ကတိကလည်း အထပ်ထပ်

by Hla Soewai - Aug 29 2024

တရုတ် နိုင်ငံ သံ အမတ် အသစ် အဖြစ် မ ဂျီယာ ဆိုသည့် အမျိုးသမီး တဦး ကို ပထမ ဆုံး အကြိမ် အဖြစ် ထူးထူးခြားခြား ခန့်အပ်လာခဲ့သည်။

 

တရုတ်ပြည်သူ့ နေစဉ် သတင်းစာ၏ အွန်လိုင်းတွင် မြန်မာ စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဖြစ်သူ မင်းအောင်လှိုင် အား သံအမတ် ခန့်အပ်လွှာ ပေးအပ်ခဲ့သည့် အကြောင်း ‌ဖေါ်ပြလာခဲ့သည်။ သမ္မတ ဟူ၍ ညွန်းဆိုလာခြင်း မရှိသည်ကို တွေ့ရသည်။

 

အဆိုပါ သံအမတ် ခန့်အပ်လွှာ လက်ခံယူသော မင်းအောင်လှိုင်မှ တရုတ် နှင့် ဆက်ဆံရေးကို လွန်စွာ တန်ဖိုးထား‌ပါကြောင်း နှင့် နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့် သွားမည်ဟု ပြောလာခဲ့သည်။

 

အသက် ၅၆ နှစ်ရှိ မ ဂျီယာသည် ဗိုလ်သန်းရွှေ အုပ်စိုးစဉ် ၁၉၉၅-၉၈ အတွင်း တရုတ်သံရုံး တွင် တတိယ အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ထို့နောက်တွင် သံတမန် တဦး အဖြစ် ပါကစ္စတန်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား နှင့် ဗြိတိန်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

မြန်မာ နိုင်ငံ ဆိုင်ရာ သံအမတ် အဖြစ် ခန့်အပ်ခြင်း မခံရမီ နယူး ‌ဒေလီ ရှိ တရုတ်သံရုံး အတွက် အထူး အကြံပေး ဖြစ်ခဲ့သည်။

 

တရုတ်၏ အကျိုးစီးပွား နှင့် ဝန်ထမ်း များကို အကာအကွယ် ပေးပါမည်ဟု မင်းအောင်လှိုင်ဖက်က တရုတ် သံအမတ် အသစ် အမျိုးသမီးအား ကတိအထပ်ထပ် ပေးနေသော်လည်း ရှမ်းမြောက်‌ဒေသရှိ တရုတ် စီမံကိန်း ၁၉ ခု အနက် တဝက်နီးပါးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ထိန်းချုပ်ထားပြီး ဖြစ်သည်။

 

တရုတ်၏ ရင်းနှီးမြုပ်နှံမှု များ ပါနေ‌သော တကောင်း နီကယ်စက်ရုံ နှင့် ပုသိမ်ကြီး မြို့နယ် အတွင်းရှိ အယ်ဖာ ဘိလပ်မြေ စက်ရုံများကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ဖြစ်သည်။

 

ပြီးခဲ့သည့် နှစ်ပတ် အတွင်း တရုတ် ဆန့်ကျင်ရေး စကားများ စောင်းပါးရိပ်ခြေ ပြောပြီး ပြည်ပ ကျူးကျော်စစ် ပုံစံ ပြောလာသော စကားများသည် မင်းအောင်လှိုင် ပါးစပ်ဖျား မှ အ‌ငွေ့ပျံသွားသည့် အလား လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီ ဖြစ်သည်။

 

နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် လည်း ဘီဂျင်းသို့ ရောက်ရှိလာသော ကုလ အ‌တွင်းရေး မှုး ချုပ် ၏ အထူး သံတမန် မစ္စက် ဂျုလီ ဘစ်ရှော့ကို လက်ခံ တွေ့ဆုံခဲ့သည်။

 

သူမသည် အထူး သံတမန် ရာထူး ကို ရယူ ပြီးနောက် စစ်‌ ကောင်စီ အား တစုံတရာ ဝေဖန်ချက် မပေးပဲ အထူး သိုသိုသိပ်သိပ် နေလာခဲ့ရာမှ ယခု ဘီဂျင်း ခရီးစဉ်သည် မြန်မာပြည်သို့ သွားရောက်နိုင်ရန် ကြိုးစားခြင်း ဖြစ်ပုံရသည်ဟု ယူဆရသည်။

 

မစ္စက် ဘစ်ရှော့သည် မြန်မာ အရေး တရုတ် အထူးသံတမန် တိန် ရှီချွန်း နှင့် ပါ တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် မြန်မာ အရေး ကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ မောနင်း မှ ဆိုသည်။

 

ကုလ အတွင်းရေးမှုးချုပ် အထူး သံတမန်အားလည်း လိုအပ်သည်များ ကူညီပံပိုးသွားမည် ဖြစ်ပြီး သက်ဆိုင်သည့် အဖွဲ့အစည်း အားလုံးနှင့် မျှမျှတတ နှင့် အပြုသဘော ဆောင်သည့် မူ ကို စွဲကိုင် ဆောင်ရွက်သွားလိမ့်မည်ဟု လည်း ပြောသွားခဲ့သည်။

 

တရုတ် အစိုးရ သည် စစ်ခေါင်းဆောင်များအား လက်မလွှတ်ပဲ ၎င်းတို့၏ ပျော့ကွက် ကို နှိုက်ပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်ရန် စိတ်ကူးယဉ်နေခြင်း သက်သက်သာ ဖြစ်သည်။

 

စစ်ကောင်စီ ဖက်ကလည်း ၎င်းတို့ ထိန်းနိုင်လိမ့်မည်ဟု ရူးသွပ်စွာ စိတ်ကူး ယဉ်နေဆဲ ဖြစ်ပြီး အလျော့ပေးမည့် လက္ခဏာ မတွေ့ရသေးပေ။ လက်ရှိ အဖက်ဖက်က အနှုတ်လက္ခဏာ ပြလာနေသော စစ်ရေး နှင့် စီးပွားရေး အခြေအနေများက ထိုသို့ ယူဆ‌နေခြင်းသည် မျက်မမြင် ပုဏ္ဍား ခြောက်ယောက် ဆင်စမ်းပြီး အုပ်ချုပ်‌ နေသည်နှင့် အလားသဏ္ဍန် တူနေပေသည်။

 

တီမော သမ္မတ ဟိုဆေး ရာမို့စ် ဟိုတာ မှ NUG နှင့် မြန်မာနွေဦးတော်လှန်ရေး အောင်မြင်မှု များ အကြောင်း အွန်လိုင်း ဆွေးနွေးပွဲတွင် စစ်တပ် ဟာ စစ်ရူး ရူးနေပြီ၊ နိုင်ငံရေး စစ်မျက်နှာ အပါအဝင် ကဏ္ဍ အားလုံးမှာ ကျရှုံးနေပြီ၊ လူထု နဲ့ နိုင်ငံ တကာ ရဲ့ လေးစားမှု နဲ့ ယုံကြည်မှု တွေ အားလုံး ဆုံးရှုံးသွားခဲ့ပြီ ဟု ပြောဆိုသွားခဲ့သည်။

 

ထိုဆွေးနွေးပွဲတွင် ပါဝင်သူ ဩစတေးလျှ စီးပွားရေး ပညာရှင်ကလည်း တိုင်းပြည် စီးပွားရေးသည် ဖြစ်သင့်သည့် အနေအထားထက် ၅၀ ရာနှုန်း ထိုးကျသွားပြီဟု ဆိုသည်။

 

လက်ရှိတွင် နိုင်ငံ၏ ပြည်ပ ရင်းနှီးမြုပ်နှံမှု သည် ၂၀၂၄ ၏ ခုနှစ်လ တာ ကာလ အတွင်း ဒေါ်လာ သန်း ၁၅၀ အထိ စံချိန်တင် ထိုးကျသွားခဲ့သည်ဟု သိရသည်။ ၂၀၂၀ တနှစ် အတွင်းမှာပင် ဒေါ်လာ ၃.၈ ဘီလီယံ အထိ ရရှိခဲ့မှု နှင့် နှိုင်းစာလျင် လွန်စွာ မှ နည်းပါးနေပြီ ဖြစ်သည်။

 

အဓိက အားဖြင့် ငွေလဲနှုန်းကို တဒေါ်လာလျှင် ၂,၁၀၀ ကျပ် ဟု အတင်းအကျပ် သတ်မှတ်ထားခြင်း ကြောင့် ပြည်ပ ကုမ္ပဏီများ လုပ်ရကိုင်ရ ကျပ်တည်းလာနေခြင်း ကြောင့်ပင် ဖြစ်သည်။

 

ဒေါ်လာ ခုနှစ် ဘီလီယံ အထိ ရင်းနီး မြုပ်နှံထားသော ထိုင်းကုမ္ပဏီများလည်း လုပ်ငန်းများ ရပ်စဲ ကုန်ပြီဟု ထိုင်း သတင်းစာ The Thaiger တွင် ရေးသားထားသည်ဟု RFA သတင်းတွင် ပါရှိခဲ့သည်။

 

လုပ်ငန်း အတော်များများ သည် ထိုင်းဖက်သို့ ရွှေ့ပြောင်းကုန်ကြပြီး စွမ်းအင်၊ သဘာဝဓါတ်ငွေ့ နှင့် ရေနံ ထုတ်လုပ်ရေး ပိုင်း နှင့် ဆက်စပ်နေသော စင်္ကာပူ၊ ထိုင်း၊ တရုတ်တို့တွင် အခြေစိုက်သော ကုမ္ပဏီများ သာ ပေကပ်ကျန်နေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!