လီဂရမ် သုံး၍ ယင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို အကြီးအကျယ် ဖြန့်ဝေနေသည်ဟု ပါရှိလာသည်။ မစ္စတာ ဒူဗော့ အား ဖမ်းဆီးခဲ့ရသည် အကြောင်းတခုလည်း ဖြစ်သည်ဟု ပြင်သစ် အစိုးရ ရှေ့နေများက ဆိုသည်။
ထိုသို့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများသည် ဆိုရှယ် မီဒီယာ တိုင်း လိုလို တွင် ရှိနေသော်လည်း ဒူဗော့သည် ဖယ်ရှားရန် ကြိုးစားမှု မဆိုသလောက်သာ ရှိခဲ့သည်။ ဖေ့စ်ဘုတ်သည် လုံခြုံရေး နှင့် အန္တရာယ် ကင်းရေး အဖွဲ့ အတွက် ဝန်ထမ်း ၄၀,၀၀၀ ခန့် ရှိနေချိန်တွင် ၎င်း၏ ဝန်ထမ်း အရည် အတွက်သည် ၅၀ ခန့်သာ ရှိနေသည်။
တယ်လီဂရမ်သည် အသုံးပြုသူများ၏ အချက်အလက်များကို မည်သည့် အစိုးရကိုမှ လွှဲပြောင်းပေးခြင်း မရှိဟု ဆိုသော်လည်း ယခင်က အမည်မဖေါ်ပဲ သုံးနေသူများ အား ရုရှား အစိုးရမှ မကြာမီက ဖေါ်ထုတ် နိုင်ခဲ့သည်။
အမေရိကန် FBI မှလည်း ၎င်း၏ တယ်လီဂရမ် အား အလွန် အမင်း အာရုံစိုက်လာနေသည်ဟု ပြီးခဲ့သည့် ဧပြီလ အတွင်း အင်တာဗျုး တခု တွင် ဒူဗော့ က ထည့် ပြောခဲ့၍လည်း ထင်ကြေး အမျိုးမျိုး ထွက်လာအောင် တွန်းအားပေးသလို ဖြစ်လာခဲ့သည်။
မစ္စတာ ဒူဗော့ အဖို့ ရှေ့လျောက် မည်သို့ပင် ဖြစ်လာစေကာမူ ၎င်းအား ဖမ်းဆီးခဲ့မှုသည် ဆိုရှယ် မီဒီယာ များအား အကြောင်းအမျိုးမျိုး ပြ၍ နှိပ်ကွပ်နိုင်ရန် နမူနာ အဖြစ် လမ်းပြသလို ဖြစ်လာခဲ့သည်။
(၂၀၂၄ ဩဂုတ်လ ၂၇ ရက်နေ့ အီကောနောမစ် မဂ္ဂဇင်းပါ "The arrest of “Russia’s Mark Zuckerberg” has rattled social media" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)