ဆင်ဖြူရှင်၊ ကေတုမတီ မြို့ရိူး၊ ဦးအောင်ဇေယျ တို့ဖြင့် တိုင်းပြည် စီးပွား ဖော်ဆောင် အံ့

by Hla Soewai - Aug 29 2024

အဓမ္မ ဝါဒ ကို လက်ကိုင်ထားပြီး အတိတ် ကာလ တွင်သာ သာယာယစ်မူးလိုသူများ နှင့် တိုးတက်နေသော ခေတ်ကြီး နှင့် အတူ တောက်ပသော အနာဂတ်ကို ဖန်တီးလိုသူများ အကြား ပြင်းပြင်းထန်ထန် ဖြစ်ပွားလာသော စစ်ပွဲကြီးလည်း ဖြစ်သည်။

 

သမိုင်းသည် အသစ် အသစ် ကိုသာ တောင်းဆိုလာရိုး ထုံးစံရှိသည် ဖြစ်၍ အဟောင်းကိုသာ စွဲကိုင်ထားလိုသူ အင်အားစု များကို ဖယ်ရှားနိုင်ရန် အမြဲလို တွန်းထိုး ရုန်းကန် နေကြဦးမည်သာ ဖြစ်သည်၊ မည်သို့သော တန်ခိုးရှင်ကမျှ ထိုအင်အားစု နှစ်စု အကြား ပြေလည်အောင် ဖန်တီး ပေးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်။

 

ထိုသို့ သမိုင်း၏ တောင်းဆိုချက်အရ ဆန့်ကျင်ဖက် အင်အားစု များ အကြား အပူတပြင်း ပေါ်ပေါက်လာသော လက်နက်ကိုင် တော်လှန်ရေး သည် ယခုအခါ မြိုရွာများ ကို တခုပြီး တခုသိမ်းပိုက်လာနိုင်ခြင်း၊ တပ် တွင်း တွင်လည်း စိတ်ဓါတ်များ ဖရိုဖရဲဖြစ်ကာ စိတ်ဝမ်း ကွဲလာခြင်း၊ အုပ်ချုပ်နေသူ များ အဖို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဖြစ်လာပြီး ပြည်ပမှ ဝင်ရောက်အကူ အညီ ပေးရန်အထိ ပြောလာရခြင်း၊ လူထု သည်လည်း စားရမဲ့ သောက်ရမဲ့ ဘဝ ဖြင့် ကျပ်တည်းသည်ထက် ကျပ်တည်းလာနေခြင်း စသည့် အခြေအနေများကြားတွင် အဓမ္မ ဝါဒီ မင်းအောင်လှိုင် နှင့် အဖွဲ့ ပြုတ်မကျ ဟု ဆိုကာ မည်သည့် အခါမျိုးမှ ပြုတ်ကျ နိုင်စရာ အကြောင်း မရှိတော့ပေ။

 

ထိုသို့ တခါဖူးမျှ မကြုံဖူး လောက်‌ အောင် တုန်လှုပ် ချောက်ခြားစရာ ကောင်းလှသည့် အန္တရာယ် ကြီးနှင့် လက်ရှိ စစ်ဗိုလ်ချုပ်များ ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ ထိုအရေး ကို ရင်ဆိုင်ရန် ဆိုသည်ကလည်း ၎င်းတို့ ခေါင်းဆောင် ဆိုသူသည် အရည်အချင်း ရှိလှ၍ မဟုတ်ပဲ ကျွန်ယုံ ကျွန်ကောင်း ပီသစွာ ကပ်ပါးယပ်ပါး နေရာ ရလာသူ လည်း ဖြစ်နေပြန်သည်။

 

ယခင် စစ်အာဏာရှင် ဟောင်းများ ဖြစ်သော ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ ၏ ခေါင်းဆောင်မှု အရည်အသွေး နှင့် ယှဉ်လျင် မိုး နဲ့ မြေလို ကွာ‌ နေပြီ ဆိုသည်ကလည်း လယ်ပြင်တွင် ဆင်သွားသလို ထင်းထင်းကြီး မြင်တွေ့လာကြရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ဗဟိုဘဏ် အထူး အကြံပေး အဖြစ် ဆောင်ရွက်နေသော စီးပွားရေး ပညာရှင် ရှောင်တန်နဲလ် မှ စစ်ဗိုလ်ချုပ်များသည် ကျပ်ငွေ တန်ဖိုး ၈၀ ရာနှုန်း ကျော်အား ဖျက်ဆီးပစ်လိုက်ကြပြီဟု ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲ တွင် ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

NLD လက်ထက် တွင် အာရှ၏ နောက်ဆုံးကျားကြီ တကောင်ဟု သတ်မှတ်ခံထားရသည့် မြန်မာသည် ယခုအခါ အဆင်းရဲဆုံး နိုင်ငံ ဖြစ်လာပြီး လူထုသည်လည်း လက်လှုပ်မှ ပါးစပ်လှုပ် နိုင်သည့် ဘဝမျိုး ရောက်ရှိနေသည် မှာ အတော်လေး သိသာထင်ရှားလာခဲ့သည် ဟု ဆိုသည်။

 

ငွေတန်ဖိုးသည် စီးပွားရေး၏ ညွန်းကိန်းလည်း ဖြစ်၍ တိုင်းပြည် စီးပွားရေးအား ၎င်းတို့ ဖျက်ဆီးခဲ့သည့် အတိုင်းအတာ ကို ပြဆိုနေသည်ဟုလည်း ပြောသွားခဲ့သည်။

 

မင်း‌ အောင်လှိုင်သည် ၎င်းကြောင့် တတိုင်းပြည်လုံး ထိုသို့ အတိဒုက္ခ ရောက်နေရသည်ကို အားနာရကောင်းမှန်း မသိ၊ မျက်နှာ တချက် မပျက်ပဲ ၎င်းတို့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည့် မြို့ပေါင်း ၇၆ မြို့ထဲတွင် တခု အပါအဝင် ဖြစ်သော တောင်ငူသို့ ရောက်ရှိလာပြီး တောင်ငူမြို့ရိုးနှင့် ကေတုမတီနန်းတော်ရာ နေရာများကို ပြန်လည်ဖော်ထုတ်သွားရန် ပြောဆိုသွားကြောင်း သိရသည်။

 

၎င်းအတွေးထဲတွင် ရှိလာသည်က ဒေါ်လာဈေး အတက်အကျသည် မြန်မာ စီးပွားရေး အတက်အကျ နှင့် တိုက်ရိုက် ဆက်စပ်နေသည့် ပြဿနာ မျိုး ဗိုလ်နေဝင်း နှင့် ‌ဗိုလ်သန်းရွှေ တို့ မကြုံခဲ့ရပဲ ငါ့ကျမှ လာဖြစ်နေသည်၊ ငါလည်း သူတို့လို စနစ် ကျင့်သုံးရင် ဒါမျိုး‌ တွေ ကြုံတော့မည် မဟုတ်ဟူသော အတွေးဖြင့် ဆိုရှယ်လစ် စနစ် အား သမဝါယမ ဟု ယဉ်ယဉ်လေး အမည် တပ်လာခြင်းပင် ဖြစ်သည်။

 

ထိုသို့ အရည်အချင်း ညံ့ဖျင်းယုံသာမကသေး ဖြစ်ပျက် နေသည်များအား အမှန်ကို အမှန် အတိုင်း ရှုမြင် သုံးသပ် နိုင်စွမ်း ကင်းမဲ့ နေပြန်သည်။ ၎င်းတို့အားလုံးတွင်လည်း ခေါင်းဆောင် လုပ်နိုင်သည့်အရည်အချင်းရှိသူ တဦး တယောက်မျှပင် မရှိကြ၍ အချင်းချင်း ဝိုးတဝါး နှင့် တိုးတိုးတိတ်တိတ်သာ လက်တို့ ပြောဆိုကြသည့် အဆင့်တွင်သာ ရှိနေကြသည်။

 

မင်းအောင်လှိုင်၏ ခေါင်း‌ ဆောင်မှု အ‌ပေါ် မကျေမနပ် ဖြစ်နေကြသော်လည်း ၎င်းတို့အားလုံးသည် ခေတ် အဆက်ဆက် အခွင့်ထူးခံလာနိုင်ခဲ့သည့် အရပ်ရပ် နိုင်ငံရေး တန်ခိုး အာဏာကို လူထု ထံ အသာတကြည် လွှဲပြောင်းပေးရန်လည်း စိတ်ကူးထဲတွင် ပင် ထည့်ထားကြသူ များ မဟုတ်ပေ။

 

လက်ရှိတွင်တော့ ၎င်းတို့ သွေးရူးသွေးတမ်း ဖြစ်လာနေမှု များကို ဟန်ဆောင် ဖုံးဖိကာ ဘာမျှ မဖြစ်လေဟန် နိုင်ငံရေး အရ တန်ပြန် ထိုးစစ်ဆင်နိုင်ရန် ဆင်ဖမ်းမည် ကျားဖမ်းမည်ဟု စိတ်ကူး ပေါက်ရာ ချပြ ပြောဆိုနေကြသည်။

 

ယခုလည်း ဆင်ဖြူရှင် စစ်ဆင်‌ ရေး ဆိုကာ ဒေါန တောင်ကိုပင် ကျော်နိုင်စွမ်း မရှိ‌ သော စိုးဝင်းကို နောက်တကြိမ် ဦးဆောင်စေကာ ရှမ်းမြော့က်ဒေသရှိ ဆုံးရှုံး နယ်မြေများကို ပြန်လည် သိမ်းယူ နိုင်ရန် ကော်မတီ ဖွဲ့ပြီး ကြံစည်နေသည်ဟု သတင်းများအရ သိရသည်။

 

ယခုအခါ လူထု အကြား စားဝတ်နေရေး အထွေထွေ အကျပ်အတည်းကြီးများ နှင့် ရင်ဆိုင်လာနေရမှု များကို သက်သာလို သက်သာငြား ထိုသို့သော ရန်သူ လူတန်းစား အား အလျော့ပေးကာ ပြေလည်ရာ ပြေလည်ကြောင်း လုပ်လိုသည့် တော်လှန်ရေး အချောင်သမား ဝါဒ သည် ခေါင်းပြူထွက်စ ပြုလာနေသည်။ ၎င်းတို့ ထောင်ပေးမည် ဆို‌သော မဲပုံးကိုပင် မျက်စပစ်လာကြသည်။

 

တရုတ် အစိုးရသည်လည်း တဲတဲလေးသာ ကျန်တော့သော စစ်ကောင်စီ အား မလိုလားအပ်သည့် နန်းတွင်း အာဏာသိမ်းပွဲ မျိုး ဖြစ်လာပြီး ၎င်းတို့ အကျိူစီးပွား ကို ဆန့်ကျင်မည့် ဖက်သို့ ရောက်သွားနိုင်သည့် အရေး အား ဟန့်တားနိုင်ရန် ရွေးကောက်ပွဲ ဖြင့် ၎င်းတို့ အလိုကျ ကြိုးဆွဲရာ က မည့် အစိုးရ တရပ် ထွက်ပေါ်လာ‌ စေရေး အတွက် ပြောင်ပြောင်တင်းတင်းပင် စီမံလာနေချိန်လည်း ဖြစ်သည်။

 

သုံးနှစ်‌ ကျော် ကြာလာပြီးနောက် ပြည်သူ လူထု ကလည်း ၎င်းတို ဗိုက်ထဲ အူဘယ်နှစ်‌ ခွေ ရှိသည်ကအစ နောကြေ အောင် သိလာ‌ နေသည် နှင့် အမျှ မခံမရပ် နိုင် ဖြစ်လာသည့် အဆုံး ၎င်းတို့ အကြိုက် စကားကို ပြန်သုံးရလျှင် တံခါးကို တချက်ကလေး ခပ်ပြင်းပြင်း ဆောင့်ကန် ဖွင့်နိုင်ရန် စိုင်းပြင်းလာကြတော့မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!