လွတ်လပ်သည့် ကုန်သွယ်ရေး အား ထင်သာမြင်သာ မရှိအောင် ကွယ်ဖျောက်ထားသည့် အတားအဆီးများလည်း ရှိနေသေးသည်။ ထိုအထဲတွင် အစိုးရမှ ငွေကြေးပံ့ပိုး ပေးထားမှုပင် ဖြစ်သည်။ အတိုးနှုန်း သက်သာစွာဖြင့် ငွေထုတ်ချေးမှု မျိုးလည်း ပါဝင်သည်။ အစိုးရများမှ ပြည်တွင်း ကုမ္ပဏီများ၊ စက်မှု လုပ်ငန်းများမှ ထွက်ကုန်များကို ဝယ်ယူခြင်း၊ ထုတ်လုပ်မှု စရိတ် သက်သာစေရန် ဈေးနှုန်းချိုသာစွာဖြင့် လိုအပ်သော ကုန်ကြမ်းများ ရောင်းချပေးခြင်း အစရှိသည့် နည်းလမ်းများဖြင့် ကူညီပေးခဲ့သဖြင့် ဈေးနှုန်း သက်သာစွာ ဖြင့် ပြည်ပသို့ တင်ပို့ နိုင်ခဲ့သည်။
ပြည်တွင်းသို့ တင်သွင်းလာသော ကုန်ပစ္စည်း များ နှင့်လည်း ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်လာသည်။ ပြည်ပတွင်လည်း ဈေးကွက်များ ချဲ့ထွင်လာနိုင်ခဲ့သည်။
ထိုနည်းလမ်းမျိုး ဖြင့် Airbus သည် Boeing လေယာဉ် ကုမ္ပဏီ ကြီး နှင့် ပုခုံးချင် ယှဉ်လာနိုင်သည့် အဆင့် ရောက်လာခြင်း လည်း ဖြစ်သည်။
တရုတ် အစိုးရပိုင် ဟု ဆိုသော ကုမ္ပဏီ ကြီးများ သည်လည်း အခြားနိုင်ငံများ တွင် မရနိုင်သော အတိုင်းအတာ မျိုး အထိ အစိုးရထံမှ ပံ့ပိုးမှုများ ရရှိထားကြသည်။
နောက်ထပ် နည်းလမ်းတခုမှာ နိုင်ငံ၏ ပြည်ပ ပို့ကုန်များ အကျိုး အမြတ် ရှိစေရန် နှင့် သွင်းကုန်များကို ထိခိုက်စေရန် ငွေတန်ဖိုးကို အုပ်စီးခြယ်လှယ်လာခြင်း မျိုး ဖြစ်သည်။
နိုင်ငံတွင်း လည်ပတ်နေသော ငွေပမာဏ ကို ထိန်းချုပ်ခြင်း၊ အတိုးနှုန်းများ ဖြင့် ချေးငွေ အတွက်ကုန်ကျစရိတ် များ စီစစ် တွက်ချက်ရသည့် အစိုးရ ဗဟိုဘဏ်သည် ၎င်း၏ ငွေတန်ဖိုးကို ကုန်သွယ်ဖက် နိုင်ငံ၏ ငွေတန်ဖိုးထက် လျော့ချပစ်ခဲ့သည်။ ထို့အတွက် သွင်းကုန်များ ဈေးနှုန်း ကြီးမြင့်လာပြီး ပို့ကုန်များကို ဝယ်ယူသူများ အတွက် ဈေးနှုန်းချိုသာစွာ ဖြင့် တင်ပို့ပေးနိုင်ခဲ့သည်။
တရုတ်သည် ကမ္ဘာဈေးကွက်သို့ ဝင်ရောက်လာချိန်တွင် အဆိုပါ နည်းလမ်းမျိုးဖြင့် ၎င်းတို့၏ ပို့ကုန်ဈေးကွက် ကို ချဲ့ထွင်ခဲ့ခြင်း ဖြစ်သည်။
ငွေတန်ဖိုးကို ကျဆင်းအောင် ချပစ်သည့် ချယ်လှယ်ခြင်းမျိုးသည် ပို့ကုန်များကို မြှင့်တင်နိုင်ပြီး သွင်းကုန်များ လျော့ချပစ်နိုင်သည်။ ယင်းအား ကုန်သွယ်ရေး အတွက် လုပ်ငန်းစဉ် တရပ် အဖြစ် ကျင့်သုံးလာခဲ့ခြင်းလည်း ဖြစ်သည်။
ထိုလုပ်ရပ်မျိုး အတွက် ပေးဆပ်ခဲ့ရသည်များ ရှိလာသည်။ နိုင်ငံသားများက ၎င်းတို့နှစ်သက်သည့် ပြည်ပ မှ ကုန်ပစ္စည်းများကို ဝယ်ယူရန် မတတ်နိုင်လောက်အောင် ဈေးနှုန်းကြီးမြင့်နေခြင်းကို မကျေမနပ် ဖြစ်လာကြသည်။ ငွေတန်ဖိုးကို ကစားလာခြင်းသည် အခြား နိုင်ငံများအားလည်း ထိုသို့ လုပ်လာအောင် အားပေးအားမြှောက် ပြုသလို ဖြစ်လာသည်။ ထိုသို့ မဟုတ်ကလည်း သွင်းကုန် ခွန်များ စည်းကြပ်ပြီး လက်တုန့်ပြန်လာတတ်သည်။ ထိုသို့သော လုပ်ရပ်များကို ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွားမီက တွေ့ကြုံခဲ့ရသည်။
ကုန်စည်များကို စွန်ပစ်မှု များသည်လည်း လွတ်လပ်စွာ ကုန်သွယ်ရေး စနစ် နှင့် မကိုက်ညီသော နောက်ထပ် အပြုအမူ တခု ဖြစ်သည်။ စွန်ပစ်ခြင်း ဆိုသည်က အမှိုက်ပုံ ရှိရာသို့ မဟုတ်ပဲ ကုန်ပစ္စည်း တခုကို ပြည်တွင်းဈေးကွက် ပေါက်ဈေးထက် လျော့ပေါ့၍ ပြည်ပသို့ တင်ပို့ ရောင်းချခြင်းကို ဆိုလိုသည်။ တခါတရံ တွင် တင်ပို့သည့် ဈေးနှုန်းသည် ထုတ်လုပ်ရာတွင် ကုန်ကျသည့် စရိတ်ထက်ပင် နည်းနေသေးသည်။
ထိုသို့ ကျိုးကြောင်း မဆီလျှော်သော လုပ်ရပ်များသည် တကယ်တမ်းတွင် ပြည်ပ ဈေးကွက်များ ကို အုပ်စီးမိရန် အတွက် ဖြစ်သည်။ ထိုသို့ အုပ်စီး မိလာသည့် အခါ နောက်ပိုင်းတွင် ဈေးကွက်ကို လက်မလွှတ် စေရပဲ ဈေးနှုန်းများ ပြန်တင်၍ ရောင်းချလာကြသည်။
ထိုလုပ်ရပ် ကြောင့် နောက်ထပ် ရရှိသော အကျိုး ကျေးဇူး တခုသည်ကား ပြည်တွင်းရှိ အလုပ်သမား များ အလုပ်လက်မဲ့ ဖြစ်မသွားအောင် ထိန်းထားနိုင်ခြင်း ဖြင့် မလိုလားအပ်သည့် နိုင်ငံရေး ပြဿနာ များ ထွက်ပေါ်မလာအောင် ရှောင်ရှား နိုင်သည်သို့သော် ကုမ္ပဏီ များ အရှုံးမပေါ်ရန် အစိုးရက နောက်ကွယ် မှ ထောက်ပံ့ပေးခဲ့သည်။
GATT ဟု ခေါ်သည့် ကုန်သွယ်ခွန် နှင့် ကုန်သွယ်ရေး ဆိုင်ရာ အထွေ ထွေ သဘောတူညီချက် အဖွဲ့ဝင် နိုင်ငံများက ထိုသို့သော လုပ်ရပ်များ မဖြစ်ပေါ်အောင် ရှောင်ကျဉ်ရမည့် ဥပဒေသများကို ချမှတ်လာကြသည်။ ၁၉၉၄ ခုနှစ် တွင် ကမ္ဘာကုန်သွယ်ရေး အဖွဲ့ချုပ် ကြီး ပေါ်ပေါက်လာချိန်တွင် စည်းမျဉ်းစည်းကမ်းများ တိုးချဲ့လာခဲ့သည်။
ကုန်သွယ်ရေး တွင် တီထွင်မှု မှတ်ပုံတင် ခြင်း နှင့် မူပိုင်ခွင့် ဆိုသည်တို့ကို လေးစားလိုက်နာရန် လိုအပ်သည်။ ဆိုလိုသည်က မုပိုင်ခွင့် အတွက် သုံးစွဲခွင့်ကို ပေးချေရမည့် အပြင် နည်းပညာ နှင့် တီထွင်မှု များအား ခိုးယူခြင်း မပြုရန် ဖြစ်သည်။
ကုန်ပစ္စည်း တခု ထွက်ပေါ်လာ ရေး အတွက် ကုမ္ပဏီများသည် သုတေသန အဆင့်ဆင့် ပြုလုပ်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် များ အတွက် ထိုက်ထိုက်တန်တန် အကျိုးခံစားခွင့် ရှိရမည် ဖြစ်သည်။ ထိုသို့ မရရှိဟု ဆိုက နောက်ထပ် ကုန်ပစ္စည်း များ ထုတ်လုပ်ရန် ရင်းနှီး မြုပ်နှံမှု မျိုး လုပ်နိုင်တော့မည် မဟုတ်သည့် အပြင် တီထွင်ကြံဆလိုစိတ်များလည်း ကင်းမဲ့လာတော့မည် ဖြစ်သည်။
ကုမ္ပဏီ များသာ မက တကိုယ်တော် စွန်းဦး တီထွင်သူများလည်း ထို့အတူပင် ဖြစ်သည်။ ကုမ္ပဏီ များနှင့် လူပုဂ္ဂိုလ် တဦးချင်းစီ၏ တီထွင်မှု များအား အကာအကွယ် ပေးဖို့ ဆိုသည်က အင်တာနက် ခေတ်ကြီးတွင် ပို၍ ခက်ခဲလာရသည်။
အထူးသဖြင့် တရုတ်သည် ဉာဏ်ပညာဖြင့် တီထွင် ဖန်တီးထားမှု များကို ခိုးယူခဲ့ကြသည်။ ထို့နောက်တွင် တရုတ် ကုမ္ပဏီများသည် ၎င်းတို့ ပိုင် ပစ္စည်းများ အဖြစ် ပြည်တွင်း ပြည်ပသို့ ဖြန့်ချီ ရောင်းချ ခဲ့ကြသည်။