ဗိုလ်ချုပ်ကြီးများ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အား ပယ်ချခဲ့ကြခြင်းသည် မျက်မွှေး တဆုံးသာ ကြည့်တတ်ခြင်း နှင့် ကိုယ်တပ်ကို ကိုယ် ပြန်နင်းသော လုပ်ရပ် အဖြစ် ဟု The Economist မဂ္ဂဇင်းကြီး၏ အယ်ဒီတာ အာဘော်တွင် ယခုလို ရေးသားခဲ့သည်။
မိမိတို့ တွင် ကြီးမားသော အာဏာ နှင့် အတူ မည်သည့် တာဝန်ယူမှု မှ မရှိသော အဖွဲ့အစည်းကို ညွှန်ပြပါဆိုလျှင် မြန်မာ ပြည်ရှိ စစ်တပ်ကိုသာ ပြဆိုရပေတော့မည်။ သီအိုရီ အရ တိုင်းပြည်ကို အရပ်ဖက်မှ အုပ်ချုပ်နေသော်လည်း တပ်မတော်ကမူ ၎င်းတို့၏ အရေးရာ များ ကို ၎င်းတို့ဖာသာ စီမံခန့်ခွဲနေကြသည်။ အကြီးအကဲ ဖြစ်သူသည်လည်း ၎င်းဖာသာ ၎င်း ရာထူးခန့်၍ အုပ်ချုပ်နေယုံမက ကာကွယ်ရေး ဝန်ကြီးကိုပင် ခန့်ထားနိုင်ပြန်သည်။ ထိုမျှမကသေး ပြည်ထဲရေး နှင့် နယ်ခြားလုံခြုံရေး ဝန်ကြီးကိုပါ ရွေးချယ် ခန့်အပ်နိုင်ပြန်သည်။ ထို့အတွက် ရဲအဖွဲ့၊ ထောက်လှမ်းရေး နှင့် နယ်ခြားစောင့်တပ်ဖွဲ့များသည် သူ၏ ထိန်းချုပ်မှု အောက်တွင် ရှိလာရပေသည်။
ထိုအဖြစ်သည် နိုင်ငံရေး သမားများ အဖို့ လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်လာမည်မှာလည်း သဘာဝ ကျပေသည်။ သူတို့ လုပ်နိုင်သည်များက မည်ကာမတ္တ မျှသာ ရှိနေသည်။ စစ်တပ်မှ နိုင်ငံ နှင့် ပြည်နယ်တိုင်း အဆင့် လွှတ်တော်များတွင် နေရာ လေးပုံတပုံ အတွက် တပ်ကိုယ်စားလှယ်များကိုလည်း ရွေးချယ် ခန့်ထားခွင့် ရှိနေပြန်သည်။ ဤအရေအတွက်သည် ဖွဲ့စည်းပုံ အား ပြုပြင်ပြောင်းလဲမှု မှန်သမျှ နှင့် ကိုယ်ရိုးကားရား နိုင်လှသည့် အပိုဒ်များကို ပြင်ဆင်ရန် ၌ ဗီတို အာဏာသုံး ပယ်ချရန် လုံလောက်သည့် ပမာဏ လည်း ဖြစ်သည်။
မတ်လ ၁၀ ရက်နေ့တွင်ကား စစ်တပ်မှ ရွေးချယ်စေလွှတ်လိုက်သူများသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရမှ တင်ပြလာသည့် ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်မှု များကို ဖျက်လိုဖျက်ဆီး လုပ်ပြလိုက် ကြတော့သည်။ ထိုအဆိုပြုချက်များထဲမှာ လွှတ်တော်တွင် စစ်တပ် ပါဝင်နေမှု အတိုင်းအတာ ကို တဖြေးဖြေးချင်း လျော့ချသွားရန်လည်း ပါဝင်ခဲ့သည်။
ထိုသို့ ဖျက်လို ဖျက်ဆီး လုပ်ခဲ့ကြသည်မှာ အံ့ဩစရာ မဟုတ်သော်လည်း အမှားတခု ကျူးလွန်လိုက်ကြခြင်းသာ ဖြစ်သည်။ စစ်တပ်သည် ၂၀၁၆ ခုနှစ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထံ အာဏာ လွှဲပြောင်း မပေးမီကပင် ၎င်းတို့၏ ဖွဲ့စည်းတည်ဆောက်ပုံကို နှစ်ပေါင်း ၁၃ နှစ်လုံးလုံး စနစ်တကျ အခိုင်အမာ ပြုလုပ်ထားခဲ့ပြီးလည်း ဖြစ်သည်။ ထိုသို့ တည်ဆောက်ထားခြင်းသည် နားလည်ရန် ခက်ခဲပြီး သိုသိပ်လှသောကြောင့် ၎င်းတို့၏ ရည်ရွယ်ချက် အစစ်အမှန်ကို အတိအကျ သိနိုင်ရန် ခဲယဉ်းနေရသည်။
သို့သော် ဗိုလ်ချုပ်ကြီးများက မြန်မာအား ခေတ်မှီပြီး နိုင်ငံတကာ တွင် လေးစားခံရအောင် ပြုလုပ်လိုစိတ်တော့ ရှိပုံရပေသည်။ သို့မှသာ အနောက် နှင့် ဆက်ဆံရေး ကောင်မွန်လာအောင် ပြုလုပ်နိုင်မည်လည်း ဖြစ်သည်။ တချိန်တည်းမှာပင် တရုတ် အပေါ် စီးပွားရေး နှင့် သံတမန်ရေးအရ မှီခိုနေရမှု အားလည်း လျော့ချပြစ်နိုင်ပေသည်။
ထို့အတွက် ခက်ခဲလှသော တိုင်းပြည်အုပ်ချုပ်ရေး တာဝန်များကို လက်လွှဲပေးလိုက်ရသည်ကိုပင် ကျေနပ် နေကြပုံ ရှိသည်။ သို့သော် သူတို့အဖို့ အထက်တွင် ရောက်နေသော အနေအထားနှင့် အတိတ်က လုပ်ရပ်များ အပေါ် မည်သူမျှ မေးခွန်းထုတ် မလာနိုင်ရန် အသေအချာ စီမံခဲ့ပြန်သည်။ မြန်မာ့ ဒီမိုကရေစီ ရင့်ကျက်လာသည်နှင့် အမျှ အစိုးရ လုပ်ငန်းများ မှ ဝေးဝေး နေချင်သည်ဟု စစ်တပ်အကြီးအကဲများမှ တသမတ်တည်း ပြောဆိုနေကြပြန်သည်။
သို့သော် ပြဿနာ ဖြစ်လာရသည်ကား စစ်တပ်၏ မွန်းကြပ်လှသော ဩဇာအာဏာအောက်တွင် မြန်မာ ဒီမိုကရေစီအား ရင့်ကျက်မလာအောင် တားဆီးပိတ်ဆို့နေသလို ဖြစ်လာခဲ့ရခြင်းပင်။ ထိုအစား NLD နှင့် စစ်တပ်သည် မိမိတို့ကသာ ပို၍ မျိုးချစ်စိတ်ရှိပြီး မြန်မာ ဗုဒ္ဓဘာသာ လူများစု နှင့် ပို၍လည်း နီးစပ်မှု ရှိနေသည်ဟု တဖွဲ့နှင့် တဖွဲ့ ယှဉ်ပြိုင်လာနေကြရင်းက တဦး၏ ပျက်စီးရာ ပျက်စီးကြောင်းကို လုပ်လာခဲ့ကြသည်။
ဤသို့ဖြင့် စစ်တပ်သည် “ရိုဟင်ဂျာ” ဆိုသူ မူဆလင် လူနည်းစုများအား သတ်ဖြတ်ပွဲကြီး လုပ်လာကြသည့် အခါတွင်တော့ အစိုးရ အနေဖြင့် ၎င်းတို့၏ လူမဆန်သော ရာဇဝတ်မှုများ အပေါ် ဖုံးဖုံးဖိဖိ လုပ်ပေးရန် တာဝန် ရှိသည်ဟု ခံယူလာခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ရင်ကြားစေ့ရေး အား သူမ အစိုးရ၏ အဓိက ပန်းတိုင် အဖြစ် ကြေငြာလာသည့် အခါ စစ်တပ်သည် အခြားသော လူနည်းစုများနှင့် ပဋိပက္ခ များ ဖြစ်အောင် ဆွပေးလာပြီး ဖျက်လိုဖျက်ဆီး လုပ်ရန် ကြံဆောင်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီခြင်းဖြင့် ၎င်းတို့ ရည်ရွယ်ထားသလို နိုင်ငံ နှင့် စစ်တပ်၏ ပုံရိပ်ကောင်းလာရန် ပြုလုပ်ရမည့် အစား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံ၏ပုံရိပ်ကို ဆိုးရွားသွားအောင် ဖန်တီးလာနေခဲ့ကြသည်။ အနောက်နိုင်ငံ မှ ရင်းနှီးမြုပ်နှံသူများလည်း တိုင်းပြည်မှ စွန့်ခွာသွားခဲ့ကြပြီး နောက်တကြိမ် တရုတ် အပေါ် တိုး၍ မှီခိုလာခဲ့ကြရပြန်သည်။ ဤသည်က စစ်တပ် ရည်ရွယ်ခဲ့သည်နှင့် ပြောင်းပြန် ဖြစ်လာခဲ့ရသည်။
ထိုအခြေအနေမျိုးတွင် နိုင်ငံ၏ ပုံရိပ်ကောင်းလာစေရန် စစ်တပ်အား အရပ်ဖက်မှ လွှမ်းမိုးမှု ရှိသည့် ပုံစံ ကို ပိုမို ဖန်တီးပေးခြင်းသည်သာ အစ ကောင်း ဖြစ်ပေမည်။ ဥပမာ အားဖြင့် စစ်တပ်သည် လုံခြုံရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများကို စွန့်လွှတ်ပေးခြင်း၊ သို့မဟုတ် အရေးပေါ် အခြေအနေ ကြေငြာရန် အာဏာလွှဲအပ်ထားသည့် အစိုးရ အထူး ကော်မတီ တွင် မဲပေးနိုင်ခွင့် အာဏာကို စွန့်လွှတ်ပေးခြင်းမျိုး ဖြစ်သည်။ ဤသည်က လည်း တကယ်တမ်းတွင် မည်ကာမတ္တ မျှသာဖြစ်ပြီး ၎င်းတို့အား ခြိမ်းခြောက်လာလျှင် စစ်တပ်သည် နောက်ထပ် အာဏာ သိမ်းရန် လက်တွန့်မည့်သူများ မဟုတ်သည်ကို ဒေါ်အောင်ဆန်းစုကြည်သည်လည်း ကြိမ်းသေ သဘောပေါက်နေမည်သာ ဖြစ်သည်။
သို့သော် အချိန်ကြာလာသည်နှင့် အမျှ ထွက်ပေါ်လာသော စည်းမျဉ်း စည်းကမ်းများသည် သိမ်မွေ့စွာ ကွဲလွဲနေမှုများမှ အဖွဲ့အစည်းတရပ်၏ စံတရပ် အဖြစ် ပေါ်ပေါက်လာမည်သာ ဖြစ်သည်။ အရပ်သား အစိုးရ အနေဖြင့် လုံခြုံရေးရာ များ အပေါ် ထိန်းချုပ်မှု ရလာခဲ့လျှင် စစ်တပ်အနေဖြင့်လည်း မဖြစ်မနေ နိုင်ငံအတွင်းရှိ လူမျိုးစုများနှင့် ဘာသာရေး လူနည်းစုများ အပေါ် မည်သို့ ချွေးသိပ်ပေးနိုင်မည်ကို ပို၍ စဉ်းစားလာရတော့မည် ဖြစ်သည်။ ဤသို့ဖြင့် တိုင်းပြည်သည်လည်း ပို၍ ငြိမ်းချမ်းလာကာ စည်းလုံးညီညွတ်လာမည်လည်း ဖြစ်သည်။ (အနည်းဆုံးတော့ မူဆလင် လူနည်းစုများ အပေါ် ကျူးလွန်ခဲ့မှုမျိုး ထပ်မံ မဖြစ်ပေါ်အောင် ရှောင်ရှားနိုင်ပေမည်)
စစ်တပ်သည် မုန်ယိုနေသူများ မဟုတ်ဟု အတွေးအမြင်များ ဖြစ်ပေါ်လာနိုင်သဖြင့် အနောက်တိုင်း ရင်းနှီးမြုပ်နှံသူများကို ပြန်လည် သိမ်းသွင်းနိုင်ဦးမည်လည်း ဖြစ်သည်။ ဤသို့ဖြင့် တိုင်းပြည် ဖွံ့ဖြိုးရေး နှင့် ပြန်လည် ထူထောင်ရေး တို့ ဖက်တွင် အရှိန်အဟုန် မြင့်တက်လာမည် ဖြစ်သည်။
ထိုသို့ မဟုတ်ပါက စစ်တပ်နှင့် ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားနေသူများ အကြား ယခင် ကဲ့သို့ ကမ္ဘာရန် ဘဝ ပြန်ရောက်သွားပေတော့မည်။ အဆိုပါ ရန်ညှိုးရန်စများသည် ၁၉၉၀ ရွေးကောက်ပွဲ အပြီး NLD ကို အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့ချိန်မှစ၍ တနည်းမဟုတ် တနည်း တိုင်းပြည်ကို လောင်မြိုက်နေခဲ့ပြီးလည်း ဖြစ်သည်။
ထိုအဖြစ်ကို မည်သည့်ဖက်ကမှ မလိုလားသလို မြန်မာပြည်သူများကလည်း လိုလားကြမည် မဟုတ်ပေ။
(၂၀၂၀ မတ်လ ၁၀ ရက်နေ့ ထုတ် The Economist ၏ “General myopia: Why Myanmar’s army is wrong to reject limits on its power” အာဘော်ကို ပြန်ဆိုသည်)