နိုင်ငံတကာ ရေးရာ မိတ်ဆက်(84)

by Hla Soewai - Aug 29 2024

လွတ်လပ်စွာ ကုန်သွယ်ရေး ဆိုသည်က ကုန်စည် နှင့် ဝန်ဆောင်မှု လုပ်ငန်းများသည် နယ်ခြားကို အလွယ်တကူ ဖြတ်ကျော်ပြီး "ပေါက်ဈေး" ဖြင့် ရောင်းချ နိုင်ခြင်းကို ဆိုလိုသည်။ ပေါက်ဈေး ဆိုရာတွင် ကုန်ထုတ်လုပ်မှု စရိတ်၊ သယ်ယူ ဖြတ်သန်းခ များ နှင့် အတူ ကုန်ထုတ်လုပ်သူ ရ လိုသည့် အမြတ်ငွေများ ကို ထည့်သွင်း ထားသည့် ဈေးနှုန်းပင် ဖြစ်သည်။

 

လွတ်လပ်စွာ ကုန်သွယ်ရေး ဆိုသည်နှင့် အဓိက ဆန့်ကျင်ဖက်သည် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒ ပင် ဖြစ်သည်။

 

ယင်းဝါဒ ဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု အား ပြည်ပမှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုနိုင်ရန် သွင်းကုန်များကို အခွန် အကောက်များ တိုးမြှင့်ပြီး ဟန့်တားလာခဲ့သည်။ ဤသို့ဖြင့် ကုန်သွယ်ရေး ပိုငွေ ပြလာပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒ အား လိုလိုလားလား ထွေးပွေ့လာကြသည်။

 

ယင်းဝါဒသည် ပြည်ပမှ အလားတူ လက်တုန့်ပြန်လာ‌အောင် ဖိတ်ခေါ်နေသလို ဖြစ်လာသည်။ ကုန်သွယ်ရေး ကို တိုးမြှင့်ပြီး စီးပွား စည်ပင် ဖွံ့ဖြိုးပြီး ငြိမ်းချမ်းရေး ရရှိ နိုင်မည့် အစီအမံများ အားလုံး ပျက်ပြားသွားစေခဲ့သည်။

 

လွတ်လပ်စွာ ကုန်သွယ်ရေး ဆိုသည့် စကားရပ်အား မျှတစွာ ကုန်သွယ်ရေး ဖြင့် အစားထိုးရန် အဆိုပြုလာသည့် ကာလများလည်း ရှိခဲ့ဖူးသည်။ မျှတသော စကားရပ် ကြောင့် အပေါ်ယံအားဖြင့် ကြည့်လျင် သဘော မကျ နိုင်စရာ အကြောင်း မရှိပေ။ သို့သော် မျှတမှု ဆိုသည်က တဖက်တည်းက လုပ်၍ မရဘဲ အခြား တဖက်ကလည်း အလားတူ တုန့်ပြန်ရန် လိုအပ်လာသည်။

 

မူအားဖြင့် ကျိုးကြောင်း ဆီလျော်မှု ရှိသော်လည်း ကုန်သွယ်ရေး ဥပ‌ဒေများ၊ တာဝန်ခံမှုများဖြင့် ညီညွတ်မှု ရှိနေသရွေ့ မျှတမှု ဆိုသည်က မလိုအပ်ပေ၊ တကယ်တမ်းတွင် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး၊ ကုန်သွယ်ရေးတွင် ပိုငွေ ပြရေး ဆိုသည်တို့ အတွက် အကာအကွယ် သဘော တီထွင်လာသည့် စကားရပ်သာ ဖြစ်သည်။

 

မလွတ်လပ်သော ကုန်သွယ်ရေး 

 

လွတ်လပ်စွာ ကုန်သွယ်ရေး အား ဟန့်တားထားသော အတားအဆီး များစွာ ရှိနေသည်။ သက်တမ်း အရင့်ဆုံး နှင့် အများဆုံး အသုံးပြုနေသည်က သွင်းကုန်များ အပေါ် အခွန် စည်းကြပ်မှု ဆိုသည့် လက်နက် ပင် ဖြစ်သည်။ ထိုလက်နက်ဖြင့် နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို ဈေးနှုန်း မြှင့်တက်သွားအောင် လုပ်ပေးလိုက်ခြင်း ဖြစ်သည်။

 

စည်းကြပ်ခွန်ကို ကုန်ပစ္စည်း တင်သွင်းသော နိုင်ငံက ပေးဆောင်ရခြင်း မရှိ၊ သွင်းကုန် လုပ်ငန်းရှင်များက "အခွန်" ဆိုသည်ကို ၎င်းတို့အစိုးရများထံ တိုက်ရိုက် ပေးဆောင်ကြရပြီး ပေးဆောင်ရသော ပမာဏ ကိုလည်း ဝယ်ယူ သူ များထံ ထပ်ဆောင်းပေးလိုက်ကြသည်။ ထိုအတွက် ကုန်ပစ္စည်းများသည် ဈေးကြီးလာပြီး ပြည်တွင်းဈေးကွက် တွင် ယှဉ်ပြိုင်နိုင်စွမ်း အားပျော့သွားရသည်။

 

စည်းကြပ်ခွန် အကောက်ခံ ထိသော ကုန်စည်များ ကြောင့် ပြည်ပ ပို့ကုန် ပမာဏ နှင့် အကျိုးအမြတ်များလည်း ထိခိုက်သွားဖွယ် ရှိသည်။ စည်းကြပ်ခွန်ကြောင့် ကုန်ပစ္စည်းများ ဈေးတင်ရောင်းရသဖြင့် ဝယ်ယူ စားသုံးသူများ လက်တွန့်သွားစေခဲ့သည်။ ၎င်းတို့အဖို့ အလားတူ ကုန်ပစ္စည်းများကို ဈေးသက်သက်သာသာ နှင့် ဝယ်နိုင်မည့် ဖက်သို့ လှည့်လာကြသည်။ ပြည်တွင်း ဖြစ် သို့မဟုတ် အခြား နိုင်ငံတ နိုင်ငံ မှ ထုတ်လုပ်သော အလားတူ ပစ္စည်းများကို ရှာဖွေလာပြီး၊ မ ရ က မဝယ်တော့ရန် ဆုံးဖြတ်လာကြသည်။

 

အကောက်ခွန် စည်းကြပ်လာရမှု တွင် အကြောင်းများစွာ ရှိနေသည်။ ပထမ အကြောင်းမှ ပြည်ပ မှ ယှဉ်ပြိုင်လာမှု ကို တောင့်ခံမထားနိုင်မည့် ကုမ္ပဏီများကို အကာအကွယ်‌ ပေးနိုင်ရန်၊ ဒုတိယ အကြောင်းမှာ မိမိတို့ ကုန်ပစ္စည်းများကို အခွန် စည်းကြပ်လာသည့် နိုင်ငံများကို လက်တုန့်ပြန်နိုင်ရန်၊ တတိယ ကုန်သွယ်ရေး စာရင်းရှင်းတမ်း တွင် အပြောင်းအလဲများ ဖေါ်ဆောင်နိုင်ရန်၊ နောက်ဆုံး အချက် အဖြစ် ကုန်သွယ်ရေး နှင့် မသက်ဆိုင်သော်လည်း ၎င်းတို့ မနှစ်သက်သည့် မူဝါဒ များ စွဲကိုင် ကျင့်သုံးနေသည့် နိုင်ငံတနိုင်ငံ အား ဒဏ်ခတ် ပိတ်ဆို့ ထားရန် တို့ ဖြစ်သည်။

 

သွင်းကုန်စည်းကြပ်လာမှု သည် ၁၉၃၀ ကျော် နှစ်များ အတွင်း စမု-ဟောလေ ဥပဒေ ပြဋ္ဌာန်း လာခဲ့ချိန်ကစ၍ အမေရိကန် တို့ စိတ်ကြိုက် အသုံးချ လာခဲ့သည်။ ထရန့် လက်ထက် ရောက်လာသည့် ၂၀၁၇ တွင်တော့ လုပ်ရိုးလုပ်စဉ် လို ဖြစ်လာသည်။

 

အန္တရာယ် ရှိလာသည်က သွင်းကုန်များ အား အခွန်စည်းကြပ်လာမှုကြောင့် ဈေးနှုန်းများ မြင့်တက်လာပြီး၊ ကုန်သွယ်ရေး ပမာဏလည်း ကျဆင်းသွားခြင်းပင် ဖြစ်သည်။ ယင်းနှင့် အတူ စီးပွားရေး တိုးတက်မှု နှေးကွေးသွားပြီး နိုင်ငံတကာ ဆက်ဆံရေး တွင်လည်း အဆိပ်အတောက် ဖြစ်လာရသည်။

 

ထို့အပြင် အခွန်စည်းကြပ်ခြင်း မရှိသော်လည်း နိုင်ငံ တနိုင်ငံ မှ ထုတ်လုပ်‌ သော ကုန်ပစ္စည်းများ အခြား နိုင်ငံ တနိုင်ငံသို့ ရောက်ဖို့ ခက်ခဲသွား‌ စေသည့်အခြား အရံအတား များလည်း ရှိနေပြန်သည်။ ဥရောပ သည် မျိုးရိုးဗီဇ ပြောင်းထားသည့် စားကုန်များ တင်သွင်း မှု ကို ပိတ်ပင်ထားသည်။ ဂျပန် သည် သတ္တု ဖြင့် လုပ်‌ထားသော ဘေ့စ်ဘော ရိုက်တံများကို အန္တရာယ် ရှိနိုင်သည်ဟု အခြေအမြစ် မရှိလှသည့် အကြောင်းပြချက် နှင့် တင်သွင်းခွင့် ပိတ်ပင်ထားသည်။

 

ဗျူရိုကရေစီ ကြိုးနီ စနစ်များ ကြောင့်လည်း တင်သွင်းသော ကုန်ပစ္စည်းများ လိုရာသို့ မရောက်ဘဲ ကြန့်ကြာမှု များ ရှိလာပြန်သည်။

 

ထို့ပြင် အပြီးသတ် ထွက်ရှိလာ‌ သော ကုန်ချော ပစ္စည်း တခု တွင် ပြည်တွင်း ထွက် မည်မျှ ရာခိုင်နှုန်းအထိ ပါဝင်ရမည်ဟု သတ်မှတ်ထားမှု များလည်း ရှိ‌နေ တတ်သည်။ သွင်းကုန် စည်းကြပ်ခြင်းမျိုး မရှိသော်လည်း ကုန်ပစ္စည်း တခုသည် ပြည်တွင်း ဈေးကွက်သို့ ရောက်ရှိရမည့် ပမာဏ ကို ကန့်သတ်ပေးထားခြင်းမျိုးလည်း ရှိနေသည်။

 

ထိုအတွက် ဝယ်ယူ စားသုံးသူ များ အဖို့ ဈေးကြီး ပေး၍ ဝယ်ယူရခြင်း၊ သို့တည်းမဟုတ် အရည်အသွေး ညံ့ဖျင်းသော ပစ္စည်းမျိုး ကိုသာ မျက်စိမှိတ် ဝယ်ယူရခြင်း တို့ နှင့် ကြုံ‌ တွေ့လာရသည်။

 

ကုန် တင်ပို့သော နိုင်ငံများသည် ထိုသို့သော အခက်အခဲများ နှင့် ကြုံရမှန်း သိသော်လည်း ၎င်းတို့ ပစ္စည်း များ ရောင်းချခွင့် မရသည်ထက် စာလျင် တော်သေးသည် ‌ဆိုကာ တင်ပို့နေကြရသည်။ တဖက်တွင်လည်း ၎င်းတို့ နိုင်ငံများသို့ တင်သွင်းလာသည်များကိုလည်း အလားတူ လက်တုန့်ပြန်လာတတ်ကြသည်။

 

ထိုသို့သော အနေအထားများ ကြောင့် အားလုံးလိုလို ဆုံးရှူံးမှု များ နှင့် ရင်ဆိုင်ကြရပေတော့သည်။