မြန်မာ နယ်စပ်တွင် တရုတ် ကြည်းတပ်-လေတပ် ပူးတွဲ ကင်းလှည့်၊ သပိတ်ကျင်းကို တော်လှန်ရေး တပ်များ သိမ်းပိုက်

by Hla Soewai - Aug 29 2024

စစ်ကောင်စီ တပ်များ နှင့် တော်လှန်ရေး တပ်များ အကြား တိုက်ပွဲများ ပြင်းထန်လာနေ၍ ဆိုကာ တရုတ် အစိုးရမှ မြေပြင် နှင့် ဝေဟင်အား ဩဂုတ် ၂၆ ရက်နေ့မှစ၍ ကင်းလှည့် စောင့်ကြပ်သွားမည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။

 

နယ်စပ်ဒေသ လုံခြုံရေး နှင့် တည်ငြိမ်မှု ရရှိရေး အတွက် ရွှေလီ၊ ရှင်ကန်း နှင့် ရှေ့တန်း ဒေသများကို ဦးစားပေး ကင်းလှည့် စောင့်ကြပ်သွားမည်ဟု ဆိုသည်။

 

အဓိက အားဖြင့် ကချင် နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလာနေ၍ တရုတ်၏ အခြေခံ အဆောက်အအုံ ပိုင်း ရင်းနှီး မြုပ်နှံထားသည့် စီမံကိန်းများ ခြိမ်းခြောက်ခံလာနေရ၍ ဖြစ်သည်။

 

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ တောင်ပိုင်း စစ်မျက်နှာ ကွပ်ကဲရေး ဌာနချုပ်မှ ၎င်းတို့တပ်များ၏ လျှင်မြန်စွာ လှုပ်ရှား ပိတ်ဆို့ ထိန်းချုပ် နိုင်မှု ကို စမ်းသပ်သွားရန် တပ်အင်အားကို စုစည်းလာခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ဩဂုတ် ၂၇-၂၉ အတွင်း တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်၏ အခြား တပ်ဖွဲ့တခုကလည်း ကျည်အစစ်များ သုံး၍ စစ်ရေး လေ့ကျင့်သွားမည်ဟု လည်း သီးခြား ကျေညာချက် ထုတ်ပြန်လာသည်။

 

တရုတ် စစ်တပ်၏ ပြောခွင့်ရ မှ မိမိတို့ နယ်ခြား လုံခြုံရေး အတွက် လွန်စွာစိုးရိမ် မကင်း စရာ ဖြစ်လာ၍ မြန်မာ ပြည်တွင်းစစ်မှ ထွက်ပေါ်လာနိုင်စရာ ရှိသည်များကို ကာကွယ် ဟန့်တားသွား ရေး အား အဓိက ပစ်မှတ် အဖြစ်ထားရှိ လုပ်ဆောင် သွားမည်ဟု ဆိုသည်။၊

 

၎င်းမှ ဆက်လက်၍ ပြောဆိုရာတွင် မြန်မာ ပြည်တွင်း ပဋိပက္ခကြောင့် မိမိတို့၏ ရင်းနှီးမြုပ်နှံမှု များ အန္တရာယ် ကျရောက်နေပြီး နယ်စပ်ဒေသ လုံခြုံမှသာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှု လုပ်ငန်းများ အာမခံ နိုင်မည်ဟု ပါရှိလာခဲ့သည်။

 

တရုတ် စစ်တပ်သည် ၁၉၇၉ ခုနှစ် ဗီယက်နမ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် နောက်ပိုင်း မြေပြင် တိုက်ပွဲ အတွေ့အကြုံ လုံးဝ မရှိ ဖြစ်နေသည်။

 

မြန်မာ ပြည်တွင်း ပဋိပက္ခကြောင့် တရုတ်-မြန်မာ နယ်ခြား ဒေသတွင် တည်ငြိမ်ရေး နှင့် လူမှု ရေး အနေအထား အပိုင်းတွင် ဆိုးကျိုးများ ဖြစ်ပေါ်လာနေသည်ဟု တရုတ်ဖက်က ပြောဆိုမှု များ ထွက်ပေါ်လာနေကြောင်း South China Morning Post တွင် ရေးသားထားသည်။

 

၁၀၂၇ တော်လှန်ရေး၏ ဒုတိယ လှိုင်းသည် မန္တလေး တိုင်း အတွင်းသို့ နက်ရှိုင်းစွာ ထိုး ဖောက် လာနေပြီ ဖြစ်သည်။

 

ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေး တပ်များသည် သပိတ်ကျင်း မြို့ကို ဩဂုတ် ၂၅ ရက်နေ့တွင် အပြီးအပိုင် သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။

 

ထို့အတွက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တော်လှန်ရေးအင်အားစုဘက်မှ စိုးမိုးနယ်မြေ ပိုကျယ်ပြန့်လာပြီး တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် စစ်ကောင်စီ ထိန်းချုပ်မြို့ ၄ မြို့သာ ကျန်သည့် ရှမ်းပြည်မြောက်ပိုင်းတို့ နယ်မြေတစ်ဆက်တည်း တည်ရှိသွားပြီ ဖြစ်သည် ဟု မြန်မာ နောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ စိုးမင်းသူကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ၎င်းတို့ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ မှ ဓါတ်ပုံများ နှင့် အတူ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

ရန်သူဖက်မှ ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၇၀ ကျော် ကြဲချခဲ့ပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့် ဗုံးသီး ၁၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ကြားမှ စစ်အင်အား ၄၀၀ ခန့် အထိုင်ချထားသည့် သပိတ်ကျင်းမြို့ကို သိမ်းယူ နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

တောင်ဖက်ရှိ စဉ့်ကူ နှင့် တကောင်းမြို့များကိုလည်း သိမ်းပိုက်ထားပြီး ဖြစ်သည်။

 

စစ်ကောင်စီသည် ယခုအခါ တရုတ်၏ စစ်ရေး အရ ခြိမ်းခြောက်လာမှု များ နှင့် အတူ တော်လှန်ရေး ပူးပေါင်း တပ်များ၏ တဟုန်ထိုး ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

လူထု ကလည်း မိမိတို့၏ ကောင်းကျိုး ချမ်းသာကို ဘာတခုမျှ မယ်မယ်ရရ ဆောင်ရွက် ပေးနိုင်ခြင်း မရှိဘဲ လက်နက် အားကိုး ဖြင့် တနေ့တခြား နိုင်ထက်စီးနင်း ပြုကျင့်လာမှု များကြောင့် ၎င်းတို့အား တရားဝင် အုပ်ချုပ်ပိုင်ခွင့် ရှိသူများ အဖြစ် လက်ခံ၍ မရအောင် ရွံရှာ မုန်းတီးသည်ထက် မုန်းတီး လာ‌ နေကြပြီ ဖြစ်သည်။

 

ထိုသို့‌ သော အခြေအနေများ ကြားတွင် မင်းအောင်လှိုင် နှင့် အဖွဲသည် တရုတ်၏ ဖိအားပေး ခြိမ်းခြောက်မှု ဒဏ်ကြောင့် မဲပုံးထောင်၍ လုပ်ဇာတ်ခင်းရန် ပြင်ဆင်နေကြရ ရှာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!