ဟောင်ကောင် ထုတ် South China Morning Postသ တင်းစာပါ "Does China risk losing it all as it plays both sides in Myanmar’s lengthy civil war?" ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။
တရုတ်သည် မြန်မာ၏ အခြေခံ အဆောက်အအုံ မျ ဖြစ် သော ဆိပ်ကမ်း၊ မီးရထားလမ်း၊ ရေနံ နှင့် ဓါတ်ငွေ့ ကဏ္ဍများ တွင် အကြီးအကျယ် ရင်းနှီးမြုပ်နှံလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကတည်းက ဖြစ်သည်။
အထူးသဖြင့် ၎င်းတို့၏ ရေနံ တင်သွင်းမှု တွင် အဓိက အားထားနေရသည့် မလက္ကာ ရေလက်ကြားကို မှီခိုနေရမှု ကို လျော့ချနိုင်ပြီး မြန်မာဖက်ခြမ်းမှ အိန္ဓိယ သမုဒ္ဒရာသို့ တိုက်ရိုက် ဝင်ထွက်နိုင်ရန် ဆိုသည့် ရည်ရွယ်ချက် အတွက် မြန်မာသည် အရေးပါသော ကဏ္ဍ မှ ပါဝင်လာခဲ့သည်။
မြန်မာ၏ ပြည်တွင်းစစ်ပွဲ ကြီး ကြာရှည်လာသည် နှင့် အမျှ အကြမ်းဖက်မှု များ နှင့် မတည်မငြိမ် ဖြစ်လာသည့် အခါတွင်တော့ တရုတ်သည် ၎င်းတို့၏ ပထဝီ မဟာဗျူဟာ နှင့် အကျိုးစီးပွားများ အတွက် အဓိက ဖြန်ဖြေပေးမည့်သူ အဖြစ် ထွက်ပေါ်လာခဲ့သည်။
မကြာသေးမီက တရုတ်သည် သံတမန်ရေးအရ ပျားပန်းခပ်မျှ လှုပ်ရှားလာပြီး မြန်မာရှိ စစ်ခေါင်းဆောင် အသစ် ရော၊ အဟောင်းရောနှင့်ပါ တွေ့ဆုံလာသည်။
ယူကရိန်း နှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် တရုတ်သည် အကန့်အသတ် နှင့်သာ ပါဝင်ခဲ့သော်လည်း မြန်မာအရေး တွင်မူ လုံခြုံရေး အရ အရေးတကြီး စိုးရိမ်စရာ အနေအထားများ ရှိလာ၍ နက်နက် ရှိုင်းရှိုင်း ပါဝင် ပတ်သက်လာခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
အဓိက အားဖြင့် လားရှိုး ကို တော်လှန် ရေး မဟာမိတ် တပ်များ သိမ်းပိုက် နိုင်လိုက်ခြင်း ကြောင့် ပင် ဖြစ်သည်ဟု ဆိုသည်။ ယင်းသည် တော်လှန်ရေး အတွက် လွန်စွာ အရေးပါသည့် ဖြစ်စဉ်ကြီး လည်း ဖြစ်လာနေ၍ ပဋိပက္ခသည် ရှေ့လျောက် ကြီးထွားလာဖို့ ဖြစ်လာရသည်၊ တရုတ်သည် စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် ဩဇာ လွှမ်းမိုး နိုင်စွမ်း ရှိသည့် တခုတည်းသော နိုင်ငံလည်း ဖြစ်နေ၍ တရုတ်သည် ကြားဝင်ဖို့ အကောင်းဆုံ အနေအထား ရှိလာသည်။ မေးစရာ ရှိလာသည်က ဘယ်ပုံ ဘယ်နည်း လုပ်မည်နည်း ဆိုသည်ပင်။
တရုတ် အစိုးရသည် ၎င်းတို့ နယ်ခြား အနီး အပစ်အခတ် ရပ်စဲရန် နှစ်ဖက်စလုံးကို ဖိအားများ ပေးလာနေရာမှ ဇန်နဝါရီ တွင် သဘောတူညီချက် ထွက်ပေါ်လာခဲ့သည်။
ဝမ်ယီ၏ ဩဂုတ်လ ၁၄ ရက် နေပြည်တော် ခရီးစဉ် ကြောင့် မင်းအောင်လှိုင် သည် အာဏာသိမ်းပြီးချိန်ကစ၍ တရုတ် အစိုးရ အဆင့်မြင့်ဆုံး အရာရှိ ကြီး တဦး နှင့် တွေဆုံခွင့် ရလာခဲ့သည်။ ထိုမတိုင်မီ နှစ်ပတ်ခန့်က တရုတ် အထူး သံတမန် တိန်ရီချွန်း ရောက်လာခဲ့သည်၊ ပြီးခဲ့သည့် အပတ် အတွင်း တရုတ် သံ အမတ် အသစ် မာကျား ၏ ခန့်အပ်လွှာကို လက်ခံခဲ့သည်။
အင်္ဂါနေ့တွင် ဝမ်ယီသည် ဘီဂျင်းတွင် ကုလ အတွင်းရေးမှူးချုပ်၏ အထူး သံတမန် ဂျုလီ ဘစ်ရှော့ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြန်သည်၊ ကုလ၏ မြန်မာ အရေး အား နိုင်ငံရေး အရ အဖြေရှာမှု ကို အပြုသဘော ကဏ္ဍမှ ပါဝင်မှု ကို ထောက်ခံကြောင်း ဘစ်ရှော့အား ပြောခဲ့သည်။
တရုတ်သည် ထိုသို့ ပျားပန်းခပ် လှုပ်ရှားလာမှု သည် မင်းအောင်လှိုင် အတွက် ရွေးကောက်ပွဲသည်သာ တခုတည်းသော ထွက်ပေါက် အဖြစ် မြင်လာ၍ အခြေအနေများ တည်ငြိမ်မှု ရလာအောင် ကြိုးပမ်းပေးလာခြင်း ဖြစ်သည်ဟု ဝါရှင်တန် စတင်ဆန် စင်တာ မှ အရှေ့အာရှ ရေးရာ တာဝန်ခံ ယွန်ဆန် က ဆိုသည်။
စီးပွား ရေး အကျိုးအမြတ် အပြင် အထူးသဖြင့် ၎င်းတို့နှင့် နယ်နမိတ် ထိစပ်နေသော နိုင်ငံ တနိုင်ငံ တွင် စစ်ဖြစ်ပွားနေခြင်းကို မလိုလား၍လည်း ဖြစ်သည်။ သို့သော် စစ်တပ်ဖက်က အလျော့ပေး လိုက်လျောရန် ငြင်းဆိုနေ၍ ငြိမ်းချမ်းရေးသည် အလှမ်းဝေးနေဆဲပင် ဖြစ်သည်။
ဘီဂျင်းသည် မြန်မာ အာဏာပိုင်များအား ၁၉၈၀ ကျော်ကတည်းက အသက်ဆက်နိုင်အောင် ကူညီ ပေးလာခဲ့သည်။
ထို့အတွက် တရုတ်မှ ဝင်ရောက် စွက်ဖက်လာခြင်းအပေါ် မယုံကြည်မှု များ၊ သံသယများ ရှိလာသည့် အကျိုးဆက်များ နှင့် ရင်ဆိုင်လာရသည်။
လက်ရှိ မြန်မာ၏ အခြေအနေသည် အတော်လေး အရေးပါလာသည့် အပြင် ရှုပ်ထွေးလာနေသည်။ လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်လွှတ်ခဲ့ရမှု ကြောင့် စစ်တပ်၏ ရှေ့လျောက် လှုပ်ရှားလာမည့် အရှိန်အဟုန် နှင့် ၎င်းတို့ ဆက်လက် ရပ်တည်ပိုင့်ခွင့်ကိုပါ အဓိက စိန်ခေါ်မှု ကြီး ဖြစ်သွားရသည်ဟု ဘီဂျင်းရှိ တွေးခေါ်မျှော်မြင်ရေး အဖွဲ့ တိုင်ဟေး အင်စတီကျုမှ ယင် ယီယွန်းက ထောက်ပြလာခဲ့သည်။
တရုတ် အစိုးရသည် မင်းအောင်လှိုင်အား ယခုထိ တရားဝင် အသိအမှတ် ပြုခြင်းမျိုး မရှိသေးသော်လည်း အာဏာသိမ်းမှု ကို ရှုတ်ချရန် ငြင်းဆိုထားခဲ့ပြီး လက်နက်များ ဆက်၍ ထောက်ပံ့ပေးနေခဲ့သည်။
နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်၊ သမ္မတ ရှီကျင့်ပင်၏ နိုင်ငံခြားရေးရာ ထိတ်တန်း အကြံပေး ဖြစ်သူ ဝမ်ယီသည် ၎င်း၏ ခရီးစဉ် အပြီးတွင် အခြေအနေသည် " စိုးရိမ်စရာ ဖြစ်လာနေသည်" ဟု ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ် ဖြင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပြန်လည် စတင်ပြီး နိုင်ငံရေး အရ ရင်ကြားစေ့ရေး ကို ထောက်ခံကြောင်း ဝမ်ယီသည် ချင်းမိုင်တွင် ပြုလုပ်သည့် လန်ကန်-မဲခေါင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။
စစ်ကောင်စီ မီဒီယာ မှလည်း ဝမ်ယီ နှင့် မင်းအောင်လှိုင်သည် "လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ရွေးကောက်ပွဲ" ဖြစ်မြောကိရေး အား အမြင်ချင်း ပွင့်လင်းစွာ ဖလှယ်ခဲ့ကြသည်ဟု ဖေါ်ပြလာသည်။
တရုတ်သည် ၎င်းတို့၏ နယ်ခြားဖြတ်ကျော် ပိုက်လိုင်း အတွက် စိုးရိမ်မကင်း ဖြစ်လာ၍ "ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ" ရှိလာရန် ဝမ်ယီ၏ ကြေညာချက်တွင် ထည့်သွင်း ပြောဆိုလာခြင်း ဖြစ်သည်ဟု ဂျေဆန် တာဝါက ထောက်ပြခဲ့သည်။
စစ်ကောင်စီသည် ဇွန်လ ကုန်ပိုင်း နှင့် ဩဂုတ်လ အစောပိုင်း ကာလ များအတွင်း အရေးပါသည့် တရုတ်-မြန်မာ ကုန်သွယ်ရေး စင်္က်ြန်လမ်းမကြီး တလျောက် နယ်မြေ စတုရန်းမိုင် ၁၁,၅၇၃ လက်လွှတ်ခဲ့ရသည်ဟု လည်း ဆိုသည်။
လားရှိုး ကျသွားပြီးနောက်တွင် အင်အားချိန်ခွင်လျှာသည် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ ဖက် သိသိသာသာ ရောက်ရှိလာပြီ ဖြစ်၍ တရုတ်သည် ၎င်းတို့၏ နယ်ခြားတည်ငြိမ်ရေး နှင့် အကျိုးစီးပွားအတွက် စစ်ကောင်စီသည် အရေးပါသော နေရာတွင် မရှိတော့ဟုလည်း ပြောခဲ့သည်။
ထို့အတွက်လည်း ပဋိပက္ခ၏ လားရာ အပေါ် ဩဇာ လွှမ်းနိုင်ရန် ယခင်ကထက် ပို၍ ပတ်သက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဝမ်ယီသည် ၎င်းကိုယ်တိုင် နေပြည်တော်သို့ ပေါက်ချ လာခြင်းဖြင့် စစ်ကောင်စီသည်သာ မြန်မာ၏ အဓိက အာဏာပိုင် အဖွဲ့အစည်း ဟု ဘီဂျင်းက လက်ခံထားဆဲ ဖြစ်သည်ကို တော်လှန်ရေး အဖွဲ့များ နှင့် အိမ်နီးခြင်း နိုင်ငံများ အား ချပြလိုက်ခြင်းလည်း ဖြစ်သည်။
တရုတ် အစိုးရသည် လက်နက်ကိုင် အဖွဲ့များကို "ပြည်ပ" မှ ကူညီနေသည်ဟု မင်းအောင်လှိုင်၏ အပြောအပေါ် အတော်လေး စိတ်အနှောက်အယှက် ဖြစ်သွားခဲ့သည်။ ၎င်းတို့ ရှုံးနိမ့်ရခြင်း၏ အဓိက အကြောင်းသည် တရုတ်၏ စွက်ဖက်နေခြင်းကြောင့်ဟု မင်းအောင်လှိုင်က ဆိုလိုခြင်း ဖြစ်သည်။
တရုတ်သည် ပြည်တွင်းရေး ကို ဝင်မစွက် ဟူသော ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒ ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစိတ်တပိုင်း အဖြစ် စစ်ကောင်စီ ၏ အနေအထားကို ပြောင်းလဲပစ်ရန် အတင်းအကျပ် လုပ်၍ မရ ဖြစ်နေသည်။
တရုတ်သည် နိုင်ငံရေး နည်းဖြင့် အဖြေထွက်နိုင်ရန် ရွေးကောက်ပွဲ လမ်းကြောင်းကို ဂမူးရှူးထိုး ကြိုးပမ်းလာခြင်း ဖြစ်သည်၊ ထိုသို့ ဖြစ်မလာက ၎င်းတို့ ရင်းနှီးမြုပ်နှံထားသမျ သဲထဲရေသွန် ဖြစ်သွားပေတော့မည်။
ဝမ်ယီ၏ ခရီးစဉ် အပြီး တွင် အမေရိကန် အရာရှိများ နှင့် အမျိူးသား ညီညွတ်ရေး အစိုးရ တို့ အွန်လိုင်းမှ ဆွေးနွေးခဲ့ကြရာ ဝါရှင်တန်မှ ဒီမိုကရေစီ အင်အားစု များကို ဆက်လက်ထောက်ခံပြီး စစ်ကောင်စီအား ဖိအားများ တိုးပေးသွားမည်ဟု ကတိပြုလာခဲ့သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!