ရွေးကောက်ပွဲ အား ၂၀၂၅ နိုဝင်ဘာတွင် လုပ်မည်ဟု ဆို

by Hla Soewai - Sep 05 2024

စစ် ဗိုလ်ချုပ်များသည် ၎င်းတို့၏ နိုင့်ထက် စီးနင်း အုပ်ချုပ်နေမှု အား ကမ္ဘာအလယ်တွင် တရားဝင် ဖြစ်စေရန် ၂၀၂၅ နိုဝင်ဘာလ အတွင်း မဲပုံး ထောင်မည်ဟု ‌ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

ဩဂုတ်လ ၂၄ ရက်တွင် ၎င်းတို့ အတွက် နိုင်ငံရေး အာဏာ အရပ်ရပ်မှ ဝေစု အချို့တဝက်များ ရလာလေမလားဟူသော မျှော်လင့်ချက် ဖြင့် စစ်ကောင်စီ၏ ဖဲသုံးချပ် ကစားဝိုင်း တွင် ဝင်အော်ရန် ဆုံးဖြတ်ထားသည့် နိုင်ငံရေး ပါတီများ နှင့် တွေ့ဆုံပွဲတွင် ယခုလို ပြောဆို လိုက်ခြင်း ဖြစ်သည်ဟု အမျိုးသား နိုင်ငံရေး မဟာမိတ် ပါတီ ဥက္ကဌ သိန်းကြည်က DVB အား ပြောဆိုခဲ့သည်။

 

သို့သော် မည်သို့သော မဲပေးစနစ် ကို သုံးမည်၊ မဲလာပေးသူများ နှင့်၊ ရွေးကောက်ပွဲ အတွက် မဲဆွယ်ရမည့် ကိုယ်စားလှယ်ဆိုသူများ၏ လုံခြုံရေး အတွက် မည်သို့ စီစဉ်ထားသည်ကို တိကျသေချာစွာ ပြောဆိုခဲ့ခြင်း မရှိဟု သိရသည်။ ရွေးကောက်ပွဲ အား ယခင်လို တရက် ထဲ တွင် လုပ်၍ မရပဲ ဒေသ အသီးသီး တွင် ရက်များခွဲကာ လုပ်သွားရမည်ဟူ၍ တော့ အသိပေးသွားခဲ့သည်။

 

လူထု အား အစစ်အမှန် ကိုယ်စားပြု ရပ်တည်ပေး‌ နေသော အဓိက နိုင်ငံရေး ပါတီကြီး အများစု က ၎င်းတို့ လုပ်ပေးမည် ဆိုသော ရွေးကောက်ပွဲ တွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ်ထားကြပြီး ဖြစ်သည်။

 

လက်ရှိ ရွေးကော်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီ ပေါင်း ၄၉ ခု ရှိပြီး၊ ထို အထဲတွင် အင်အား အတောင့်တင်းဆုံး USDP အပါအဝင် ၉ ပါတီသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ယှဉ်ပြိုင်မည်ဟု သိရသည်။

 

မြန်မာ ၏ ကုလ သမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ နိုင်ငံတကာ အနေဖြင့် လူထု အား အမြဲတမ်း ဒုက္ခပေးသွားရန် ရည်ရွယ် ပြုလုပ်မည့် ရွေးကောက်ပွဲအား နိုင်ငံတကာ အနေဖြင့် ခွင့်မပြုရန် တနင်္လာနေ့ ကုလ အစည်း အဝေး တခု တွင် တိုက်တွန်း ပြောဆိုသွားခဲ့သည်။

 

လက်ရှိတွင် တရုတ် နှင့် ထိုင်း မှ စစ်ကောင်စီ မဲပုံးထောင်မည့် လုပ်ရပ်ကို ထောက်ခံ ကူညီသွားမည်ဟု ကတိပြုထားခဲ့သည်။ ၎င်းတို့ ထောက်ခံကူညီ သွားမည် ဆိုသော စစ်တပ်သည် ရွေးကောက်ပွဲ အပြီး အာဏာလွှဲပေးရန် ငြင်းဆိုခြင်း၊ မဲလိမ်သည်ဆိုကာ အာဏာသိမ်းခြင်းများ ဖြင့် ပြည်သူတို့ လက် နှင့် ရေးထားသည်ကို ခြေ နှင့် အကြိမ်ကြိမ် ဖျက်ဆီးခဲ့ကြသည့် သိက္ခာ မဲ့သူများ ဆိုသည်ကို မေ့လျော့နေပုံရသည်။

 

တရုတ်သည် ယခု အခါ ဝ နှင့် MNDAA တို့အား ငြိမ်းချမ်းရေး ဆွေးနွေးလာအောင် အကျပ်ကိုင်သည့် အနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်ခြားဒေသများအား ပိတ်ဆို့ လိုက်ပြီး၊ အထူးသဖြင့် ဝ အား လက်နက် ရိက္ခာများ တော်လှန်ရေး တပ်များထံ ပေးပို့ခြင်း မပြုရန် ဖိအား‌ ပေးနေသည်ဟု ဆိုသည်။အထူး သံတမန် တိန်ရီချွန်းသည် ယူနန်ပြည်နယ် တန်ချောင်း မြို့တွင် ကချင်လွတ်လပ်ရေး တပ်တော် မှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးနေသည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။

 

ဘီဂျင်းသည် ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့ဝင်များ နှင့် တဖွဲ့ချင်း အလိုက် သီးခြားစီ တွေ့ဆုံသွားရန် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။

 

စစ်ကောင်စီ တပ်များသည် တဖက်က စစ်ရေး အရ ဖိအားပေးနိုင်ရန် ကချင် ပြည်နယ် တောင်ပိုင်းရှိ မိုးမောက် နှင့် မံစီ ကို ပြန်လည် သိမ်းယူ နိုင်ရန် အလုံးအရင်း နှင့် ထိုးစစ် ဆင်လာနေ၍ ကချင် လွတ်လပ်ရေး တပ်တော်နှင့် တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားလျက် ရှိနေသည်။

 

နောက်ထပ်ရရှိ‌သော သတင်းအရ နယူးယောက်ရှိ ကုလ ဌာနချုပ် တွင် စစ်ကောင်စီ၏ အရပ်သားများ အပေါ် တိုက်ခိုက်နေခြင်းသည် ကြောက်မက်ဖွယ် မြင့်တက်လာနေခြင်းအား ရှုတ်ချကြောင်း အဆိုကို လုံခြုံရေး ကောင်စီ တွင် တင်သွင်းရန် ဗြိတိန် ကိုယ်စားလှယ်မှ မူကြမ်း ရေးဆွဲပြီး ဖြန့်ဝေထားသည်ဟု သိရသည်။ ရိုဟင်ဂျာ အရေး အား နောက်ထပ် တဖန် စိုးရိမ်စရာ ဖြစ်လာနေ၍ ထို အဆိုအား လုံခြုံရေး ကောင်စီ တွင် အကြိတ်အနယ် ဆွေးနွေးရဖို့ ရှိနေသည်။

 

၂၀၂၂ ဒီဇင်ဘာလ တွင် လုံခြုံရေး ကောင်စီ၏ မြန်မာ နှင့် ပတ်သက်၍ ပထမဆုံး အကြိမ် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အား တရုတ်၊ ရုရှား၊ အိန္ဒိယ တို့ မှ ကန့်ကွက်ခြင်း မရှိဘဲ ကြားနေခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ စစ်တပ်သည် ဒီမိုကရေစီ အယောင်ပြ၍ မဲပုံးထောင်ကာ နိုင်ငံရေး အာဏာကို ရာသက်ပန် သိမ်းပိုက်ထားရန် ရည်ရွယ်လာပြီ ဖြစ်၍ မိမိတို့ ဖက်မှ ထိုးစစ်ကို ယခုထက် ပို၍ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု ပြောလာခဲ့သည်။

 

လူထု ကြီးကလည်း စစ်တပ်သည် ၎င်းတို့ အတွက် သေရေးရှင်ရေး ဟု ယူဆ ဆုပ်ကိုင်ထားသော နိုင်ငံရေး အာဏာကို မိမိတို့ မဲတပြားထည့်ယုံမျှ ဖြင့် မည်သို့မျှ အသာတကြည် လွှဲပြောင်းပေးမည် မဟုတ်ဆိုသည်ကို ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!